အညာအလှူငါးခြောက်ထောင်းကြော်
ဆုမြတ်ငယ်ဘဝကို မုံရွာမြို့နားက ရေဦးမြို့မှာဖြတ်သန်းခဲ့တာဆိုတော့ အညာအလှူငါးခြောက်ထောင်းကြော်ကို မကြာခဏစားရတတ်တယ်။ ဆုမြတ်တို့အိမ်မှာ ဘယ်လောက်ပဲကြော်စားကြော်စား အလှူမှာကျွေးတဲ့ ငါးခြောက်ထောင်းကြော်ကို မမှီဘူးလို့ခံစားရတယ်။ ငါးခြောက်ထောင်းကြော်ရတာ ဆီလဲအရမ်းကုန်သလို၊ များများကြော်ရင် ကြော်သလို အားလဲအရမ်းကုန်ပါတယ်။ ဆုမြတ်အဖိုးက အရင်ကအိုးသူကြီးဆိုတော့ တော်တော်များများကို ချက်ပြုတ်တတ်သလို အဖိုးချက်တာတွေက အရမ်းစားကောင်းပါတယ်။ ဒီနေ့ကြော်တဲ့recipesလေးရဲ့ videoလေးမှာ အဖိုးကသူ့အတွေ့အကြုံလေးတွေ ပြောပြရင်း ဆုမြတ်တို့ကြော်ပြထားပါတယ်။ အလှူမှာငါးခြောက်ထောင်းကြော်ရတာ ဘယ်လောက်ပင်ပန်းလဲဆိုရင် အဖိုးက "“ဝက်သားတစ်ဒယ်အိုးနဲ့ ငါးခြောက်ထောင်း တစ်ဒယ်အိုးချက်ရမယ်ဆိုရင် ဝက်သားတွေပဲချက်လိုက်မယ်။"” ဆိုပြီးပြောပြထားတယ်။ ဘယ်လောက်ပဲပင်ပန်းပန်း အရမ်စားကောင်းတဲ့ဟင်းလေးတစ်ခွက်ပါ။ ဒီငါးခြောက်ထောင်းကြော်ပြီဆိုရင် ဘယ်လောက်ပဲများများကြော်ထားထား ကုန်တာမြန်တယ်။ ထမင်းနဲ့တွဲစားလို့ရတယ်။ လူကြီးတွေဆို ရေနွေးကြမ်းလေးနဲ့မြည်းတယ်။ ဆုမြတ်တို့အငယ်တွေကတော့ ထမင်းနဲ့အပြင် ပေါင်မုန့်နဲ့ပါညှပ်စားကြတယ်။
ပါဝင်ပစ္စည်းများ
ငါးခြောက် ၂၀ကျပ်သား
ကြက်သွန်နီ ၃၀ကျပ်သား
ငရုတ်သီးအကြမ်းဖတ် စားပွဲဇွန်း၁ဇွန်း
အရောင်တင်ငရုတ်သီးမှုန့် စားပွဲဇွန်း၁ဇွန်း
ဆီ ၁၀ကျပ်သား
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ငါးခြောက်တွေကို အတုံးလေးတွေတုံးပြီး ရေနွေးပူပူထဲမှာထည့်ပြုတ်ပါ။ ငါးခြောက်တွေ နူးလာပြီဆိုရင် ဆယ်ပြီးငရုတ်ဆုံထဲမှာ ထည့်ထောင်းပါ။ ကြက်သွန်နီတွေကို ပါးပါးလေးလှီးတွေ လှီးထားပါ။
၂။ အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ဆီပူလာရင် လှီးထားတဲ့ကြက်သွန်နီတွေထည့်ပြီး နွမ်းလာတဲ့ထိကြော်ပါမယ်။ ကြက်သွန်နီနွမ်းလာအောင် ကြော်တဲ့အဆင့်က တော်တော်လေးကြာပါတယ်။ မိနစ်၃၀ကျော်ကျော်လေးထိတောင် ကြာတဲ့အထိကြော်ရပါတယ်။ (ကြက်သွန်နီတွေ ကြေပြီးငါးခြောက်ရောလိုက်တဲ့အချိန်မှာ ကြက်သွန်ထည့်ထားမှန်းတောင် သိမှာမဟုတ်ပါဘူးနော်။)
၃။ ကြက်သွန်နီတွေနွမ်းပြီဆိုရင်တော့ ငါးခြောက်တွေထည့်ကြော်ပါ။ ငါးခြောက်တွေက ကျက်ပြီးသားမို့ အကြာကြီးကြော်စရာမလိုပါဘူး။ ငရုတ်သီးအကြမ်းဖတ်၊ အရောင်တင်ငရုတ်သီးမှုန့် ထည့်ပြီးသမအောင် ရောမွှေပြီးရင် ရပါပြီ။
Hsu Myat Oo


.jpg)
Comments
Post a Comment