ဘီယာ (Beer)

 ဘီယာ (Beer)

မိတ်ဆက်

ဘီယာ (Beer)ကတော့ ကမ္ဘာပေါ်မှာ လူသောက်အများဆုံး အဖျော်ယမကာတွေထဲကတစ်ခုဖြစ်ပြီး ရှေးခေတ်များကတည်းက သောက်သုံးလာတဲ့ အဖျော်ယမကာတစ်မျိုးလို့လည်း သတ်မှတ်လို့ရပါတယ်။ အဖျော်ယမကာထဲမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထည့်ထားသော်လည်းကောင်း၊ မထည့်ထားသော်လည်းကောင်း အရက်အနည်းငယ်ပါသော အဖျော်ယမကာ (carbonated or noncarbonated mildly alcoholic beverages) အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဘီယာထဲမှာ အရက် (Alcohol) ၄% ကနေ ၆% လောက်ထိ ပါဝင်ပါတယ်။ ဘီယာထုတ်လုပ်ခြင်းနည်းစဉ်တွေကို နှပ်ခြင်းလို့ခေါ်ပါတယ်။ နှပ်ခြင်းကို ယေဘူယျနည်းအရ ပြောရမယ်ဆိုရင် အပင်တွေထဲက အစိတ်အပိုင်းတွေ၊ ပစ္စည်းတွေကို ရေပူသုံးပြီး ဆွဲထုတ်ခြင်းနည်းကိုခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် ကော်ဖီဖျော်တာ၊ လက်ဖက်ရည်ဖျော်တာတွေကိုလည်း နှပ်ခြင်းလို့ခေါ်ပါတယ်။ ဘီယာနှပ်ခြင်းဆိုတာက မုယော အပင်ပေါက်၊ ဂျုံ၊ စပါး၊ ပြောင်းပင်ပေါက်တွေစတဲ့ အစေ့အဆန်တွေရဲ့ ကစီဓာတ်တွေကို အချဉ်ဖောက်ခြင်းနည်းစဉ်ဖြစ်ပါတယ်။ ဘီယာနှပ်ခြင်းက နှစ်ပေါင်း ၆ဝဝဝ ကျော်လောက် က စတင်ခဲ့တာဖြစ်ပြီးတော့ ယနေ့ခေတ် အသုံးပြုနေတဲ့ထုတ်လုပ်ခြင်း နည်းစဉ်တွေနဲ့ တူညီကြပါတယ်။

ဘီယာကို ကောက်ပဲသီးနှံတွေစတင်ပြီး စိုက်ပျိုးနေတဲ့အချိန် 9500 BC လောက်ကတည်းက စတင်သောက်သုံးလာပါတယ်လို့ ရှေးခေတ်အီဂျစ်တွေရဲ့ သမိုင်းကြောင်း ရေးသားထားတဲ့ စာတွေအရ သိရှိရပါတယ်။ ရှေးခေတ်အီဂျစ်များ ပိရိမစ်ကြီးတွေ ဆောက်လုပ်တဲ့အချိန်တုန်းက အလုပ်သမားတွေကို အာဟာရဓာတ်အတွက်ရော လန်းလန်းဆန်းဆန်း အလုပ်လုပ်နိုင်အောင်အတွက်ပါ ဘီယာတစ်နေ့ကို လေးလီတာကနေ ငါးလီတာလောက်ထိ တိုက်တယ်လို့ သိရပါတယ်။ ဥရောပမှာ ရှေးတုန်းက သောက်သုံးခဲ့တဲ့ ဘီယာထုတ်လုပ်နည်းကတော့ ယနေ့ခေတ်ထုတ်လုပ်နည်းတွေနဲ့ မတူပါဘူး။ ရှေးခေတ်ဥရောပမှာတော့ ဘီယာထဲကို ပျားရည်၊ မူးယစ်စေတဲ့အပင်တွေ၊ အသီးတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အပင်တွေစတာတွေကို သုံးခဲ့ကြပါတယ်။ ၁၅၁၆ ခုနှစ်၊ ဧပြီ ၂၃ မှာတော့ (Purity Law) သန့်ရှင်းမှုဥပဒေထုတ်ပြန်ပြီးတော့ ဘီယာမှာ ရေ၊ ဘာလီနဲ့ Hops သုံးမျိုးပဲပါရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ ၂ဝ ရာစုနှစ်အတွင်းမှာတော့ တဆေးကို သုံးလို့ရပါတယ်ဆိုပြီး ခွင့်ပြုလိုက်ပါတယ်။

၂ဝဝ၆ ခုနှစ်မှာ ဘီယာထုတ်လုပ်မှုက တစ်ကမ္ဘာလုံးတစ်နှစ်လုံး ၁၃၃ ဘီလီယမ်လီတာလောက် ရောင်းချခဲ့ရပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာတော့ တရုတ်နိုင်ငံရဲ့ ဘီယာသောက်သုံးမှုက ၄၅ ဘီလီယမ်လီတာ ရှိပြီးတော့ အမေရိကန်နိုင်ငံ ဘီယာသောက်သုံးမှုရဲ့ နှစ်ဆဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ တရုတ်နိုင်ငံက ၄၇ ဘီလီယမ်လီတာ ထုတ်လုပ်ထားပြီးတော့ ဘီယာအထုတ်လုပ်ဆုံးနိုင်ငံတွေထဲက နံပါတ်တစ်ဖြစ်နေပါတယ်။ နံပါတ်နှစ်ဘီယာအထုတ်လုပ်ဆုံးနိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ၂၂ ဘီလီယမ်လီတာ ထုတ်လုပ်ထားပြီးတော့ နံပါတ်သုံး ဘရာဇီး၊ နံပါတ်လေး ဂျာမနီ၊ နံပါတ်ငါး ရတ်ရှား၊ နံပါတ်ခြောက် မက်ဆီကို၊ နံပါတ်ခုနှစ် ဂျပန်၊ နံပါတ်ရှစ် အင်္ဂလန်၊ နံပါတ်ကိုး ပိုလန်နဲ့ နံပါတ် တစ်ဆယ် စပိန်တို့ဖြစ်ပါတယ်။

ဘီယာနှပ်ခြင်း

..................

ဘီယာနှပ်မယ်ဆိုရင် အဓိကပါဝင်ပစ္စည်းတွေက ရေ၊ Hops နဲ့ အပင်ပေါက်ပြီး ကောက်ပဲသီးနှံ (မုယောအပင်ပေါက်)တွေ ဖြစ်ပါတယ်။ တဆေးကို နောက်ပို်င်းမှသာ ထပ်ဖြည့်ပြီး သုံးလာကြတာဖြစ်ပါတယ်။

ဘာလီ

..........

ဘီယာကောင်းကောင်းရဖို့အတွက် အဓိကအရေးကြီးဆုံးပစ္စည်းကတော့ မုယော အပင်ပေါက်ဖြစ်ပါတယ်။ စပါး၊ ပြောင်းဖူး၊ ဘာလီ၊ အုတ်ဂျုံနဲ့ ဂျုံတို့ကို သုံးပြီးတော့လည်း ထုတ်ကြပါတယ်။ အများဆုံးသုံးတဲ့ကုန်ကြမ်းက ဘာလီဖြစ်ပြီး ဘီယာအရည်အသွေးကောင်းဖို့နဲ့ အနံ့အရသာကောင်းစေဖို့အတွက် တခြားကုန်ကြမ်းတွေထက် ပိုကောင်းစေလို့ဖြစ်ပါတယ်။ တစ်ခါတလေမှာ စပါး၊ ပြောင်းဖူးနဲ့ အပင်မဖောက်ရသေးတဲ့ ကောက်ပဲသီးနှံတွေကို ထပ်ဖြည့်တဲ့ပစ္စည်းတွေအနေနဲ့လည်း သုံးကြပါတယ်။ ဘီယာတစ်ခွက်ရဲ့ အရည်အသွေး၊ အနံ့အရသာနဲ့ အရက်ပါဝင်မှုနှုန်းတွေက သုံးထားတဲ့ မုယောအပင်ပေါက်ပေါ်မှာ မူတည်ပါတယ်။

Hops

..........

Hops ဆိုတာက အပင်တစ်မျိုးဖြစ်ပြီး ဘီယာကို ခါးသက်သက်အရသာဖြစ်စေဖို့နဲ့ နှစ်လိုဖွယ်အနံ့လေးရစေဖို့အတွက် သုံးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဘီယာထဲကို Hops ထည့်နှုန်းပေါ်မူတည်ပြီး အခါးအရသာရယ်၊ အရောင်ရယ်က ကွာသွားပါတယ်။ Hops မှာ Tannins ဓာတ်ပါတာကြောင့် ဘီယာရဲ့အရောင်ကို လှစေပါတယ်။ Hops မှာ အတော်အသင့်ကြာရှည်ခံစေတဲ့ ဂုဏ်သတ္တိပါဝင်ပြီး ဘီယာကို အမြုပ်ထမှုစွမ်းရည်တွေကိုလည်း ပေးဆောင်ပါတယ်။

ရေ

......

အရမ်းပြင်းလွန်းတဲ့ အဖျော်ယမကာတွေထဲမှာတောင်မှ ရေက ၉ဝ% လောက်ပါဝင်ပါတယ်။ ဒေသတစ်ခုရဲ့ ရေအမျိုးအစားပေါ်မူတည်ပြီး ဘီယာအမျိုးအစားအမျိုးမျိုးကို တီထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ (ဥပမာအနေနဲ့ပြောရရင် အိုင်ယာလန်နိုင်ငံ Dublin ကရေက ရေစေးဖြစ်တာကြောင့် Stout ဘီယာလုပ်ဖို့အတွက် သင့်တော်ပါတယ်။ အင်္ဂလန်နိုင်ငံ Burton ကရေထဲမှာ သလင်းကျောက်လေးတွေ ရှိတတ်တာကြောင့် Pale Ale ဘီယာလုပ်ဖို့ သင့်တော်ပါတယ်။) ဘီယာအမျိုးမျိုးထုတ်ဖို့အတွက် Magnesium Sulfate ထည့်ပြီး ရေကိုစေးအောင်လုပ်လို့ရသလို Sodium Chloride ထည့်ပြီး ရေကိုသွက်အောင်လုပ်လို့ရပါတယ်။ ရေကိုအမျိုးအစားပြောင်းပြီး ထုတ်လို့ရပါတယ်။

တဆေး (Yeast)

..........................

တဆေးက Microorganism တစ်မျိုးဖြစ်ပြီးတော့ ဘီယာထဲမှာ အချဉ်ဖောက်ခြင်း နည်းစဉ်အနေနဲ့ လုပ်ဆောင်ပါတယ်။ တဆေးက အပင်ပေါက်ပြီး ကောက်ပဲသီးနှံ (မုယောအပင်ပေါက်)တွေကနေ သကြားကို ဓာတုဗေဒနည်းအရ ဓာတ်ပေါင်းစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အရက်အဖြစ်ကို ပြောင်းစေပါတယ်။ အဲဒီကနေ ကစော်မဖောက်ရသေးတဲ့ အရည်အဖြစ်ကိုပြောင်းပြီးနောက် ဘီယာဖြစ်လာပါတယ်။ ဘီယာအချဉ်ဖောက်နည်းမှာ သုံးတဲ့တဆေးက သုံးမျိုးရှိပါတယ်။ ပထမတစ်မျိုးက Top-fermenting ဖြစ်ပြီး တဆေးအနေနဲ့ Saccharomyces cerevisiae အသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ နောက်တစ်မျိုးက Bottom-fermenting ဖြစ်ပြီး တဆေးနေနဲ့ Saccharomyces uvarum (သို့) Saccharomyces carlsbergenisis ကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ Wild Yeast ကိုသုံးပြီး ချက်လုပ်ထားတဲ့ ဘီယာအမျိုးအစားဖြစ်ပါတယ်။

ဖြည့်စွက်ပစ္စည်း

...................

ပြောင်းဖူး၊ ဆန်နဲ့ တခြားကောက်ပဲသီးနှံတွေကို ဘီယာလုပ်တဲ့နေရာမှာ ဖြည့်စွက်တဲ့ ကစီဓာတ် (Carbohydrate) အနေနဲ့သုံးတာဖြစ်ပြီး အချဉ်ဖောက်နေစဉ်အတွင်း ကစီဓာတ်ကနေ သကြားကိုပြောင်းလဲဖို့အတွက် ဖြစ်ပါတယ်။ ဘီယာကို စီးပွားဖြစ်ထုတ်လုပ်ရာမှာ ထပ်ဖြည့်ထားတဲ့ ကောက်ပဲသီးနှံတွေထည့်ရခြင်း အကြောင်းရင်းကတော့ အဓိကကုန်ကြမ်းအတွက် ကုန်ကျစရိတ် လျော့ချစေရန်အတွက်၊ သတ်မှတ်ထားတဲ့ အနံ့အရသာရရန်အတွက်နဲ့ ဘီယာပြုလုပ်ရာမှာ မြန်မြန်ဆန်ဆန် ပြီးစီးနိုင်ရန်အတွက်ဖြစ်ပါတယ်။


ဘီယာအမျိုးမျိုး

............................

ဘီယာကို ထုတ်လုပ်တဲ့ပုံစံအမျိုးမျိုးပေါ်မူတည်ပြီး ဘီယာအမျိုးအစား အမျိုးမျိုးပေါ်ထွက်လာပါတယ်။ အဓိကအနေနဲ့ လာဂျာ (Lagers)ဘီယာ၊ ဘော့ (Bock)ဘီယာ၊ အေး (Ale)ဘီယာ၊ Dry ဘီယာနဲ့ (Pilsener)ပေးစင်နာဘီယာဆိုပြီး ရှိပါတယ်။

(Lagers)လာဂျာဘီယာ

...................................

လာဂျာဘီယာကတော့ သောက်သုံးသူတော်တော်များတဲ့ ဘီယာအမျိုးအစားဖြစ်ပြီးတော့ Bottom-fermenting လုပ်ထားတဲ့ ဘီယာတစ်မျိုးဖြစ်ပါတယ်။ အရက်ပါဝင်နှုန်းကတော့ ၃-၆% ပါဝင်ပြီးတော့ အရောင်ဖျော့ဖျော့နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဥရောပမှ စတင်ထုတ်လုပ်ထားတာဖြစ်ပြီးတော့ ဂျာမန်ဘာသာစကား (Lagern) မှ ဆင်းသက်လာတာဖြစ်ပါတယ်။ သူတို့ကိုတော့ မှောင်ပြီးအေးတဲ့နေရာမှာ အနံ့အရသာကောင်းလာစေဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide)ထွက်လာစေဖို့အတွက် အပတ်ပေါင်းများစွာ (သို့) လတော်တော်ကြာ ထားပေးရပါတယ်။ ပထမဆုံး Lagers ဘီယာကို ၁၈၄၂ ခုနှစ်မှာ စတင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဘော့ (Bock)ဘီယာ

.....................................

ဘော့အမျိုးအစားဘီယာကတော့ ဂျာမန်ဘီယာတစ်မျိုးဖြစ်ပြီးတော့ Bottom-fermenting လုပ်ပြီး ချက်လုပ်ရတာဖြစ်ပါတယ်။ ဘော့ဘီယာက Lagers ဘီယာထက် အရသာပိုလေးပြီးတော့ အရောင်ကလည်း အမည်းရောင်ရှိပါတယ်။ ဘော့အမျိုးအစား ဘီယာကတော့ နွေဦးမှာသောက်သုံးနိုင်ရန်အတွက် ဆောင်းရာသီမှာ ချက်လုပ်ကြတာ ဖြစ်ပါတယ်။ ဂျာမန်ဘာသာစကားမှာ ဘော့ဆိုတဲ့စကားလုံးက နွားထီးလို့ အဓိပ္ပာယ်သက်ရောက်တာကြောင့် ဘော့အမျိုးအစားဘီယာပုလင်းတိုင်းရဲ့ တံဆိပ်တွေပေါ်မှာ ဆိတ်သိုးကို ရိုက်နှိပ်လေ့ရှိကြပါတယ်။

အေး (Ale)ဘီယာ

...........................

အေးဘီယာအမျိုးအစားကတော့ Top-fermenting လုပ်ထားတာဖြစ်ပြီးတော့ အထူးသဖြင့် British Isles မှာ ရေပန်းစားတဲ့ ဘီယာအမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ အေးဘီယာအမျိုးအစားထဲမှာမှ Brown ale, Pale ale, India ale, Scoth ale, Golden ale, Burton ale, Brown ale, Mild ale, Old ale နဲ့ Belgain ale ဆိုပြီးအမျိုးမျိုးရှိပါတယ်။ Top-fermenting လုပ်ထားတဲ့ဘီယာတွေက တခြားဘီယာတွေထက် အနံ့အရသာ ပိုပြင်းပါတယ်။

Dry Beer

.........................

နောက်တစ်မျိုးကတော့ Dry Beer အမျိုးအစားဖြစ်ပြီးတော့ ဂျပန်နိုင်ငံက စတင်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Dry ဆိုတာကတော့ ဘီယာထဲမှာရှိတဲ့သကြားတွေက အချဉ်ဖောက်နေစဉ် အရက်အဖြစ်ကို ပြောင်းသွားချိန်မှာ ရှည်လျားလှတဲ့ အချဉ်ဖောက်မှုကြောင့် မပြောင်းဘဲကျန်နေတဲ့ သကြားတချို့ကို ညွှန်းပြီးခေါ်ထားတာ ဖြစ်ပါတယ်။ Dry Beer ကတော့ ဂျပန်နိုင်ငံမှာ လူကြိုက်အများဆုံးဘီယာဖြစ်ပြီးတော့ အာရှနိုင်ငံတွေမှာလည်း နာမည်ကြီးပါတယ်။

ပေးစင်နာ (Pilsener)ဘီယာ

.......................................

Pilsner (သို့) Pilsener ကတော့ လာဂျာဘီယာအမျိုးအစားထဲက တစ်မျိုးဖြစ်ပါတယ်။ ဒီဘီယာအမျိုးအစားကတော့ ၁၈၄၂ ခုနှစ်လောက်ကတည်းက စတင်ထုတ်လုပ်ထားတာဖြစ်ပြီးတော့ စတင်ထုတ်လုပ်ရာ Pilsen ဆိုတဲ့ မြို့နာမည်ကို အစွဲပြုပြီး ခေါ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဘီယာကို အေးပြီးမှောင်တဲ့နေရာမျိုး (1-3 ံC)မှာ သိမ်းဆည်းသင့်ပါတယ်။ အရမ်း အေးလွန်းတဲ့နေရာမှာ မသိမ်းဆည်းသင့်ပါဘူး။ နေရာင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာ၊ အပူချိန်အရမ်းများတဲ့နေရာမှာလည်း မထားသင့်ပါဘူး။ အနံ့အရသာတွေ ပျက်စီးတတ်တာကြောင့်ပါ။



ဘီယာနှင့်ကျန်းမာရေး

........................................................

 ပိုတက်စီယမ်၊ မက်ဂနီစီယမ်နဲ့ ဆိုဒီယမ် ပါဝင်တာကြောင့် ဘီယာသောက်သုံးခြင်းက ကျောက်ကပ်ကို ကျန်းမာစေပါတယ်၊ အရိုးတွေကို သန်မာစေပါတယ်။ ဘီယာတစ်ပုလင်းလောက်သောက်လိုက်ရင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ၄ဝ% လောက် လျော့ကျစေပါတယ်လို့ ဆိုပါတယ်။ သည်းခြေအိတ်အတွင်း ကျောက်တည်ခြင်းမှ လျော့ကျစေပါတယ်။ ဘီယာ (အဓိကအနေနဲ့ အမည်းရောင်ဘီယာ) 30 cl တစ်ခွက်မှာ အမျှင်ဓာတ်၂ ဂါလံလောက် ပျော်ဝင်နေပါတယ်။ ဘီယာထဲမှာပျော်ဝင်နေတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်မှာရှိတဲ့မကောင်းတဲ့ ကိုယ်လက်စထရောဓာတ်ကို လျော့ကျစေပါတယ်။ ဘီတာမင် (Vitamin) B1, B2, B6 နဲ့ B12 ဓာတ်တွေ မြင့်မားစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဗီတာမင်ဓာတ် ပိုမိုတိုးပွားစေပါတယ်။ ဘီယာသောက်သုံးသူတွေက မသောက်သုံးသူတွေထက် ၃ဝ % လောက် ဘီတာမင်ဓာတ် ပိုမိုရရှိပြီး ဘီတာမင် B12 ပြည့်ဝစွာပါဝင်တာကြောင့် အစားအသောက် အများစုမှာမတွေ့ရတဲ့ Anti-anemia နဲ့ Folic acid ပါဝင်တာကြောင့် သွေးနီဥလျော့နည်းမှုကနေ ကာကွယ်ပေးပါတယ်။

Nicotinic acid ပါဝင်ပြီး အိပ်မပျော်နိုင်သောရောဂါကို ကုစားပေးပါတယ်။ အလုပ်ခွင်မှ ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ဖိစီးမှုတွေကနေ ပြေပျောက်စေပါတယ်။ ဘီယာသောက်သုံးသူတွေက မသောက်သုံးသူတွေထက် နှလုံးရောဂါတိုက်ခိုက်ခံရမှုတွေကို ၄ဝ % ကနေ

၆ဝ % လောက်ထိကို လျော့ချနိုင်ပါတယ်။ နှလုံးနှင့်ဆိုင်သောရောဂါများနဲ့

နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်နိုင်မှုမှ လျော့ကျစေပါတယ်။ ဘီယာထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက သွေးခဲမှုကနေ ကာကွယ်ပေးပါတယ်။ မှတ်ဥဏ်အားကို ကောင်းစေပြီး အယ်ဇိုင်းမား (Alzheimer)ရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုများကိုလည်း လျော့ကျစေပါတယ်။ အမျိုးသမီးတွေအတွက် အဓိကအနေနဲ့ ဘီယာထဲမှာ ဗီတာမင်ဓာတ်တွေ အများအပြားပါဝင်တာကြောင့် အသားအရေကို လှပစေပါတယ်။ ချောမွေ့ပြီး၊ နူးညံ့ပျော့ ပျောင်းစေတယ်။ အမြင်အာရုံကိုကောင်းစေပါတယ်။ သွေးဖိအားကို လျော့ကျစေပါတယ်။ ရောဂါများမှ ကာကွယ်ပေးပါတယ်။ အိုမင်းရင့်ရော်မှုကို နှေးစေပါတယ်။ အစာချေဖျက်အားကို အားကောင်းစေတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့နည်းစေတယ်။ အစာချေဖျက်အားကို ကောင်းစေတယ်။ ဘီယာရဲ့ခါးတဲ့အရသာက ကောင်းတဲ့ကိုလက်စထရော (Good Cholesterol)ကို တက်စေတာကြောင့် ဝိတ်ကျစေပါတယ်။

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဘီယာသောက်သုံးရုံတင်မက ဘီယာကို အသုံးပြုပြီး အလှကုန်ပစ္စည်းတွေကို နိုင်ငံတော်တော်များများက ထုတ်လုပ်လာကြပါတယ်။ ဘီယာကိုအဓိကအသုံးပြုပြီး ကြက်ဥ၊ ပျားရည် စတာတွေနဲ့ရောစပ်ပြီးတော့ အိမ်တွင်းအလှအပထိန်းသိမ်းရေး၊ ဆံပင်၊ အသားအရည် စတာတွေကို အိုမင်းရင့်ရော်မှုမှ ကာကွယ်ရန် အသုံးပြုလာကြပါတယ်။

ဘီယာသောက်သုံးခြင်းက ကောင်းကျိုးရှိနေနိုင်ပေမယ့် အလွန်အကျွံသောက်မိရင်တော့ လည်ချောင်း၊ ပါးစပ်၊ အသည်း၊ ရင်သား၊ အူမကြီး၊ လည်မျိုနဲ့ပက်သတ်တဲ့ ကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။

..............................................................................................

2016 Food Magazine မှ ပြန်လည် ကာက်နုတ်တင်ပြခြင်းဖြစ်ပါတယ်

Author- ဆုမြတ်ဦး

Food Magazine




Comments