လက်ဖက်

 လက်ဖက် (Tea)

☕️☕️☕️☕️☕️☕️☕️☕️☕️☕️☕️☕️☕️☕️☕️☕️☕️☕️

မိတ်ဆက်ခြင်း



🙋🙋🙋🙋

ကော်ဖီကိုအပင်ရဲ့အစေ့ကနေ ထုတ်လုပ်ထားတာဖြစ်ပေမယ့် လက်ဖက်ကိုတော့ သစ်ပုပင်အမျိုးအစားဖြစ်တဲ့ လက်ဖက်ပင်ရဲ့ နုတဲ့အရွက်လေးတွေကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ လက်ဖက်ပင်က အမြဲစိမ်းအပင်တစ်မျိုးဖြစ်ပြီးတော့ ၃ နှစ်လောက် အရွယ်ရောက်ပြီဆိုရင်တော့ ခူးလို့ရပါပြီ။ လက်ဖက်ပင်က စိုက်ပျိုးတဲ့ပုံကို မူတည်ပြီးတော့ ၂၅ နှစ်ကနေ နှစ် ၅ဝ လောက်ထိ ခူးဆွတ်နိုင်ပါတယ်။ လက်ဖက်ပင်စိုက်ပျိုးသူ၊ မြေကြီး၊ ရာသီဥတုနဲ့စိုက်ပျိုးတဲ့ ပုံစံတွေပေါ် မူတည်ပြီးတော့ လက်ဖက်ရွက် အမျိုးအစားပေါင်း ၁၅ဝဝ လောက်ကို ကွဲပြားသွားနိုင်ပါတယ်။

လက်ဖက်ရည် (ရေနွေးကြမ်း)ဆိုတာကတော့ အာရှတိုက်မှာရှိတဲ့ အမြဲစိမ်းသစ်ပုပင်ကနေရတဲ့ အရွက်တွေကို ရေပူသုံးပြီးပြင်ဆင်ထားတဲ့ အနံ့အရသာနဲ့ပြည့်စုံတဲ့ အဖျော်ယမကာ တစ်မျိုးဖြစ်ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် မထည့်ထားသလို အရက်မပါသော စိတ်တက်ကြွစေသော အဖျော်ယမကာ (nonalcoholic, non-carbonated stimula- ting Beverages) အုပ်စုထဲမှာပါဝင်ပါတယ်။ ရေနွေးကြမ်းကို တရုတ်လို "Cha" ၊ အင်္ဂလိပ်လို "Tea"၊ ဂျာမာန်လို "Tee"၊ ပြင်သစ်လို "The"လို့ ခေါ် ကြပါတယ်။ ကိုရီးယားနဲ့ ဂျပန်ကတော့ တရုတ်ရဲ့ "Cha"ကို ယူထားတာဖြစ်ပါတယ်။ ရေပြီးရင်တော့ လက်ဖက်ရည်က လူအများ အသောက်သုံးဆုံး အဖျော်ယမကာတစ်ခုဖြစ်ပြီးတော့ ရေနွေးကြမ်းလို့ခေါ် ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ဖက်ကို ရေနွေးကြမ်းလုပ်သောက်သလို အကြော်စုံ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီစတာတွေထည့်ပြီး လက်ဖက်သုပ်လည်း လုပ်စားကြပါတယ်။ DarjeelingTea (အိန္ဒိယလက်ဖက်ရည် /ရေနွေးကြမ်း)၊ တရုတ်လက်ဖက်ရည် (ရေနွေးကြမ်း) စသဖြင့်ရှိကြပြီးတော့ လက်ဖက်အမျိုးအစား ပေါ်မူတည်ပြီးတော့ အရသာလည်း ကွဲပြားသွားပါတယ်။

ရေနွေးကြမ်းသောက်ခြင်းဓလေ့များ

🙇🙇🙇‍♂️🙇‍♂️🙇🙇🙇‍♂️🙇‍♂️

လက်ဖက်ရည် (ရေနွေးကြမ်း)ကိုတော့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်နိုင်ငံ အနောက်တောင်ဘက်က ဆေးဖက်ဝင် သောက်စရာတစ်မျိုးအနေနဲ့ စတင်သောက်သုံးလာတာ ဖြစ်ပါတယ်။ ရေနွေးကြမ်း သောက်သုံးခြင်းကိုတော့ 59BC, တရုတ်နိုင်ငံ ထန်မင်းဆက်ခေတ်ကနေ စတင်လာတယ်လို့ သိရပါတယ်။ ရေနွေးကြမ်းဟာ စိတ်အပန်းပြေ သောက်စရာတစ်မျိုးအနေနဲ့ ကျော်ကြားလာပြီး အာရှအရှေ့ပိုင်း တိုင်းပြည်တွေဖြစ်တဲ့ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေဆီကို ရေနွေးကြမ်းသောက်သုံးခြင်း ဓလေ့ကူးစက်လာတာဖြစ်ပါတယ်။ ရာစုနှစ်တွေကျော်လွန်ပြီး နောက်ပိုင်းမှာတော့ လက်ဖက်ကို နည်းပညာအမျိုးမျိုးနဲ့ ပြင်ဆင်ပြုလုပ်လာကြပြီးတော့ လက်ဖက်အမျိုးအစားများစွာလည်း ပေါ်ထွက်လာပါတယ်။

ဗြိတိန်လူမျိုးတွေက အမဲရောင်လက်ဖက်ခြောက်ကို သကြားတို့၊ နွားနို့တို့ထည့်ပြီး သောက်သုံးကြပြီး ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံမှာတော့ ရေနွေးကြမ်းကို ဇိမ်ခံပစ္စည်းအနေနဲ့ သောက်သုံးလေ့ရှိကြပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ လက်ဖက်ကို ဆေးဝါးအနေနဲ့ နှစ်ပေါင်းအတော်ကြာအောင် သုံးစွဲလာကြတာဖြစ်ပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရိုးရာဓလေ့ကိုလိုက်ပြီး ရေနွေးကြမ်းသောက်သုံးခြင်း အခမ်းအနားတွေ ရှိကြပါတယ်။ တရုတ်နိုင်ငံရဲ့ ရေနွေးကြမ်းသောက်သုံးခြင်းဓလေ့က ဗြိတိန်နိုင်ငံလို ဥရောပနိုင်ငံတွေရဲ့ ရေနွေးကြမ်းသောက်သုံးခြင်းဓလေ့နဲ့ ကွဲပြားရုံတင်မကပါဘူး အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်လိုမျိုးနိုင်ငံနဲ့တောင် ရေနွေးကြမ်းပြင်ဆင်ခြင်းတွေ၊ အရသာတွေနဲ့ သောက်သုံးတဲ့ အခြေအနေအချိန်ခါတွေကပါ ကွဲပြားကြပါတယ်။ တရုတ်နိုင်ငံမှာကတော့ ယနေ့ထက်တိုင် ရေနွေးကြမ်းကို ရိုးရာဆေးဖက်ဝင် သောက်စရာတစ်မျိုးအနေနဲ့ သောက်သုံးနေကြဆဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံသောက်သုံးတဲ့ ရေနွေးကြမ်းကတော့ အစိမ်းရောင် လက်ဖက်ခြောက်ကို သုံးတာဖြစ်ပြီးတော့ ခါးသက်တဲ့အရသာရှိတဲ့ ရေနွေးကြမ်းကို ဂျပန်ရိုးရာအချိုပွဲများနဲ့ တွဲဖက်စားသုံးကြပါတယ်။

၁၆၈ဝ ပြည့်နှစ်ဥရောပမှာ ရေနွေးကြမ်းထဲကို ပထမဆုံးနွားနို့ ထည့်သောက်လာကြတယ်။ ရုရှားနိုင်ငံ၊ ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနဲ့ အီတလီနိုင်ငံတို့မှာတော့ သံပရာရည်၊ ရှောက်ရည်တို့နဲ့ တွဲသောက်ကြပါတယ်။ သြစတျေးလျနိုင်ငံမှာတော့ နွားနို့နဲ့ ရေနွေးကြမ်းကို တွဲသောက်ကြပြီး အဖြူရောင်လက်ဖက်ရည်လို့ ခေါ်ကြပါတယ်။ နာမည်ကြီးတဲ့ ရေနွေးကြမ်းတွေကတော့ တရုတ်နိုင်ငံက စံပယ်ပန်းဆီ (သို့) စံပယ်ပန်းပွင့်တို့နဲ့ ပြုလုပ်ထားတဲ့ စံပယ်ပန်းရေနွေးကြမ်း၊ အမွှေးအကြိုင်တွေထည့်ထားတဲ့ အိန္ဒိယက မဆလာလက်ဖက်ရည်၊ bergamot အဆီပါတဲ့ Earl Grey လက်ဖက်ရည်တို့ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာတော့ ရေနွေးကြမ်းထဲကို ချင်းထည့်ပြီး သောက်ကြပြီးတော့ အမွှေးအကြိုင်အနေ နဲ့ကတော့ သစ်ကြံပိုးခေါက်ကို အနံ့အရသာ ပိုကောင်းအောင် ထည့်သောက်ကြပါတယ်။ အေးတဲ့ဒေသတွေဖြစ်တဲ့ မွန်ဂိုလီးယား၊ တိဘတ်နဲ့ နီပေါတို့လိုနိုင်ငံတွေမှာတော့ ရေနွေး ကြမ်းထဲမှာတော့ ထောပတ်ကိုထည့်ပြီး သောက်လေ့ရှိကြပါတယ်။ ပါကစ္စတန်နိုင်ငံမှာ တော့ ဆားရေနွေးကြမ်းက အရမ်းနာမည်ကြီးပါတယ်။ ရေနွေးကြမ်းကို ပုံမှန်အနေနဲ့ကတော့ ရေနဲ့လက်ဖက်ခြောက်သုံးပြီး သောက်သုံးကြတာ ဖြစ်ပါတယ်။ ရေနွေးကြမ်း ဖျော်နေစဉ်အတွင်းမှာပဲဖြစ်ဖြစ်၊ သောက်သုံးနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် အရင်က ပန်းပွင့်တွေ၊ ဆေးဖက်ဝင်အပင်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ကြပြီး နောက်ပိုင်းမှာတော့ နွားနို့၊ သကြား၊ သံပရာသီး၊ ရှောက်သီးနဲ့ တခြားပစ္စည်းတွေကိုလည်း ထပ်ဖြည့်ပြီး သောက်သုံးလာကြပါတယ်။

လက်ဖက်ခြောက်အမျိုးအစားများ

🌿🌿🌿🌿🌿🌿🌿🌿

လက်ဖက်ခြောက်တွေကို ပြုလုပ်ထားပုံကိုမူတည်ပြီးတော့ လက်ဖက်ခြောက် အမျိုးအစား (၆)မျိုး ခွဲခြားထားပါတယ်။

♦ အဖြူရောင်လက်ဖက်ခြောက်- ညှိုးအောင်လုပ်ထားပြီး လေမထုတ်ထားတဲ့ လက်ဖက်ခြောက် ဖြစ်ပါတယ်။

♦ အစိမ်းရောင်လက်ဖက်ခြောက်- ညှိုးအောင်လုပ်မထားသလို လေလည်း မထုတ်ထားတဲ့ လက်ဖက်ခြောက်ဖြစ်ပါတယ်။

♦ အဝါရောင်လက်ဖက်ခြောက် - ညှိုးအောင်လုပ်မထားသလို လေလည်းမထုတ်ထားပေမယ့် အဝါရောင်ပြောင်းအောင် လုပ်ထားတဲ့ လက်ဖက်ခြောက်ဖြစ်ပါတယ်။

♦ Oolong လက်ဖက်ခြောက်- ညှိုးအောင်လုပ်ထားတဲ့ တစ်စိတ်တစ်ပိုင်း လေထုတ်ထားပြီးတော့ မီးရှို့ထားတဲ့ လက်ဖက်ခြောက်တစ်မျိုးဖြစ်ပါတယ်။

♦ အမည်းရောင်လက်ဖက်ခြောက်- အောက်စီဂျင်ထုတ်ထားပြီး ညှိုးအောင်လုပ်ထားတဲ့ လက်ဖက်ခြောက်ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကြိတ်ထားပြီး တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအရ အနီရောင် လက်ဖက်ခြောက်လို့ ခေါ်ပါတယ်။

♦ အချဉ်ဖောက်ထားတဲ့လက်ဖက်ခြောက်- လက်ဖက်အစိမ်းကို အချဉ်ဖောက်ပြီး သိပ်သည်းအောင်လုပ်ထားတဲ့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအရ အမည်းရောင် လက်ဖက်ခြောက်လို့ ခေါ်ပါတယ်။

အားလုံးထဲမှာမှ အသုံးများဆုံး လက်ဖက်ခြောက်တွေကတော့ အဖြူရောင် လက်ဖက်ခြောက်၊ အစိမ်းရောင်လက်ဖက်ခြောက်၊ Oolong လက်ဖက်ခြောက်နဲ့ အမည်းရောင် လက်ဖက်ခြောက်တို့ဖြစ်ပါတယ်။

အဖြူရောင်လက်ဖက်ခြောက်

🥰🥰🥰🥰🥰🥰🥰🥰

အဖြူရောင်လက်ဖက်ခြောက်ဆိုတာကတော့ လေမထုတ်ထားဘဲ ညှိုးအောင်လုပ်ပြီး သဘာဝနည်းအရ နေရောင်နဲ့ အခြောက်ခံထားတဲ့ လက်ဖက်ခြောက်ဖြစ်ပါတယ်။

အဝါရောင်လက်ဖက်ခြောက်

😊😊😊😊😊😊😊😊

အဝါရောင်လက်ဖက်ခြောက်ကတော့ စျေးကြီးတဲ့လက်ဖက်ခြောက်တစ်မျိုးဖြစ်ပြီးတော့ ပြုလုပ်တဲ့နည်းကတော့ အစိမ်းရောင်လက်ဖက်ခြောက်နဲ့ အတူတူပါပဲ မတူတာတစ်မျိုးကတော့ လက်ဖက်ကိုလေ (အောက်စီဂျင်)ထုတ်ပြီးချိန်မှာတော့ စိုစွတ်နေတဲ့ အဝတ်အောက်မှာပေါင်းပြီး အဝါရောင်ဖြစ်အောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။

အစိမ်းရောင်နဲ့ Oolong လက်ဖက်ခြောက်

🧐🧐🧐🧐🧐🧐🧐🧐🧐🧐🧐🧐

အစိမ်းရောင်လက်ဖက်ခြောက် ပြုလုပ်ရာမှာတော့ ခူးထားတဲ့ လက်ဖက်ခြောက်တွေကို ရေနွေးငွေ့ပေးပြီးတော့ အင်ဇိုင်းတွေမဝင်အောင် လုပ်လိုက်ပါတယ်။ လက်ဖက်ရွက်တွေကို တလိမ့်တုံးနဲ့လိမ့်ပြီး လက်ဖက်ရွက်ရဲ့ ဆဲလ်တွေ ပျက်အောင်လုပ်ပြီး မီးသုံးပြီး ခြောက်အောင်လုပ်လိုက်ပါတယ်။ အစိမ်းရောင် လက်ဖက်ခြောက်ကို ပြုလုပ်ရာမှာ ရှေးနည်းအတိုင်းလုပ်တဲ့ လက်ဖက်ခြောက်နဲ့ ခေတ်အလျောက် စက်ပစ္စည်း တွေနဲ့ လုပ်တဲ့လက်ဖက်ခြောက်ဆိုပြီးရှိပါတယ်။ နေအပူကိုသုံးပြီး အခြောက်ခံတာတို့၊ မီးသွေး (သို့) ဒယ်အိုးကိုသုံးပြီး အခြောက်ခံတာတို့ကိုတော့ ရှေးနည်းအတိုင်းလုပ်တဲ့ လက်ဖက်ခြောက်လို့ခေါ်ပြီးတော့ Oven သုံးတာတို့၊ ရေနွေးငွေ့သုံးတာတို့ကိုတော့ ခေတ်အလျှောက် စက်ပစ္စည်းတွေနဲ့လုပ်တဲ့ လက်ဖက်ခြောက်လို့ ခေါ်ပါတယ်။

တရုတ်နိုင်ငံက အစိမ်းရောင်လက်ဖက်ခြောက်ကတော့ ရိုးရာနည်းအရ ဒယ်အိုးသုံးထားတာဖြစ်ပြီး ဂျပန်နိုင်ငံကတော့ ရေနွေးငွေ့နည်းကို သုံးထားတာဖြစ်ပါတယ်။ အစိမ်းရောင်လက်ဖက်ခြောက်ကို ရေနွေးအပူချိန် 80 ံC ကနေ 85 ံC လောက်မှာ နှပ်ပြီး သောက်ကြပါတယ်။ Oolong Tea ကတော့ ရေနွေးငွေ့အနည်းငယ်ပေးထားပြီးတော့ မီးသုံးပြီးခြောက်အောင်မလုပ်ခင် အချဉ်ဖောက်ခြင်းအနည်းငယ် ပြုလုပ်ထားပါတယ်။ Oolong Tea ကိုတော့ ရေနွေးအပူချိန် 82 ံC ကနေ 96 ံC လောက်မှာနှပ်ပြီး သောက်ကြပါတယ်။ တခြားလက်ဖက်ခြောက်တွေနဲ့ မတူတာကတော့ လက်ဖက်ခြောက်တစ်မျိုးတည်းကိုပဲ အကြိမ်ပေါင်းများစွာ သုံးလို့ရတာပဲဖြစ်ပါတယ်။

အမည်းရောင်လက်ဖက်ခြောက်

🤤🤤🤤🤤🤤🤤🤤🤤

အမည်းရောင်လက်ဖက်ခြောက်ကတော့ ပုံမှန်အားဖြင့် တခြားလက်ဖက်ခြောက်တွေထက် ပိုပြီးလေထုတ်ထားပြီးတော့ အရသာပိုပြင်းတဲ့ လက်ဖက်ခြောက် တစ်မျိုးဖြစ်ပါတယ်။ အမည်းရောင် လက်ဖက်ခြောက် ပြုလုပ်ရာမှာတော့ ပထမဆုံး လက်ဖက်ရွက်တွေကို ညှိုးအောင်ပြုလုပ်ပြီးတော့ အနည်းငယ်ခြောက်သွားအောင် ပြုလုပ်ပါတယ်။ ညှိုးအောင်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရေဓာတ်ပါဝင်မှု လျော့ကျ အောင်ရယ်၊ အနံ့အရသာ ပိုတိုးအောင်အတွက်ဖြစ်ပါတယ်။ ညှိုးအောင်လုပ်ထားတဲ့ လက်ဖက်ရွက်တွေကိုတော့ တလိမ့်တုံးနဲ့လိမ့်ပြီး လက်ဖက်ရွက်ရဲ့ဆဲလ်တွေ ပျက်အောင်လုပ်ပြီး အင်ဇိုင်းနဲ့ လက်ဖက်အရည်တွေကို ထွက်သွားအောင်လုပ်လိုက်ပါတယ်။ အချဉ်ဖောက်ပြီး တလိမ့်တုံးနဲ့လိမ့်ထားတဲ့ လက်ဖက်ရွက်တွေကိုတော့ 25 ံC မှာ၂-၅ နာရီလောက်ထိ လေသွင်းပြီးတော့ မီးဖိုထဲမှာ အပူချိန် 93 ံC လောက်ထိပေးပြီး အင်ဇိုင်းတွေမဝင်အောင်နဲ့ ရေဓာတ် ကို ၄% လောက်ထိ လျော့ချလိုက်ပါတယ်။

ဥရောပမှာ အမည်းရောင်လက်ဖက်ခြောက်ကို နှပ်တဲ့နေရာမှာ ရေဆူမှတ် အပူချိန် 99 ံC လောက် ထားနှပ်ပြီးတော့ ၄ မိနစ်လောက်ပဲထားပါတယ်။ အနည်းဆုံးစက္ကန့် ၃ဝ (သို့) ၅မိနစ်ထက်ပိုပြီးတော့ မထားပါဘူး။ အမည်းရောင်လက်ဖက်ခြောက်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကြောင့် အပူချိန်မြင့်မြင့်(90 ံC ကျော်)မှာထားပြီး နှပ်သင့်ပါတယ်။ အိန္ဒိယမှာတော့ အမည်းရောင်လက်ဖက်ရည်ကို ရေပူပူထဲမှာထားပြီး ၁၅ မိနစ် (သို့) ၁၅ မိနစ်ထက်ပိုပြီးတော့ ခပ်ပြင်းပြင်းနှပ်ထားတဲ့ လက်ဖက်ရည်ကို ပိုကြိုက်ကြပါတယ်။

အချဉ်ဖောက်ထားတဲ့လက်ဖက်ခြောက်

🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩

အချဉ်ဖောက်ထားတဲ့ လက်ဖက်ခြောက်ဆိုတာကတော့ အဏုဇီဝပိုးတွေကို အသုံးပြုပြီး အချဉ်ဖောက်ထားပြီး လပေါင်းများစွာထားထားတဲ့ လက်ဖက်ခြောက်ကို ခေါ်တာဖြစ်ပါတယ်။ အချဉ်ဖောက်ထားတဲ့လက်ဖက်ကို တရုတ်နိုင်ငံက အများဆုံးပြုလုပ်ပြီး မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ယူနန်တောင်ပိုင်းက အများဆုံးထုတ်လုပ်ပါတယ်။ နောက်ပိုင်းမှာတော့ ပန်းနဲ့လုပ်ထားတဲ့ လက်ဖက်ခြောက်တွေ၊ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ လက်ဖက်ခြောက်တွေ၊ အနံ့အရသာ ထပ်ဖြည့်ထားတဲ့ လက်ဖက်ခြောက်တွေ အများကြီးပေါ်ထွက်လာပါတယ်။

ရေနွေးကြမ်းနဲ့ကျန်းမာရေး



💪💪💪💪💪💪💪💪

အမည်းရောင်လက်ဖက်ခြောက်မှာ Theaflavins နဲ့ Thearubigins တို့လို အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကိုလက်စရောကိုကျစေပါတယ်။ လေ့လာချက်တွေအရ အမည်းရောင် လက်ဖက်ရည် (ရေနွေးကြမ်း) တစ်နေ့ကို သုံးခွက်နဲ့သုံးခွက်အထက် သောက်သုံးတာကြောင့် အရိုးကျိုးနိုင်ခြေကို ၂၁% လောက် လျော့ချနိုင်တယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အစိမ်းရောင်လက်ဖက်ခြောက်မှာ Catechins လို့ခေါ်တဲ့ ကင်ဆာရောဂါကနေ နှလုံးရောဂါကိုပါ ကာကွယ်စေတဲ့ဓာတ်တွေ ပါဝင်ပါတယ်လို့ အမေရိကန်ကင်ဆာ စူးစမ်းရှာဖွေရေး အဖွဲ့အစည်းရဲ့ အာဟာရအကြံပေး Karen Collins ကပြောထားပြီးတော့ အစိမ်းရောင်လက်ဖက်ရည် (ရေနွေးကြမ်း)ကို တစ်နေ့ကို တစ်ခွက်ပုံမှန် သောက်ပေးတာကြောင့် နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေကို ၁ဝ% အထိ လျော့ချပေးပါတယ်။ ကျောက်ကပ်၊ အစာအိမ်၊ သည်းခြေအိတ်၊ ပန်ခရိယကင်ဆာဖြစ်မှုတွေကို လျော့ချပေးပါတယ်။ သွေးကြောတွေ အဆီတွေစုမှုတွေ၊ အရိုးကျိုးနိုင်ချေကို လျော့ကျစေပြီး သန်မာစေပါတယ်။ စိတ်ပင်ပန်း နွမ်းနယ်မှုတွေကိုလည်း ဖြေလျော့ပေးပြီးတော့ အယ်ဇိုင်းမားရောဂါဖြစ်မှုကို ကာကွယ်ပေးပါတယ်။ Oolong Tea မှာ အကျိုးပြုအင်ဇိုင်းတွေ ပါဝင်နေတာ ကြောင့် အဆီကျစေတဲ့ လက်ဖက်ခြောက်အနေနဲ့ စျေးကွက်မှာ နာမည်ကြီးပြီးတော့ သွေးကြောထဲမှာရှိတဲ့ အဆီတွေကို လျော့ချပေးပါတယ်။ ဒါ့ကြောင့် Oolong Tea သောက်တဲ့သူတွေက ရိုးရိုးရေသောက်တဲ့သူတွေထက် အဆီပိုကျနိုင်ချေများပါတယ်။

အဖြူရောင်လက်ဖက်ခြောက်ကလည်း နှလုံးနဲ့ဆိုင်တဲ့ရောဂါနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့ လက်ဖက်ခြောက်နောက်တစ်မျိုးဖြစ်ပါတယ်။ အနံ့အရသာထပ်ဖြည့်ထားတဲ့ လက်ဖက်ခြောက်တွေကတော့ မထည့်ထားတဲ့ လက်ဖက်ခြောက်တွေနဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်တာတွေ၊ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့ တူတူပါပဲ။ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့လုပ်ထားတဲ့ လက်ဖက်ခြောက်တွေကို တစ်နေ့သုံးခွက် သောက်သုံးတာကြောင့် သွေးတိုးကိုကျစေပါတယ်။ ဂန္ဓာမာပန်း ရေနွေးကြမ်းကို သောက် သုံးတာကြောင့် ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ပူစီနာ ရေနွေးကြမ်းကို သောက်သုံးတာကြောင့် အစာအိမ်ရောဂါကို သက်သာစေပါတယ်။

အချုပ်အားဖြင့်ဆိုရသော် လက်ဖက်ခြောက်က အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။ ရေနွေးကြမ်းက ကော်ဖီထက်ကဖင်းပါဝင်မှု ၅ဝ% လောက် လျော့နည်းတာကြောင့် အာရုံကြောစနစ်ကို ပြဿနာမဖြစ်စေပါဘူး။ အရိုးကျိုးနိုင်ချေကို လျော့နည်းစေပါတယ်။ ရေနွေးကြမ်းသောက်သုံးချိန်မှာ ပါးစပ်အတွင်း စံအဆင့်ကိုပြောင်းစေပြီးတော့ သွားပိုးစားမှုကိုကာကွယ်ပေးတာကြောင့် သွားကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ တခြား အဖျော်ယမကာတွေလို သွားကြွေလွှာတွေ ပျက်စီးမှုကိုမဖြစ်စေပါဘူး။ အစာချေဖျက်အားကို ကောင်းစေပါတယ်။ ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်ပေးပါတယ်။ UV Ray တွေကို နေကာအနေနဲ့ ကာကွယ်ပေးပါတယ်။ ဆေးလိပ်သောက်တာမျိုးတွေကြောင့် ဖြစ်လာတဲ့ အဆုတ်ရောဂါတွေဖြစ်မှုကို လျော့နည်းစေတယ်။

https://en.wikipedia.org/wiki/Chinese_tea_culture

https://en.wikipedia.org/wiki/Tea

http://www.realsimple.com/.../healt.../types-of-tea/view-all

http://www.webmd.com/.../tea-types-and-their-health-benefits

http://www.today.com/.../top-10-health-benefits-drinking...

http://healthland.time.com/2012/09/04/13-reasons-to-love-tea^

https://en.wikipedia.org/wiki/History_of_tea_in_India

http://japanese-tea-ceremony.net/history.html

.................

ဆုမြတ်ဦး

Hsu Myat

For Food Magazine

Comments