နယ်စရာမလို၊ ဒလိမ့်တုံးနဲ့လိမ့်စရာမလိုတဲ့ ချာပါတီ

 နယ်စရာမလို၊ ဒလိမ့်တုံးနဲ့လိမ့်စရာမလိုတဲ့ ချာပါတီ



အားလုံးပါ မဂ်လာပါရှင့်…..

ဆုမြတ်တို့မတွေ့ရတာ ကြာပြီနော်။ ဒီနေ့မှာတော့ အရင်ရက်တွေက ဆုမြတ်တင်ထားခဲ့တဲ့ Liquid rotiလုပ်နည်းလေး ရေးပေးချင်ပါတယ်။ အိမ်မှာဘက်စုံသုံးဂျုံ (All purpose flour)ရှိတဲ့သူတွေ ဘာတွေလုပ်ထားဖြစ်လဲနော်။ ဆုမြတ်ကတော့ ချာပါတီလေးတွေ လုပ်စားဖြစ်တယ်။ အရင်ကတော့ ဂျုံတွေနယ်၊ ခနနပ်၊ ပြီးရင်ဒလိမ့်တုုံးနဲ့လိမ့်၊ ပြီးရင် ဒယ်အိုးနဲ့ပြန်ကင်ဆိုတာမျိုးတွေလုပ်တယ်။ အဲ့တုန်းကတော့ ဂျုံတွေလဲ တစ်ကိုယ်လုံးပေပွ၊ ချာပါတီအချပ်လေးတွေ အရင်လုပ်လိုက်မိရင်လဲ၊ တစ်ချပ်နဲ့တစ်ချပ်အကုန်ကပ်၊ မကပ်အောင် ဂျုံတွေဖြူးတော့လဲ မာကုန်တာလေ။ အဲ့တော့ တစ်ချပ်လုပ်လိုက် ဒယ်အိုးနဲ့ကင်လိုက်၊ ပြန်လိမ့်လိုက်နဲ့ လူလဲတကိုယ်လုံးဖြူဖွေးဆိုတော့ လုပ်ရမှာတောင် စိတ်ကညစ်လာတယ်။ 

ဆုမြတ်ခုပြောပြမယ့်နည်းလေးက အားလုံးကိုစုပြီး မွှေစက် (သို့) လက်သုံးပြီးမွှေတာဖြစ်ဖြစ် (သို့) အသစ်ဖျော်စက်ထဲသာ ထည့်မွှေပြီးရင် မကပ်တဲ့အိုးမှာ ထည့်ကြော်ရုံပဲ။ ဘယ်လောက်လွယ်လဲ။ ဂျုံသားမာမှာ၊ ဂျုံတွေလူကိုကပ်နေမှာ၊ လက်ညောင်းအောင် လိမ့်ရမှာတွေ စိတ်ပါနေစရာမလိုတော့ဘူး။ 


ဆိုတော့ ပြောနေကြာတယ်။ စလိုက်ကြရအောင်……………….



ပါဝင်ပစ္စည်းများ

ဘက်စုံသုံးဂျုံ(All Purpose Flour) ၂ခွက်

ရေ ၂ခွက်

ထောပတ်(သို့) ဆီ စားပွဲဇွန်း၁ဇွန်း

ဆား လက်ဖက်ဇွန်း၁ဇွန်း

သကြား စားပွဲဇွန်း၁ဇွန်း

    

ပြုလုပ်နည်းအဆင့်ဆင့်

၁၊ အားလုံးကို သမအောင်ရောမွှေပါ။ ဆုမြတ်ကတော့ ဂျုံတွေမရောပဲ ကျန်နေမှာ၊ အလုံးလေးတွေဖြစ်မှာစိုးတဲ့အတွက် သစ်သီးမွှေတဲ့စက်ထဲ အကုန်ထည့်ပြီး မွှေလိုက်ပါတယ်။

၂။ ပြီးရင် မကပ်တဲ့အိုးကို မီးဖိုပေါ်တင်၊ မီးအပူချိန်အလယ်အလတ်လောက်နဲ့ ထည့်ပြီး ကြော်လိုက်ပါ။ နည်းနည်းလေး ကပ်တယ်ထင်ရင် ထောပတ်လေးသုတ်ပါ။ ဆီပဲရှိရင် ဆီပဲသုံးပါ။ တဖက်ကကျက်ပြီဆိုရင် နောက်တစ်ဖက်ကို လှန်ပေးပါ။ ဒီချာပါတီလေးတွေပဲ ကျက်လာပြီဆိုရင် ဖောင်းလာပါတယ်။ ဒီအခြေနေရောက်ပြီဆိုရင် ကျက်ပါပြီနော်။ 

၃။ ဒီလိုလွယ်ကူတဲ့ roti ချာပါတီလေးတွေကို ပဲဟင်းနဲ့ဖြစ်ဖြစ်၊ ခရမ်းချဉ်သီးချဉ်ချဉ်စပ်စပ်ဟင်းလေးနဲ့ပဲဖြစ်ဖြစ် မနက်စာအတွက်သုံးဆောင်လို့ရပါပြီနော်။ ဆုမြတ်တို့အိမ်ကတော့ တစ်ယောက်ကို ၄ချပ်လောက်ထိကို စားကြတာ……………

တကယ်လို့လုပ်စားဖြစ်ရင်လဲ ပုံလေးတွေပို့ပေးခဲ့ပါနော်

Hsu Myat Oo

Comments