Coconut Milk Noodle

 Coconut Milk Noodle (အုန်းနို့ခေါက်ဆွဲ)

ဒီနေ့တော့ ကိုဗစ်အုန်းနို့ခေါက်ဆွဲချက်ပါမယ်။ ထူးဆန်းလိုက်တာလို့ မထင်ပါနဲ့။ အုန်းနို့ခေါက်ဆွဲကလည်း စားချင်တယ် အိမ်မှာရှိတာနဲ့ဖြစ်အောင်လဲ ချက်ရအုန်းမယ်ဆိုတော့ အစာပလာတွေလဲ အများကြီးပါအောင် မထည့်နိုင်ဘူး။ ကိုဗစ်ကာလမှာချက်တဲ့ အုန်းနို့ခေါက်ဆွဲလေးပါနော်။ ကဲဒါဆိုရင် အစာပလာတွေအများကြီးမပါလဲ အရသာရှိရှိစားလို့ရမယ့် ကိုဗစ်အုန်းနို့ခေါက်ဆွဲလေး ချက်လိုက်ကြအုန်းစို့…..
ပါဝင်ပစ္စည်းများ
…………………..
ကြက်သွန်ဖြူ ၁ဥ
ဂျင်း လက်တစ်ဆစ်
ကြက်သွန်နီ အသေး၅လုံး
ကြက်ရိုး ၁ဝကျပ်သား
အရောင်တင်မှုန့် စားပွဲဇွန်း၁ဇွန်း
နနွင်းမှုန့် စားပွဲဇွန်း၁ဇွန်း
ဆီနီ စားပွဲဇွန်း၂ဇွန်း
ကြက်သွန်ဖြူဆီချက် စားပွဲဇွန်း၂ဇွန်း
ကုလားပဲ ဆန်ချင်ခွက်၁ခွက်
အုန်းနို့ ၁၆ဝဂရမ်
နို့စိမ်း ၅ဝဂရမ်
ဆီ စားပွဲဇွန်း၅ဇွန်း
ဆား စားပွဲဇွန်း၁ဇွန်း
Dashiရေညှိမှုန့် စားပွဲဇွန်း၁ဇွန်း
ငံပြာရည် စားပွဲဇွန်း၁ဇွန်း
ရေ ၄လီတာ
ခေါက်ဆွဲ လိုသလောက်
ပြုလုပ်နည်းအဆင့်ဆင့်
…………………………..
၁။ကုလားပဲကို အရင်ရက်တည်းက ကြိုပြီးရေစိမ်ထားပါ။ ချက်စားမယ့်ရက်မှာ ဖျော်စက်ထဲထည့်ပြီး အနှစ်ရအောင်ထိ မွှေထားပါ။ မွှေးကထုတ်တဲ့ ပဲအစိမ်းမှုန့်ကို သုံးပြီးချက်လဲရပါတယ်။ အိုးတစ်လုံးထဲမှာ ရေ၄လီတာလောက်ထည့်ပြီး ဆူပွက်အောင်တည်ထားပါ။ ဆူပွက်လာရင် ကြိတ်ထားတဲ့ ကုလားပဲတွေထည့်တည်ထားပါ။
၂။ ချင်း၊ ကြက်သွန်ဖြူကို ထောင်းထားပါ။ ကြက်သွန်နီကိုတော့ အလုံးလိုက်လေးတွေ အခွံသင်ထားပါ။ ကြီးရင်တော့ ထက်ခြမ်းခြမ်းပါတယ်။ အိုးတစ်လုံးထဲမှာဆီထည့်ပြီး ကြက်သွန်ဖြူ၊ ချင်းဆီသတ်ပါ။ ကြက်ရိုး၊ အရောင်တင်မှုန့်၊ နနွင်းတို့ထည့်ပြီး မွှေထားပါ။ ရေထည့်ပြီးနူးအောင်နှပ်ထားပါ။ ကြက်ရိုးနူးပြီဆိုရင် ချက်ထားတဲ့အိုးထဲကအရာတွေ အားလုံးကိုပဲထည့်ထားတဲ့ ရေနွေးအိုးထဲ ထည့်တည်ပါ။
၃။ ကြက်သွန်နီဥလေးတွေ ထည့်ပြီး အုန်းနို့၊ နို့စိမ်း၊ ကြက်သွန်ဖြူဆီချက်၊ ဆီနီ၊ အရသာများထည့်ပြီး ၁နာရီလောက်တည်ထားပါ။ အရည်ပျစ်လာရင်တော့ ရေနွေးထည့်ပါ။ အရည်ကျဲတယ်ထင်ရင်တော့ ကုလားပဲကြိတ်ထားတာထပ်ထည့်ပါ။ အရသာအပေါ့အငန်မြည်းပြီးရင် သုံးဆောင်ဖို့အဆင်သင့်ဖြစ်ပါပြီ။
၄။ ခေါက်ဆွဲကိုတော့ ဆုမြတ်တို့က လပ်ကီးခေါက်ဆွဲထုပ်တွေ အသင့်ဝယ်ထားပါတယ်။ ကိုယ့်အိမ်မိသားစုပေါ်မူတည်ပြီး ပြုတ်ပါ။ ပန်းကန်မှာ ခေါက်ဆွဲ၊ ဟင်းရည်၊ သံပရာစိတ်၊ ငရုတ်သီးမှုန့်၊ ပဲကပ်ကြော်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။ ကြက်ဥတွေ၊ ကြက်သားပြုတ်ပြီးထည့်ရင်လဲရပါတယ်။ ဆုမြတ်ကတော့ မထည့်တော့ဘူးနော်။
## Coconut Noodle (အုန်းနို့ခေါက်ဆွဲ)

Comments