နံနံပင်

နံနံပင်

နံနံပင်မှာဆိုရင် ဗမာနံနံ၊ တရုတ်နံနံ၊ ရှမ်းနံနံဆိုပြီး အမျိုးမျိုးရှိပြီး အပင်တစ်ပင်လုံးစားလို့ရတဲ့ ဟင်းခတ်အမျိုးအစားဖြစ်ပါတယ်။ အရွက်လတ်လတ်ဆတ်ဆတ်ကနေ အခြောက်ခံထားတဲ့အရွက်၊ အစေ့၊ အမှုန့်တွေအထိ ဟင်းလျာအမျိုးမျိုးမှာ ထည့်သုံးကြပါတယ်။ အားလုံးထဲမှာမှ လတ်လတ်ဆတ်ဆတ်နံနံပင် အစိမ်းနဲ့ နံနံစေ့အခြောက်က ရိုးရာဟင်းလျာတွေမှာ နာမည်အကြီးဆုံးပါပဲ။

နံနံပင်မူရင်းဒေသမှာ ဥရောပတောင်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသများမှ အာရှအနောက်တောင်ပိုင်းဒေသတွေထိ ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာတော့ နံနံပင်ကိုဆေးဘက်ဆိုင်ရာနှင့် ဟင်းလျှာများအတွက် အသုံးပြုကြပါတယ်။ ဂရီနိုင်ငံမှာ နံနံပင်ကို 2nd Millennnium BC မှာစိုက်ပြီးခဲ့ကြတယ်လို့ ခန့်မှန်းရပြီး ဟင်းလျှာများတွင်ထည့်ချက်ဖို့အပြင် ရေမွှေးထုတ်ဖို့အတွက်လဲ စိုက်ပျိုးခဲ့ကြတယ်လို့လဲ သိရပါတယ်။ 



နံနံစေ့၊ နံနံမြစ်တွေနဲ့မတူ တမူထူးခြားတဲ့နံနံပင်ကိုတော့ Chutneysနှင့် အသုပ်များ၊ အရည်သောက်များ၊ ငါးဟင်း၊ အသားဟင်းများ အနံ့ပိုကောင်းလာအောင်အုပ်ကြပါတယ်။ အိန္ဒိယနှင့် အာရှအလယ်ပိုင်းဒေသဟင်းလျာများမှာ အများဆုံးအသုံးပြုကြပါတယ်။

ဂျာမနီနှင့် အာဖရိကတောင်ပိုင်းမှာ နံနံစေ့ကို အသားချောင်း(Sausage) ပြုလုပ်ဖို့အတွက် အသုံးပြုကြပါတယ်။ ရပ်ရှားနှင့်ဥရောပအလယ်ပိုင်းမှာတော့ နံနံစေ့ကိုပေါင်မုန့်ပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။ အမေရိကမြောက်ပိုင်းမှာတော့ ငရုတ်မှုန့်နဲ့ရောပြီး အသားနှပ်ရာမှာ အသုံးပြုပါတယ်။ 

နံနံမြစ်ကိုတော့ အရွက်ထက်ပိုပြီး အရသာပိုပေါ်လွင်စေဖိုု့အတွက် အသုုံးပြုကြပါတယ်။ အာရှဟင်းလျာများ အထူးသဖြင့် ထိုင်းဟင်းလျာများ (စွပ်ပြုတ်၊ ဟင်းအနှစ်ချက်များ) အသုံးပြုကြပါတယ်။ 



နံနံပင်မှာ ရေဓာတ်၉၂%၊ ကာဘိုဟိုက်ဒရိတ်၄%၊ ပရိုတင်း၂%နှင့် အဆီဓာတ်၁%လျော့ပြီး ပါဝင်ပါတယ်။ ဗီတာမင် A, C, Kနှင့် ကယ်စီယမ်၊ စီလီနီယမ်၊ သံဓာတ်၊ မက်ဂနီစီယမ်၊ မက်ဂနီစတဲ့ သတ္ထုဓာတ်နှင့် အာဟာရဓာတ်များ ပါဝင်ပါတယ်။ 


Hsu Myat Oo

Comments