အာလူး၊ ကန်စွန်းဥ ကတ်သလစ်

 အာလူး၊ ကန်စွန်းဥ ကတ်သလစ်


ဒီနေ့တော့ ပြုတ်စားမလို့ ဝယ်လာတဲ့ ကန်စွန်းဥလေးတွေကို အာလူးနဲ့ရောပြီး ကတ်သလစ်လေး ကြော်စားဖြစ်ပါတယ်။ အာလူးချည်းပဲကြော်စားမယ်ဆိုရင် ဆန်မှုန့်၊ ကောက်ညင်းမှုန့်တွေ ထည့်ကြော်စရာမလိုပေမယ့် ကန်စွန်းဥထည့်ပြီး နယ်လိုက်တဲ့အချိန်မှာ နဲနဲပျော့နေတာကြောင့် ပိုပြိး အိအိစေးစေးလေးဖြစ်အောင် ဆန်မှုန့်နဲ့ ကောက်ညင်းမှုန့် ထပ်ထည့်ကြော်ပါတယ်။ ဆုမြတ်က ရိုးရိုးလေးကြော်ပေမယ့် ချိစ်အရသာနဲ့ သုံးဆောင်ချင်ရင်တော့ Cheeseကို အတုံးလေးတွေတုံးပြီး အာလူးအလယ်မှာထည့်ပြားပြီး ကြော်ပါရှင့်။ ကတ်သလစ်ကြော်လေးကို စားလိုက်တဲ့ချိန် ချိစ်လေးတွေအရှည်ကြီးတွဲနေတာမျိုးလေးလိုချင်ရင်တော့ Mozzarella Cheeseကို သုံးပါနော်………..


ပါဝင်ပစ္စည်းများ

အာလူး         ၄လုံး

ကန်စွန်းဥခရမ်းရောင် ၂လုံး

ဆန်မှုန့်        စားပွဲတင်ဇွန်း၁ဇွန်း

ကောက်ညင်းမှုန့်    စားပွဲတင်ဇွန်း ၂ဇွန်း မှ ၃ဇွန်း

ငါးဟင်းခတ်မှုန့် (သို့) အရသာမှုန့် အနည်းငယ်

ငရုတ်ကောင်းမှုန့် အနည်းငယ်

ဆား            အနည်းငယ်

ကြက်ဥ        ၁လုံး

ကြက်သွန်ဖြူ အနည်းငယ်

ကြက်သွန်နီ ၂လုံး

Bread Crumb      ကပ်ကြော်ရန်

ဆီ               ကြော်ရန်


ပြုလုပ်နည်းအဆင့်ဆင့်

၁. အာလူးနဲ့ ကန်စွန်းဥတို့ကို နူးသွားတဲ့ထိပြုတ်ပါ။ အာလူးနဲ့ကန်စွန်းဥတွေ နူးလာရင် အခွံခွာပြီး ငရုတ်ဆုံနဲ့ထောင်းပါ။

၂. ကြက်သွန်ဖြူနီကို ညက်ထောင်းထားပါ (သို့) ကြိတ်စက်နဲ့ကြိတ်ပါ။ အာလူးတွေနဲ့ အတူထည့်ထောင်းပါ။

၃. အာလူးနဲ့ ကန်စွန်းဥတွေစေးလာပြီဆိုရင် ဇလုံတစ်လုံးထဲထည့်ပြီး ဆန်မှုန့်၊ ကောက်ညင်းမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငါးဟင်းခတ်မှုန့်တို့နဲ့ နယ်ပါ။

၄. ကြက်ဥကိုပန်းကန်တစ်လုံးထဲမှာ ထည့်ခေါက်ထားပါ။ Bread Crumb ကိုလဲ ပန်းကန်တစ်လုံးထဲထည့်ထားပါ။

၅. ကြော်မယ့်အိုးထဲမှာ ဆီထည့်ပါ။ ထောင်းထားတဲ့ အာလူးတွေကို အပြားလေးတွေလုပ်ပြီး ကြက်ဥကပ်၊ Bread Crumbကပ်ပြီး ရဲလာတဲ့ထိ ကြော်ပေးပါ။

၆. ပူပူမွှေးမွှေး အာလူး၊ ကန်စွန်းဥ ကတ်သလစ်လေးကို ကြိုက်နှစ်သက်ရာဆောစ့်နဲ့ တွဲပြီး သုံးဆောင်နိုင်ပါပြီ။

Hsu Myat Oo

Comments