တကမ္ဘာလုံးမှာ စျေးအကြီးဆုံးစားသောက်ဆိုင် ၁ဝဆိုင် နဲ့ ဒီဆိုင်တွေ ဘယ်လောက်တောင် စျေးကြီးတာလဲ။
အပိုင်း(၁)
သင်က အစားအသောက်ကို အရမ်းခုံမင်နှစ်သက်တယ်၊ စားသောက်ဆိုင်ဆန်းဆန်းလေးတွေ၊ ကမ္ဘာတစ်ဝှမ်းက Fine Dining Restaurantsတွေ အကြောင်း၊ အစားအသောက်တွေအကြောင်းကို စိတ်ဝင်စားတယ်။ လေ့လာချင်သူဆိုရင် ဒီစာလေးကို ဆက်ဖတ်ဖို့တော့ လိုမယ်နော်။
10.Ithaa Undersea – Maldives (တစ်ဦးလျှင် $320)
Ithaa Undersea ဆိုင်လေးက ကမ္ဘာပေါ်မှာ ပထမ ဦးဆုံးရေအောက်စားသောက်ဆိုင်လေးဖြစ်ပြီး Maldivesမှာရှိတဲ့ Rangaliကျွန်းမှာ ဖွင့်ထားတာဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ စားသောက်ချင်တယ်ဆိုရင်တော့ တစ်ဦးကို ဒေါ်လာ ၃၂ဝကျသင့်မှာဖြစ်ပြီး ဥရောပအစားအသောက်များကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ ၅မီတာအောက်မှာ အစားအသောက်တွေကို သုံးဆောင်ရမှာဖြစ်ပါတယ်။
9. Aragawa – Tokyo, Japan (တစ်ဦးလျှင် - $260 -$370)
တစ်ဦးလျှင် - $260 -$370ကျသင့်တဲ့ Aragawaဆိုတဲ့ ဂျပန်စားသောက်ဆိုင်လေးကတော့ ဂျပန်နိုင်ငံ၊ တိုကျိုမှာရှိတဲ့ ရုံးအဆောက်အဦးအဟောင်းတစ်ခုရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ တခြားအဆင့်အတန်းမြင့် စားသောက်ဆိုင်များနဲ့ မတူတာကတော့ ဟင်းပွဲတစ်မျိုးချင်းစီကိုပါ မှာယူသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီဆိုင်လေးမှာတော့ ဂျပန်နိုင်ငံမှာအကောင်းဆုံး အမဲသားလို့ တင်စားထားတဲ့Wagu, Kobeအမဲသားဟင်းလျှာများက နာမည်အကြီးဆုံးပါ။
8. Kitcho Arashiyama – Tokyo , Japan ( တစ်ဦးလျှင် - $380 - $570)
ဂျပန်နိုင်ငံမှာ Kitcho Arashiyamaနာမည်နဲ့ စားသောက်ဆိုင်ပေါင်း ၆ဆိုင်ရှိပြီး တိုကျိုမှာရှိတဲ့ဆိုင်ကတော့ အကောင်းဆုံးဆိုင်လို့ သတ်မှတ်ထားတဲ့ မီရှယ်လင်းကြယ် ၃ပွင့်ရထားတဲ့ တစ်ခုတည်းတော့ ဆိုင်လေးဖြစ်ပါတယ်။ အပေါ်မှာပြောထားတဲ့ ဆိုင်လေးနဲ့ မတူတဲ့အချက်ကတော့ Kitcho Arashiyamaဆိုင်လေးက လှပတဲ့ဆိုင်ခန်းပြင်ဆင်မှုနဲ့ ပတ်ဝန်းကျင်အေးချမ်းသာယာမှုတွေကြောင့် အရမ်းနာမည်ကြီးတဲ့ဆိုင်လေးပါ။ သာယာလှပတဲ့ခြံဝန်း၊ ခမ်းနားတဲ့ဂျပန်ရိုးရာ စားသောက်ခန်းအပြင်အဆင်နဲ့ လတ်ဆတ်တဲ့ရာသီဟင်းသီးဟင်းရွက်၊ အသားငါးများနှင့် ချက်ပြုတ်ပြင်ဆင်ပေးတဲ့ဆိုင်လေးဖြစ်ပါတယ်။
7. Guy Savoy – Paris, France (တစ်ဦးလျှင် $385 - $626)
Guy Savoyနာမည်ရှိတဲ့ဆိုင်လေးကိုတော့ ဆိုင်ပိုင်ရှင်စားဖိုမှူးကြီး Guy Savoyရဲဲ့နာမည်ကို ပေးထားတာဖြစ်ပါတယ်။ Las Vegasနဲ့ ပြင်သစ်မှာရှိတဲ့ Parisမှာ ဖွင့်လှစ်ထားပါတယ်။ ဆိုင်၂ဆိုင်လုံး မီရှယ်လင်းကြယ်၃ခုစီရထားပြီး ပြင်သစ်ဟင်းလျှာများကို အဓိကထားပြီးရောင်းချပါတယ်။ တစ်ဦးစီအတွက်ကျသင့်တဲ့ $385 - $626ထဲမှာ သောက်စရာပါဝင်မှာမဟုတ်တဲ့အတွက်ကြောင့် ၀ိုင်ဖြစ်ဖြစ် တစ်ခုခုထပ်မှာရင် ထပ်ဆောင်းပေးရမှာဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်စားဖိုမှူးကြီး Guy Savoyက Master Chefအစီအစဉ်ရဲ့ဒိုင်စားဖိုမှူးတစ်ယောက်ဖြစ်တဲ့ Gordon Ramseyကို သင်ကြားပေးခဲ့တဲ့ ဆရာတစ်ယောက်ဆိုရင်လဲ မမှားပါဘူး။ သူဟာဆိုရင် Guy Savoyအမည်ရှိဆိုင်အပါအဝင် ပြင်သစ်မှာ နောက်ထပ်အောင်မြင်တဲ့ စားသောက်ဆိုင် ၄ဆိုင်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
6. Restaurant De L’Hotel De Ville – Crissier, Switzerland (တစ်ဦးလျှင် $415)
ဒီဆိုင်လေးက မီရှယ်လင်းကြယ်၃ခုရထားပြီး အကောင်းဆုံးအရည်အသွေးမြင့် အစားအသောက်များကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဆိုင်မှာသုံးထားတဲ့ အရည်အသွေးမြင့် ပါဝင်ပစ္စည်းများကို ပြည်တွင်းအမဲလိုက်သူများ၊ ပြည်တွင်းစိုက်ခင်းများနှင့် ပြည်တွင်းချိစ်ပြုလုပ်သူများဆီကနေ တိုက်ရိုက်ဝယ်ယူအသုံးပြုထားတာဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်တုန်းကဆိုရင် အကောင်းဆုံးစားသောက်ဆိုင်ထဲမှာ နံပတ်၁ချိတ်ခဲ့တဲ့ဆိုင်လေးဖြစ်ပါတယ်။
Comments
Post a Comment