ဝက်သားသုံးထပ်သား၊ ပဲတီချဉ်သုပ်

 ဝက်သားသုံးထပ်သား၊ ပဲတီချဉ်သုပ်



သဘာဝရဲ့အလှတရား သဘာဝကပေးတဲ့အား သဘာဝအရင်းမြစ်စားသောက်ကုန်များကိုအခြေခံတဲ့ သဘာဝရဲ့ "စုံစီနဖာ ကဏ္ဍ" ကနေကြိုဆိုပါတယ်ဗျ...အားလုံးပဲမဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေနော်။ဒီနေ့မှာလဲ အညာစာချစ်သူတွေ ကို အညာဟင်းလေးနဲ့ပဲ မိတ်ဆက်ပေးပါရစေ။
ကျနော်ရဲ့ မြန်မာအစားစာ လက်ဦးဆရာစာဖိုမှုးကြီး ကျနော့်ဖခင်ရဲ့ လက်ရာတွေထဲက ခံတွင်းတွေ့တဲ့ ဟင်းတစ်ခွက်ပေါ့..အညာဒေသမှာတော့ အသီးအရွက်ပေါတဲ့ဆောင်းရာသီမှာ အချဥ်မျိူးစုံတည်ကြပါတယ်။မုံလာဥချဥ် မုံညှင်းရွက်ချဥ် ပဲတီချဥ် စသဖြင့်တည်ကြပါတယ်.နွေဦးပေါက်ရာသီဆိုရင် အလှူပေါတဲ့အညာဒေသ ကျနော်တို့နယ်မှာတော့ ဟိုစဥ်က အလှူမှာကျွေးရင် ငါးခြောက်ထောင်းကြော် ပဲတီချဥ်သုပ် ပုဂံပဲပြုတ် မှန်ရောင်ဟင်းချိူ တို့ကိုပဲအကျွေးများပါတယ်။
အဲဒီလိုကျွေးကြတဲ့အခါမှာ ပဲတီချဥ်တွေကို စဥ့်အိုးကြီးတွေနဲ့ သိပ်ကြရပါတယ်..ပဲတီပင်ပေါက်ကို လဲကိုယ်တိုင်ဖောက်ကြရပါတယ်..မူးမြစ်ကမ်းနဘေးကသဲထဲမှာ ပျိူးကြပါတယ် ပြီးရင်ရေစင်အောင်ဆေးပြီးဆားနယ် သိပ်ကြရပါတယ်။အပေါ်ကနေ အင်ဖက် ထန်းသားများနဲ့ဖိသိပ်ထားကြပီး အလှူနေ့မှာဖွင့်သုပ်ပြီးကျွေးမွေးကြပါတယ်။
ခုခေတ်မှာ ပဲတီပင်ပေါက်တွေက ဆေးနဲ့ဖောက်ကြတာမို့ အရသာသိပ်မကောင်းလှပါ အထားလဲမခံ ပုတ်လွယ်ပါတယ်..ပဲတီချဥ်သိပ်မယ်ဆို စျေးကဝယ်လာတဲ့ပဲတီချဥ်တွေကို ရေစင်အောင်ဆေးပြီး စကာနဲ့ရေစစ်ထားပါ..ရေခြောက်သွားရင် ဆားနဲ့နယ်ပါ ပြီးရင် ဖန်ပုလင်းသို့မဟုတ် စဥ့်အိုးထဲ့သို့ ထဲ့သိပ်ထား နှစ်ညအိပ်ဆိုရင်ချဥ်ပါပြီ..ရေခဲသေတာထဲထည့်ထားရင် သုံးလေးရက်တော့ခံပါတယ်..ပဲတီချဥ်ကို သူ့ချည်းပဲသုပ်စားလဲရသလို ဝက်သုံးထပ်သားနဲ့ချဥ်ရည်ချက်စားလဲ အလွန်မြိန်ပါတယ်..ခုတော့ကျနော် ဝက်သုံးထပ်သားလေးနဲ့သုပ်စားကြည့်ပြီးစားကောင်းလို့ ပြန်လည်မျှဝေပေးလိုက်တာပါခင်ဗျ။

လိုအပ်တာတွေကတော့
..............................
ပဲတီချဥ် တစ်ပန်းကန်စာ
ကြက်သွန်နီဥကြီး ၂လုံး
ဆား အနည်းငယ်
ဟင်းခတ်မှူန့် လက်ဖက်စားဇွန်း တစ်ဇွန်း
ငရုတ်သီးစိမ်း ၅တောင့်
သခွားသီး အနည်းငယ်
မြေပဲဆီသန့် ထမင်းစားဇွန်း ၁ဇွန်း
နံနံပင် သို့မဟုတ် ကြက်သွန်မြိတ် မိမိကြိုက်ရာထည့်ပါ (ခပ်ကြမ်းကြမ်း လှီးဖြတ်ထားပါ)

ပြုလုပ်နည်းကတော့
.............................
1) ဆား နှင့် နံနံမှလွဲ၍ ကျန်ပါဝင်တာအားလုံးရောနယ်ပါ..

2) အချဥ်သိပ်စဥ်ကဆားပါထားလို့ ဆားကိုမြည်းကြည့်ပီး လိုအပ်မှထဲ့ပါ.

3) နောက်ဆုံးမှ နံနံဖြူး..သခွားသီးကိုအလှဆင်ထည့်ပြီးသုပ်ပါ.

4)ခုဆို လွယ်ကူမြန်ဆန်တဲ့ အညာ ဝက်သုံးထပ်သားပဲတီချဥ်သုပ်လေးရပါပြီနော်..

အားလုံးပဲ မတင်းတိမ်နိုင်အောင် ခံတွင်းမြိန်ကြပါစေဗျ


Comments