FDA (မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန)နှင့် မိတ်ဆက်တွေ့ဆုံခြင်း

 FDA (မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန)နှင့် မိတ်ဆက်တွေ့ဆုံခြင်း

          မြန်မာနိုင်ငံမှာ အစားအသောက်လုပ်ငန်းတွေ ပိုမိုတိုးပွားလာပြီး မြန်မာပြည်သူတွေ အစားအသောက်ပိုင်းဆိုင်ရာများ အသိပညာ ပိုမိုတိုးမြင့်လာတာနဲ့အမျှ အစားအသောက် ထုတ်ကုန်တစ်ခုအတွက် အစားအသောက်ပိုင်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များကလည်း အရေးပါလို့လာပါတယ်။ ဒီလိုအသိအမှတ်ပြုလက်မှတ်တွေ ဘယ်လိုအရေးကြီးတယ်၊ ဘာကြောင့် ဒီလက်မှတ်တွေ ရရှိထားသင့်လဲ၊ ဘယ်စားသောက်ကုန်တွေက လက်မှတ်တွေ ရထားသင့်လဲ၊ ဒီလိုလက်မှတ်တွေ ရထားတာကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတဲ့ အကြောင်းတွေကိုတော့ အစားအသောက်ပိုင်း တာဝန်ယူထားတဲ့ ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်က ပြောကြားထားပြီး Food Magazine ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

FDA အကြောင်း အရင်ဆုံးမိတ်ဆက်ပေးပါ ဆရာ။

          FDA ရဲ့ အရှည်လေးကတော့ Food and Drug Administration ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဖြစ်ပါတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနလို့ဆိုပေမယ့် တကယ်လုပ်နေတာကတော့ အစားအသောက်ရော၊ ဆေးဝါးရော၊ ဆေးပစ္စည်းရော အလှကုန်တွေပါ ၄ မျိုးစလုံးကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဓိကကတော့ FDA အနေနဲ့ ဘာတွေလုပ်ဆောင်နေလဲဆိုရင် ပြည်သူတွေ သုံးစွဲစားသောက်နေတဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ ဆေးပစ္စည်းကိရိယာတွေ၊ အလှကုန်တွေကို ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် အဓိကထားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အများပြည်သူစားသောက်နေတဲ့ ဒီအစားအသောက်တွေကို Food Safety ဆိုတဲ့ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဓိကဦးတည်ပြီး လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ရောင်းချနေတဲ့အစားအသောက်တွေက စိတ်ချရမှုတွေ မရှိဘူးဆိုရင် စစ်ဆေးကြပ်မတ်ဖို့က ကျွန်တော်တို့တာဝန်ဖြစ်နေပါတယ်။

FDA မှ ဘယ်လိုအသိအမှတ်ပြုလက်မှတ်တွေကို ထောက်ခံပေးနေတာလဲ သိချင်ပါတယ်။

          လောလောဆယ် အနေအထားအရကတော့ ထုတ်လုပ်တဲ့ အစားအသောက်တိုင်း FDA မှာ အစစ်ခံရမယ်လို့ သတ်မှတ်မထားပါဘူး။ သို့ပေမယ့်လည်း သောက်သုံးနေတဲ့ သောက်ရေသန့်ကတော့ FDA က ထောက်ခံချက် ယူကိုယူရမယ်။ ယူပြီးမှပဲ ဈေးကွက်မှာ တင်သွင်းရောင်းချခွင့် ပေးထားပါတယ်။ ကျန်တဲ့အစားအသောက်တွေကတော့ FDA ထောက်ခံချက်လက်မှတ်လိုချင်ရင် လာပြီး လျှောက်ချင်လည်း ရတယ်။ မလျှောက်ချင်လည်း ဖြစ်တယ်။ FDA ကနေ အစားအသောက်တွေအတွက် GMP ဆိုတဲ့ Good Manufacturing Practice (ကောင်းမွန်တဲ့ ထုတ်လုပ်မှုကျင့်စဉ်) မှာ ရှိတယ်ဆိုရင် သက်တမ်း ၂ နှစ်ရှိတဲ့ ထောက်ခံချက်လက်မှတ် ထုတ်ပေးပါတယ်။ GHP ဆိုတဲ့ Good Hygiene Practice (ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်) နဲ့ ညီတယ်ဆိုရင် သက်တမ်း ၁ နှစ်ရှိတဲ့ ထောက်ခံချက်လက်မှတ် ထုတ်ပေးပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ အစားအသောက်တွေအတွက်ကတော့ IR (Import Recommendation) နဲ့ IHC (Import Health Certificate) ဆိုတဲ့ လက်မှတ်တွေ ထုတ်ပေးပြီး ပြည်တွင်းမှာ ရောင်းချခွင့်ပေးထားပါတယ်။ ပြည်တွင်းကနေ ပြည်ပသို့တင်ပို့တဲ့ အစားအသောက်တွေအတွက်လည်း ER (Export Recommendation) နှင့် EHC (Export Health Certificate) တွေ ထုတ်ပေးထားပါတယ်။

စက်ရုံတစ်ရုံ၊ လုပ်ငန်းတစ်ခုအတွက် ထောက်ခံချက်လက်မှတ် ရထားပြီးပြီဆိုရင် လုပ်ငန်းလည်ပတ်တဲ့ သက်တမ်းတစ်လျှောက်လုံး ထောက်ခံပေးတာလားဆိုတာ သိချင်ပါတယ်။

          အသိအမှတ်ပြု လက်မှတ်တွေက ပေးထားတဲ့ သက်တမ်းကုန်သွားပြီဆိုရင်တော့ သက်တမ်းပြန်တိုးရပါတယ်။ စက်ရုံတစ်ရုံက GHP လက်မှတ်ရထားတယ်ဆိုရင်တော့ တစ်နှစ်တစ်ခါ သက်တမ်းတိုးရပါတယ်။ သက်တမ်းတိုးတဲ့ အကြိမ်တိုင်းမှာ ကျွန်တော်တို့က စက်ရုံကိုသွားပြီး စစ်ဆေးတဲ့အပြင် သူ့ရဲ့ထုတ်ကုန်တွေကိုလည်း ဓာတ်ခွဲခန်းကို ယူပြီး စစ်ဆေးပါတယ်။ ဒီလိုစစ်တဲ့အခါမှာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိမှ၊ ဓာတ်ခွဲခန်းရလဒ်တွေကလည်း သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ပြည့်မီမှ ကျွန်တော်တို့က သက်တမ်းတိုး ထောက်ခံချက် ဆက်ထုတ်ပေးတာ ဖြစ်ပါတယ်။ တစ်ခါထုတ်ပေးလိုက်ရင် တစ်သက်လုံး ထောက်ခံပေးထားတာ မဟုတ်ပါဘူး။ ထောက်ခံချက်ပေးလိုက်ရင် ကျွန်တော်တို့က လက်လွတ်စပယ် ပေးလိုက်တာမဟုတ်ပါဘူး။ ဈေးကွက်ထောက်လှမ်း စုံစမ်းခြင်းဆိုတဲ့ စနစ်လေးရှိပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ ထောက်ခံချက်ပေးထားတဲ့ ကုန်ပစ္စည်းဟာ ကျွန်တော်တို့ စစ်ဆေးပြီးတဲ့အတိုင်း အရည်အသွေးမီမီ စိတ်ချရမှု ရှိရဲ့လားဆိုတာ ဈေးကွက်ထောက်လှမ်း စုံစမ်းခြင်းနည်းကိုသုံးပြီး စစ်ဆေးပါတယ်။ ဥပမာအားဖြင့် ဈေးထဲကိုသွားတယ်။ ထောက်ခံချက်ရပြီးသား အစားအသောက်တွေကို နမူနာယူတယ်။ ပြန်ပြီးတော့ ဓာတ်ခွဲစမ်းသပ်တာတွေ ရှိတယ်။ ဒီလိုစစ်ဆေးတာကြောင့် စိတ်မချရတာတွေ တွေ့ရင် နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ကြေညာတယ်။ စက်ရုံကိုခေါ်ယူပြီး သတိပေးအရေးယူတာတွေ ရှိတယ်။ ဒါကတော့ ဈေးကွက်ကို ရောက်သွားတဲ့တိုင်အောင် ကျွန်တော်တို့ဘက်က နောက်ကနေ စဉ်ဆက်မပြတ် လိုက်လံစုံစမ်းတာတွေလည်း ရှိပါတယ်။

ဒီလို အသိအမှတ်ပြုလက်မှတ်တွေရရှိဖို့အတွက် လုပ်ငန်းရှင်တွေဘက်က ပြင်ဆင်ထားရမှာတွေကို ပြောပြပေးပါ ဆရာ။

          FDA ထောက်ခံချက် လိုချင်တဲ့ စက်ရုံတွေဆိုရင်တော့ အရင်ဆုံး တိုင်းနဲ့ပြည်နယ်တွေမှာ ရှိတဲ့ FDA ရုံးခွဲတွေကို အရင်သွားရမယ်။ လျှောက်လွှာပုံစံကို ယူရမယ်။ လျှောက်လွှာပုံစံနဲ့ အတူတူ လိုအပ်တဲ့အချက်အလက်တွေက အနည်းဆုံး ၁၄ ချက်ရှိပါတယ်။ ဒီစာရင်းရေးထားတဲ့ စာရွက်ကို ပေးလိုက်မှာပါ။ လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ မန်နေဂျာပဲဖြစ်ဖြစ်၊ တာဝန်ရှိတဲ့သူကို ကျွန်တော်တို့ဆီက ဒုကြီးကြပ်ရေးမှူးက ဘယ်လိုပုံစံ ဖြည့်ရမလဲ၊ အချက် ၁၄ ချက်က ဘာတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို အသေးစိတ် နားလည်တဲ့အထိ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ အဲဒီအချက်တွေမှာ ဘာတွေပါလဲဆိုရင် အကြမ်းဖျင်းအားဖြင့် လျှောက်လွှာပုံစံပါမယ်။ ထုတ်လုပ်မယ့် ထုတ်ကုန်အမျိုးအစား၊ ထုတ်လုပ်မယ့် စက်ရုံရဲ့  Layout Plan တွေ၊ စက်ရုံရဲ့အတွင်းအခန်းဖွဲ့စည်းပုံတွေ၊ သူ့ရဲ့ကုန်ပစ္စည်းထုတ်လုပ်ပုံအဆင့်ဆင့်ကို စာနဲ့ဖော်ပြတာတွေ၊ ဓာတ်ပုံမှတ်တမ်းနဲ့ ဖော်ပြတာတွေ၊ ဝန်ထမ်းတွေရဲ့ ကျန်းမာကြောင်း ထောက်ခံချက်တွေ၊ ဆက်စပ်ဌာနတွေရဲ့ လိုင်စင်တွေ (စည်ပင်က ထုတ်ပေးထားတဲ့ လိုင်စင်၊ စက်မှုကြီးကြပ်က ထောက်ခံချက် လိုင်စင်) တွေ လိုအပ်ပါတယ်။ တကယ်လို့ ဟာလာ (halal) တံဆိပ်တပ်မယ် ဆိုရင်လည်း ဟာလာ (halal) ထောက်ခံချက်ပေးခွင့်ရှိတဲ့ အဖွဲ့အစည်းက ထောက်ခံချက်တွေ လိုအပ်ပါတယ်။ ဒီလိုအချက်တွေ ပြည့်စုံတယ်ဆိုရင်တော့ တိုင်းနဲ့ ပြည်နယ်ဌာနခွဲတွေမှာ လျှောက်လွှာတင်လို့ ရပါပြီ။

          စစ်ဆေးတဲ့အချိန်တွေကတော့ ပြည့်စုံတဲ့ လျှောက်လွှာတစ်စောင်မှာဆိုရင် တိုင်းနဲ့ပြည်နယ်ရုံးခွဲတွေကနေ နေပြည်တော်ရုံးချုပ်ကို ပို့ပေးပါတယ်။ နေပြည်တော် ရုံးချုပ်ကနေ ထပ်မံစစ်ဆေးပြီးတော့ လိုအပ်တာရှိရင်လည်း တောင်းတယ်။ လိုအပ်ရင် စက်ရုံကိုသွားစစ်ဖို့အတွက် ညွှန်ကြားစာထုတ်ပေးပါတယ်။ ဒီလိုစာရောက်ပြီဆိုရင်တော့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ရုံးတွေကနေ ကိုယ်တိုင်ကိုယ်ကျ စက်ရုံကို သွားစစ် ပါတယ်။ စစ်ပြီးရင် ထုတ်ကုန်နမူနာကို ချိတ်ပိတ်ပြီး နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန် အဆင်ပြေတဲ့ ဓာတ်ခွဲခန်းဆီကို ပို့ပေးပါတယ်။ အောက်မြန်မာပြည်ဆိုရင် ရန်ကုန် ဓာတ်ခွဲခန်းကို ပို့ပါတယ်။ အထက်မြန်မာပြည်ဆိုရင် မန္တလေးနဲ့ နေပြည်တော် ဓာတ်ခွဲခန်းကို ပို့ပေးပါတယ်။ သူ့ရဲ့ထုတ်ကုန်နမူနာနဲ့ ဓာတ်ခွဲစစ်ဆေးတာ အောင်မြင်တယ်ဆိုရင်၊ စားသုံးဖို့အန္တရာယ်ရှိတာတွေ မပါဘူးဆိုရင် ဘေးအန္တရာယ်ကင်းရှင်းတယ်ဆိုတဲ့ ထောက်ခံချက်လက်မှတ် ရလာမယ်။ သွားပြီးစစ်တဲ့အချိန်မှာလည်း လိုအပ်ချက်နဲ့ ပြည့်စုံတယ်ဆိုရင် FDA ထောက်ခံချက်လက်မှတ် ရလာမှာဖြစ်ပါတယ်။

အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးတဲ့နေရာမှာ ကြန့်ကြာနေတွေက ဘာတွေကြောင့်ဖြစ်မလဲ ပြောကြားပေးပါ ဆရာ။

          ထောက်ခံချက်ထုတ်ပေးတဲ့အချိန်မှာ ဘာကြောင့်ကြန့်ကြာနေလဲဆိုရင်တော့ သူတို့ရဲ့ထုတ်ကုန်တွေက ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာ မအောင်မြင်တဲ့အခါ နောက်တစ်ကြိမ်ထပ်ပြီး နမူနာကောက်ရတာရှိတယ်။ စက်ရုံကိုသွားပြီး စစ်တဲ့အချိန်မျိုးကျရင်လည်း ပြင်စရာရှိတာလေးတွေ၊ လိုအပ်တာလေးတွေ ပြင်ဖို့ မှာခဲ့တာ ရှိတယ်။ ဒါလေးတွေဖြစ်လာမယ်ဆိုရင် အချိန်ပိုယူရပါတယ်။ ဒီလိုပြင်ဆင်စရာလေးတွေကို တချို့တွေက ၁ လ အချိန်ယူတယ်။ တချို့တွေက ၃ လလောက် အချိန်ယူတယ်။ မပြင်ဘဲ ဒီတိုင်းပဲထားပြီး နေနေတဲ့စက်ရုံတွေလည်း ရှိတယ်။ ဒီလိုမျိုးဆိုရင် ထောက်ခံချက်ရဖို့က အချိန်ပိုပြီး ယူရပါတယ်။ ပြည့်စုံတဲ့လျှောက်လွှာတစ်စောင်က တိုင်းနဲ့ပြည်နယ် ရုံးခွဲကိုရောက်တဲ့ အချိန်ကစပြီး ထောက်ခံချက်လက်မှတ် ရတဲ့အချိန်အထိကတော့ ၃  လကနေ ၄ လကြား အချိန်တော့ ယူရပါတယ်။ ဓာတ်ခွဲခန်းမှာလည်း စစ်ဆေးရတဲ့ အစားအသောက်အမည်တွေ များတဲ့အတွက် အချိန်ယူရတာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ရောက်တာနဲ့ တစ်ပြိုင်တည်း စစ်ဆေးပေးနေပါတယ်။

စားသောက်ကုန်ပစ္စည်းတစ်မျိုးမျိုးအတွက် ထောက်ခံချက်လက်မှတ်လိုချင်ရင် စက်ရုံ ပြရမယ်ဆိုတာ သိထားပါတယ်။ အိမ်တွင်း တပိုင်တနိုင်လုပ်ငန်းတွေဆိုရင် မပြနိုင်ဘူးဆို တဲ့ အငြင်းပွားမှုတွေအပေါ် ဖြေရှင်းပေးပါဦး ဆရာ။

          ထောက်ခံချက်လက်မှတ် လိုချင်တဲ့ အစားအသောက်ပစ္စည်းတစ်မျိုးကို စစ်မယ်ဆိုရင် စက်ရုံပြရမယ်ဆိုတာကလည်း သူက  ဒီအစားအသောက်ကို သူကိုယ်တိုင် ထုတ်လုပ်တယ်ဆိုရင် ထုတ်လုပ်တဲ့နေရာကို ကျွန်တော်တို့က သွားကြည့်မှာပါ။ ဥပမာ-ငရုတ်သီးထုတ်တယ်ဆိုရင် ကောင်းမွန်တဲ့ သန့်ရှင်းမှုကျင့်စဉ်နဲ့ ထုတ်လုပ်ထားလားဆိုတာကတော့ အခန်းနဲ့ သေချာလေး ထုတ်လုပ်ထားမှ ရမှာပေါ့။ စက်ရုံပုံစံနဲ့ ဖွဲ့စည်းပုံ စနစ်တကျ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှဖြစ်မှာပေါ့။ သူ့ငရုတ်သီးကို သူ့ခြံဝန်းထဲမှာပဲ အပင်အောက်မှာပဲ ငရုတ်သီးကို ဒီအတိုင်းထားမယ်။ ကြိတ်တာကလည်း ခြံဝန်းထဲမှာ အမိုးမပါဘူး၊ အကာမပါဘူး။ ဒီအတိုင်းပဲကြိတ်မယ်။ ပါကင်ထုပ်တဲ့အချိန်မှာလည်း နောက်ဖေးမီးဖိုချောင်မှာပဲဖြစ်ဖြစ်၊ အိမ်ရဲ့ဧည့်ခန်းမှာပဲဖြစ်ဖြစ် ပါကင်ထုပ်မယ်ဆိုရင် ငရုတ်သီးထုတ်တဲ့ စက်ရုံလို့ ဘယ်လိုမှမသတ်မှတ်ဘူး။ ခွင့်ပြုမပေးပါဘူး။ ဒါကြောင့် သူက စက်ရုံလို အခန်းဖွဲ့စည်းပုံရှိရမယ်လို့ ပြောတာပါ။ စက်ရုံပြမှ ထုတ်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒီလိုအခန်းဖွဲ့စည်းပုံမရှိရင် ငရုတ်သီးမှုန့်ကတော့ ဖြစ်သွားတာပဲ။ ခြံဝန်း ထဲမှာပဲ လှန်းတယ်။ အပင်အောက်မှာ ကြိတ်တယ်။ နောက်ဖေးခြံဝန်းလေးထဲမှာပဲ ပါကင်ထုပ်တယ်ဆိုရင် သူ့ရဲ့ငရုတ်သီးက ဘယ်လိုမှ သန့်ရှင်းမှုရှိမှာ မဟုတ်ပါဘူး။ မိုးတွင်းမှာဆိုရင် စိုထိုင်းစတွေရှိမယ်။ Aflatoxin လို့ခေါ်တဲ့ မှိုတွေ ပါသွားနိုင်တယ်။ ဖုန်မှုန့်တွေ၊ အခြားမလိုလားအပ်တဲ့ အဆိပ်အတောက်တွေ ပါသွားနိုင်တယ်။ ဒါကြောင့် အစားအသောက်ကို ထုတ်လုပ်ရောင်းချမယ်ဆိုရင် သတ်မှတ်ထားတဲ့ အခန်းဖွဲ့စည်းပုံနဲ့ ထုတ်လုပ်မှပဲ ကျွန်တော်တို့က စစ်ဆေးပြီး လက်မှတ်တွေပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ GMP, GHP ရဲ့  သတ်မှတ်ချက်တွေမှာလည်း ထုတ်လုပ်တဲ့ စက်ရုံတွေမှာ သပ်သပ်ရပ်ရပ်၊ စနစ်တကျလုပ်ထားတဲ့ အခန်းတွေ၊ ဝန်ထမ်းတွေရဲ့ ခေါင်းဆောင်း၊ ရင်ကာ၊ နှာခေါင်းစည်း ဒါမျိုးသတ်မှတ်ချက်တွေရှိပါတယ်။ တွေ့ကရာနေရာ ထုတ်ထားပြီး တံဆိပ်ကပ်ထားတဲ့ ကုန်ပစ္စည်းများကို FDA က ထောက်ခံချက်လက်မှတ် ထုတ်ပေးမှာ မဟုတ်ပါဘူး။


မစားသုံးသင့်တဲ့ အစားအသောက်တွေကို စားသုံးသူ ပြည်သူတွေသိရှိအောင် ဘယ်လိုဆောင်ရွက်ပေးနေလဲရှင့်။

          မစားသုံးသင့်တဲ့ အစားအသောက်တွေအကြောင်း နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် စစ်ဆေးတွေ့ရှိတာတွေကို ထုတ်ပြန်ကြေညာပေးတာ ရှိတယ်။ ဈေးတွေမှာ အမှတ်တံဆိပ်မပါတဲ့ ကုန်ပစ္စည်းတွေကျတော့ သတင်းစာကနေ ကြေညာဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒီလိုသွားစစ်လို့ ဓာတုပစ္စည်းတွေ တွေ့တယ်ဆိုရင်တော့ သက်ဆိုင်ရာမြို့နယ်၊ အစားအသောက် ကြီးကြပ်ကွပ်ကဲရေး ဆုံးဖြတ်ချက်နဲ့ပဲ ပစ္စည်းတွေကို သိမ်းဆည်း ဖျက်ဆီး အရေးယူတာတွေ ရှိပါတယ်။

ဆိုရှယ်မီဒီယာ အသုံးများတာနဲ့အမျှ အစားအသောက်အကြောင်း ရေးထားတဲ့ စာတွေကိုလည်း တွေ့ရပါတယ်။ အဲဒါတွေက သတင်းအမှန်တွေပါလို့ ယုံကြည်ဖို့ သင့်ပါသလား။

          Facebook က သတင်းတွေက မှန်ကန်တဲ့သတင်းတွေရှိသလို အကြားနဲ့ လျှောက်ရေး ထားတာတွေလည်း ရှိတယ်။ ဥပမာ- အကြော်ကြော်တဲ့အခါ ရေသန့်ဘူးထည့်ကြော်တယ်ဆိုတာ တကယ်စမ်းကြည့်လိုက်ပါ။ ဆီပူထဲကို ရေသန့်ဘူးလေးညှပ် ထည့်ပြီး စမ်းကြည့်၊ တကယ်ပျော်သွားလားဆိုတာကို ဘယ်သူမှလည်း စမ်းမကြည့်ကြဘူး။ တစ်ယောက်က ရေသန့်ဘူးထည့်ကြော်တယ်ဆိုရင် လူတကာက ထည့်ကြော်တယ်ဆိုပြီး ဝိုင်းယုံနေကြတာချည်းပဲ။ အကုန်လုံးကို မျက်စိမှိတ်ပြီး ယုံလို့မရဘူး။ တချို့အရာတွေက စီးပွားရေး တိုက်ကွက်တွေပါတယ်။ လုပ်ငန်းရှင်အချင်းချင်း မကျေနပ်ကြတဲ့အခါ တိုက်ခိုက်တာ တွေရှိတယ်။ တချို့ဟာတွေက စိတ်ကူးပေါက်ရာ လျှောက်ပြောတာတွေ ရှိတယ်။ သတင်းတွေ မှန် မမှန်ဆိုတာကတော့ ပညာရှင်တွေကို မေးကြည့်ပြီးမှ ချင့်ချိန်ပြီး ယုံမှပဲ ရမှာပါ။

          ကျွန်တော့်အမြင်ကတော့ Facebook ပေါ်မှာ ရေးထားတဲ့ သတင်းတွေက ဘယ်အဖွဲ့အစည်း၊ ဘယ်ဌာန၊ ဘယ်လိုပုဂ္ဂိုလ်က ရေးထားသလဲ။ ရေးတဲ့သူက ဒီအစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်တွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး နှစ်ပေါင်းများစွာ လုပ်လာတဲ့သူလား၊ နောက်တစ်ခုက အတွေ့အကြုံရှိတဲ့သူက ရေးတာလား၊ ဒါမှမဟုတ် မနေ့တစ်နေ့ကမှ စာကိုစရေးတဲ့သူက ရေးတာလားဆိုတာတွေက အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုတွေ့နေရတယ်။ ဘယ်သူက ပြောလို့ ပြောနေမှန်းလည်း မသိဘူး။ ဘယ်သူက ရေးထားမှန်းမသိတဲ့ စာတစ်ခုကို၊ တွေ့တဲ့ စာတစ်ခုကို ဟိုလူက ရှယ်၊ ဒီလူက ရှယ်၊ ဘယ်အသင်း၊ ညာအသင်းဆိုပြီး ရေးကြတယ်။ သုတေသနလုပ်ထားတာတွေ ရှိသလားဆိုတာတွေ ကြည့်ရမယ်။ ဒါမျိုး သုတေသနလုပ်ထားတာတွေ မရှိဘဲနဲ့ ဘယ်အစားအစာမှာတော့ ဘာပါပါတယ်ဆိုတာတွေ ရမ်းသန်းရေးနေတာကတော့ ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်နေတယ်လို့ပဲ မြင်ပါတယ်။ Facebook ပေါ်က သတင်းအမှားတွေကို ပြည်သူတွေက ယုံကြည်နေကြတဲ့အပေါ် လိုက်ဖြေရှင်းပေးဖို့အတွက် FDA ရဲ့ တာဝန်က အတိုင်းအတာတစ်ခုအထိတော့ လိုအပ်ပါတယ်။ ဒါပေမဲ့ FDA ရဲ့ တာဝန်ကြီးပဲတော့ မဟုတ်ဘူးပေါ့။ ပြီးတော့ Facebook ပေါ်က သတင်းတွေမှာ အစားအသောက်သတင်းတွေအပြင် စီးပွားရေး၊ နိုင်ငံရေး သတင်းတွေပါ ရှိတာဆိုတော့ ဒါတွေက Cyber Law နဲ့ ဥပဒေပညာရှင်တွေက စီစဉ်ကြီးကြပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။ ဒီလိုသတင်းအမှားတွေကို ကျွန်တော်တို့ FDA ဘက်ကလည်း ဖြေရှင်းနိုင်အောင် ကြိုးစားနေပါတယ်။ ဖြေရှင်းဖို့ ကြိုးစားတိုင်းမှာ ကျွန်တော်တို့ ရေးလိုက်တာက နည်းနည်း၊ Page ပေါင်းစုံကနေ ဒီသတင်းအမှားတွေကို ခေါင်းစဉ်မျိုးစုံနဲ့ တပ်ပြီး ရှယ်နေကြတော့ တွန်းလှန်ဖို့ကိုတော့ အများကြီး ကြိုးစားရဦးမယ်လို့ ထင်ပါတယ်။ မကြာခင်ကပဲ နိုင်ငံပိုင်သတင်းစာမှာတောင် အစားအသောက်နဲ့ ပတ်သက်ပြီး သတင်းအမှားရေးထားတာ ရှိတယ်။ ဒါကို ကျွန်တော်တို့ဆီက အစားအသောက်ဌာနခွဲမှာ တာဝန်ယူထားခဲ့ဘူးတဲ့ ဒါရိုက်တာက ပြန်ပြီး ဖြေရှင်းပေးထားပါတယ်။ ဆရာကြီး ဖြေရှင်းထားတာကိုလည်း ကျွန်တော်တို့က နီးစပ်ရာလူတွေဆီကို Link လေးတွေ ပို့ပြီး အချက်အလက်လေးတွေ ပြန်လည်မျှဝေနေပါတယ်။ နိုင်ငံပိုင်သတင်းစာမှာတောင် အယ်ဒီတာရဲ့ သတိလက်လွတ်မှုကြောင့် ဒီလိုသတင်းတွေပါနေတယ်ဆိုတော့ Facebook လိုနေရာမျိုးက သတင်းတွေကို ထိန်းချုပ်ဖို့ ပိုပြီးခက်ပါတယ်။ လောလောဆယ်အနေနဲ့ သတင်းအမှားတွေကို ပြန်ပြီး ဖြေရှင်းရမှာဖြစ်ပြီး သတင်းအမှားတွေကို မရေးအောင် ထိန်းချုပ်ဖို့ကတော့ ကျွန်တော်တို့ဌာနအနေနဲ့ လောလောဆယ်တော့ လက်လှမ်းမမီသေးပါဘူး။

ဒါဆိုရင် FDA က မကြေညာမချင်း ဒီအစားအသောက်တွေက စားသုံးသင့်ပါတယ်လို့ စားသုံးသူတွေက ယုံကြည်ထားလို့ ရနိုင်မလားဆိုတာကိုလည်း သိချင်ပါတယ်။

          စားသုံးသူတွေက ကျန်းမာရေးနဲ့ အာကစား ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ရှိတယ်။ FDA ဝက်ဘ်ဆိုဒ် (www.fdamynmar.gov.mm) ရှိတယ်။ ဒီဝက်ဘ်ဆိုဒ်တွေမှာ ခွင့်ပြုထားတဲ့ သောက်ရေသန့်လုပ်ငန်းတွေ၊ ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေက ဘာတွေရှိလဲဆိုတာတွေကို အားလုံးရေးတင်ထားပါတယ်။ မည်သူမဆို အချိန်မရွေး ဝင်ကြည့်လို့ရပါတယ်။ ဒါတွေက တရားဝင်မှန်ကန်တဲ့ သတင်းတွေပါ။ အခုနောက်ပိုင်း ထွက်နေတဲ့ သတင်းတွေအရ မုန့်ဟင်းခါးမစားသုံးသင့်ဘူးဆိုတဲ့ သတင်းတွေဆိုရင်တော့ မုန့်ဟင်းခါးကို ဘာကြောင့်မစားသင့်တာလဲဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိရပါမယ်။ အစားအသောက်တစ်ခုကို မစားသုံးသင့်ဘူးလို့ ပြောလိုက်မယ်ဆိုရင် သူများစီးပွားရေးကို တုတ်နဲ့သွားထိုးလိုက်တာပဲ။ ဒါကြောင့် ဒီလိုမစားသုံးသင့်ဘူးလို့ ပြောလိုက်ရင် ဘာ့ကြောင့်လဲဆိုတဲ့ ခိုင်မာတဲ့အကြောင်းပြချက် ရှိရတယ်။ ဥပမာ- FDA က ဟောပြောတဲ့ ဟောပြောပွဲတွေမှာလည်း မုန့်ဟင်းခါးဖတ် မစားသုံးသင့်ဘူးလို့ တစ်ခါမှ မဟောပြော ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဖော်မလင်ပါတဲ့ မုန့်ဟင်းခါးဖတ်ဆိုရင် မစားနဲ့။ စားသုံးသူကလည်း မုန့်ဟင်းခါးဖတ် ဖော်မလင်ပါမပါ သေချာမသိနိုင်ဘူး။ FDA က အဖွဲ့တွေက ဈေးထဲကို သွားတယ်။ မုန့်ဟင်းခါးတွေကို ရသလောက်ဝယ်တယ်။ စစ်ပေးတယ်။ စစ်လိုက်လို့ ဖော်မလင်ပါတယ်ဆိုရင် ရှိသမျှ မုန့်ဟင်းခါးဖတ်တွေကို သိမ်းဆည်းဖျက်ဆီးတယ်။ အစာဆေးဝါးမြို့နယ်ကော်မတီရဲ့ စီမံမှုနဲ့လုပ်ငန်းတွေကို ၁ လပိတ်၊ ၃ လ ပိတ်၊ အပြီး သိမ်းတယ်ဆိုတဲ့ အရေးယူမှုတွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်လာတာကြောင့် မုန့်ဟင်းခါးကို ဖော်မလင်ထည့်တာ တော်တော်ကြီးကို နည်းသွားပါပြီ။

ဒီလိုအသိအမှတ်ပြုလက်မှတ်တွေ ရရှိထားတာကြောင့် စားသုံးသူ၊ လုပ်ငန်းရှင် နှစ်ဖက်လုံးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲ။

          အသိအမှတ်ပြုလက်မှတ်ရထားတဲ့ အစားအသောက်တွေက စားသုံးသူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတော့ နောက်ပိုင်းမှာ စားသုံးသူတွေက အဲဒီလို အသိပညာတွေရှိလာမယ်ဆိုရင် နိုင်ငံတကာမှာလိုပဲ အစားအသောက်တစ်ခုခုကို ကြည့်လိုက်တာနဲ့ ထုတ်လုပ်ထားတဲ့ရက်စွဲ၊ သက်တမ်းကုန်ဆုံးမယ့်ရက်စွဲတွေ ကြည့်လာလိမ့်မယ်။ ကျွန်တော်တို့ ထောက်ခံပေးထားတဲ့ အစားအသောက်တွေမှာ သက်တမ်းကုန်ဆုံးမယ့်ရက်စွဲမပါရင် မထုတ်ပေးပါဘူး။ ဒါဆိုရင် စားသုံးသူတွေက ဘယ်အချိန် သက်တမ်းကုန်မလဲဆိုတာကို ကြည့်လို့ရမယ်။ ပြီးရင် ထုတ်ကုန်မှာပါမယ့် ပါဝင်ပစ္စည်းပေါ့။ ဒီအစားအသောက်မှာ ဘာတွေပါဝင်လဲဆိုတာကို ဖော်ပြပေးရမယ်။ ဒါမှသာ စားသုံးသူက သူနဲ့ ဓာတ်မတည့်တဲ့ ကုန်ပစ္စည်းပါမယ်ဆိုရင် ရှောင်ရှားလို့ရမယ်။ တချို့တွေဆို မြေပဲနဲ့ ဓာတ်မတည့်တဲ့သူတွေလည်း ရှိတယ်။ နို့နဲ့မတည့်တဲ့သူတွေ ရှိတယ်။ ဒီလိုလူတွေက ပါဝင်ပစ္စည်းရေးထားတာကို ကြည့်ပြီး ရှောင်ထားလို့ရတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကို ကြည့်မယ်ဆိုရင် အခုနောက်ပိုင်းမှာ City Mart နဲ့ Ocean တို့မှာ FDA ထောက်ခံချက်လက်မှတ်မပါရင် သူ့မားကတ်မှာ တင်ပြီးမရောင်းပါဘူး ဆိုတာမျိုးတွေ ပြောလာကြပြီ။ ဒါကလည်း ရောင်းသူ၊ ဝယ်သူရဲ့ ဗဟုသုတလေးတွေ မြင့်လာတဲ့အခါမှာ ဒီလို FDA ထောက်ခံချက်ရှိတော့မှပဲ ယုံကြည်စိတ်ချမှုရှိမယ်ဆိုပြီး City Mart နဲ့ Ocean တို့မှာ တင်ရောင်းမယ်တွေ ဖြစ်လာကြတာပေါ့။ ငွေဆောင်က ဟိုတယ်တစ်ခုမှာဆိုရင် အရင်က ရိုးရိုးပဲ ရေသန့်ပို့လည်းရပေမယ့် အခုဆိုရင် ရေသန့်ပို့တဲ့ စက်ရုံကို သက်တမ်းရှိတဲ့ FDA ထောက်ခံချက်လက်မှတ်မိတ္တူပေးပါဆိုပြီး တောင်းလာတယ်။ FDA ထောက်ခံချက်လက်မှတ်ရှိတဲ့ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းပိုင်း ယှဉ်ပြိုင်ရာမှာ အကျိုးကျေးဇူးတွေ အများကြီးရှိလာနိုင်ပါတယ်။

by ဆုမြတ်ဦး for Food Magazine

##HsuMyat

##HsuMyatOo

##foodmagaine

##tastewindowfoodmagazine

Comments