ဘယာကြော်

 ဘယာကြော်



ဘယာကြော်ကတော့ ဟင်းချက်နည်းရေးတဲ့သူတွေလည်း တော်တော်များများရေးထားကြပြီးသားပါ။ ဒီနေ့ ဆုမြတ်အဆင်မပြေခဲ့တာလေးတွေပါ ထည့်ရေးချင်လို့ ဒီစာလေးရေးဖြစ်သွားတာပါ။ ဆုမြတ်အတွက်ကတော့ ဘယာကြော်ရှိတယ်လို့ ပြောလိုက်တာနဲ့ တနေကုန်ထမင်းမစားပဲလဲ စားနိုင်တယ်။ နေ့တိုင်းလဲစားနိုင်တယ်။ ဟီး အဲ့လောက်ကြိုက်တယ် ပြောပါတယ်။
စစချင်းဘယာကြော်စားမယ်ဆိုပြီး ဝယ်လိုက်တုန်းက ၃၊ ၄ထုပ်လောက်ဝယ်လာလိုက်တယ်။ တကယ်လည်းကြော်ရော မတူပါဘူးလို့ထင်နေတာ မတ်ပဲနဲ့ ကုလားပဲမှားပြီး ဝယ်လာမိတာမှန်းသိသွားတယ်။ သေချာမကြည့်မိတာပေါ့နော်။ ဘယာကြော်မိတာနဲ့ ဆွဲလာမိတာကိုး။
ဒုတိယအခေါက် မတ်ပဲဘယာကြော်မှုန့် ဝယ်ပြီးညီအစ်မ၂ယောက် စကြော်တဲ့နေ့ရောက်ရော တိုင်ပတ်တာပဲ။ တခါမှလဲ ကြော်ဖူးတာမဟုတ်တော့။ အထုပ်မှာရေးထားတဲ့ ဆတူထည့်ပါဆိုတာကို ဂရမ်ဆတူထည့်ပါလို့ မသိပဲနဲ့ ထမင်းချက်တဲ့ခွက်နဲ့ ချင့်လိုက်တယ်။ အဲ့အချိန်အတိုင်း ရေကိုထည့်လိုက်တယ်။ ငှက်ပျော်သီးမရှိလို့ မထည့်လိုက်ဘူး။ ကြက်သွန်ကို နုပ်နုပ်စင်းပြီးထည့်တယ်။ ကြော်လိုက်တယ်။ ရေများသွားတယ် ထင်ပါတယ်။ အကွင်းလေးတွေ လုပ်လို့မရဘူး။ စားလို့တော့ အိတယ်။ ချိုချိုလေးတော့ မထွက်ဘူး။
တတိယအခေါက် ညီမလေးက သူ့ဘာသာထွင်လိုက်တယ်။ ကြက်ဥထည့်ပြီးကြော်မယ်ဆိုပြီး ရေနည်းနည်းပဲထည့်ပြီး ကြော်ကြည့်တယ်။ အကွင်းဖြစ်တယ်။ စားရတာ မာတောင်ဂလောင် နေတာပဲ။
နောက်တစ်ခေါက် ဘယာကြော်အမှုန့်ကို ၁၅ဂရမ်ဆိုရင် ရေ ၁၅ဂရမ်ထည့်ပြီးကြော်တယ်။ ငှက်ပျော်သီးထည့်တယ်။ အရသာတွေထည့်တယ်။ ခနနှပ်ပြီး ကြော်လိုက်တယ်။ အကွင်းဖြစ်တယ်။ စားရတာလဲ အိတယ်။ အရသာလဲ ချိုချိုလေး။
နောက်ဆုံးတစ်ခေါက်ကိုတော့ အထက်ကအတိုင်းပဲ ထည့်တယ်။ နှပ်တာကိုတော့ တညလောက်ကြိုနှပ်လိုက်တယ်။ ပိုစားကောင်းသွားတယ်။ ပိုလဲကြွပ်တယ်။ ဒီတစ်ခေါက်တော့ ငရုတ်သီးလေးတွေ၊ နံနံပင်လေးတွေ ထည့်ပြီးကြော်လိုက်တယ်။ အောင်မြင်တယ်ပေါ့။
ကဲ စာဖတ်ရတာလဲ မောရောပေါ့။ ဆုမြတ်နောက်ဆုံးကြော်ကြည့်တဲ့နည်းလေး ရေးပေးလိုက်ပြီနော်….

ပါဝင်ပစ္စည်းများ
..............................
မွှေးမတ်ပဲဘယာကြော်မှုန့် ၁၅ဂရမ်
ရေ ၁၅ဂရမ်
ဆား အနည်းငယ်
Dashiရေညှိမှုန့် အနည်းငယ်
ကြက်သွန်နီ အကြီး၁လုံး (နုပ်နုပ်စင်း)
ငှက်ပျော်သီး ၁လုံး
ငရုတ်သီးစိမ်း ၂၊ ၃တောင့်
နံနံပင် အနည်းငယ်
ဆီ ကြော်ရန်
ပြုလုပ်နည်းအဆင့်ဆင့်
.................................
၁။ ဘယာကြော်မှုန့်၊ ရေ၊ ဆား၊ ရေညှိမှုန့်၊ ကြက်သွန်နီ နုပ်နုပ်စင်း၊ ငှက်ပျော်သီးတို့ကို ရောနယ်ပြီး တညရေခဲသေတ္တာထဲမှာ နှပ်ထားပါ။ မနက်ကြော်မယ့်အချိန်ရောက်မှ မုန့်နှစ်ကို တစ်ဝက်ခွဲလိုက်ပြီး ကျန်တစ်ဝက်ထဲကိုမှ ငရုတ်သီးစိမ်းပါးပါးလှီးနဲ့ နံနံပင်ပါးပါးလှီးတို့ကို ထည့်ပြီးနယ်ထားပါ။
၂။ ဒယ်အိုးထဲကို ဆီများများထည့်ပါ။ မုန့်နှစ်ကို လက်ပေါ်တင် အပြားလေးလုပ်၊ အပေါက်လေးဖောက်ပြီး ကြော်ပါ။ အနီရောင်သမ်းလာပြီဆိုရင် ဆယ်လို့ရပါပြီ။
၃။ တို့စားဖို့အချဉ်အတွက်ကတော့ မန်ကျဉ်းသီးအနှစ်၊ ရေညှိအမှုန့်၊ ဆား၊ ကြက်သွန်နီပါးပါးလှီး၊ ငရုတ်သီးစိမ်းပါးပါးလှီး၊ ငံပြာရည်လေးနည်းနည်း၊ ရေနွေးလေးနဲ့ သေချာလေးမွှေပါ။ ကြော်ထားတဲ့ ဘယာကြော်လေးနဲ့ တို့စားလို့ရပါပြီ။ ဆုမြတ်ကတော့ ထမင်းဆီဆမ်းလေးကို ဘယာကြော်လေး၊ အချဉ်လေးတို့ပြီးစားရတာ ပိုကြိုက်ပါတယ်။ ဆီတိုဟူးလေးပါပါရင် ပိုကြိုက်တာပေါ့။

Comments