အညာသခွပ်ပွင့်သုပ်

အညာသခွပ်ပွင့်သုပ်



 သဘာဝကရဲ့အလှတရား

သဘာဝကပေးတဲ့အား
သဘာဝရဲ့အရင်းမြစ်များ စားသောက်ကုန်များကိုအခြေခံတဲ့
သဘာဝရဲ့"စုံစီနဖာ ကဏ္ဍ"ကနေ မင်္ဂလာပါ လို့နုတ်ခွန်းဆက်သပါတယ်ဗျ... ...
ကျနော်တို့အညာဒေသတွေမှာ နွေရာသီမှာဆို သဘာဝကပေးတဲ့ ဟင်းသီးဟင်းရွက်တစ်ချိူ့ကို နွေနေပူပူမှာအခြောက်လှန်းပြီး မိုးရာသီစာ အဖြစ်စုဆောင်းတဲ့အလေ့ထရှိပါတယ်။ ဥပမာ ခရမ်းသီးခြောက်၊ ပန်းမုံလာခြောက်၊ ဗူးသီးခြောက်၊ ငရုတ်သီးခြောက်၊ အာလူးခြောက်၊ ဇီးဖြူသီးခြောက်၊ သရက်သီးခြောက်၊ လက်ပံပွင့်ခြောက်၊ သခွပ်ပွင့်ခြောက် စသဖြင့် အခြောက်လှန်းစုဆောင်းပြီး မိုးရာသီလိုအစားစာခက်ခဲတဲ့အချိန်တွေမှာ ဒါတွေကိုပြန်လည်ပြုပြင်ချက်စားကြရပါတယ်။ နည်းစု၊ လမ်းစုံ၊ ပုံစံအမျိုမျိုးချက်စားကြပါတယ်။ သူ့အရပ်နဲ့ သူ့သဘာဝ ဟင်းတစ်ခွက်တော့ဖြစ်အောင် ဖန်တီးကြရတာပါပဲ။ ဒီထဲကမှ ဒီနေ့အတွက် ကျွန်တော်လုပ်စားဖြစ်တဲ့ ဟင်းပွဲလေး မျှဝေပေးပါရစေ။ သတ်သတ်လွတ်အားဖြည့်စာလေးပေါ့။ ဒါကတော့ သခွပ်ပွင့်သုပ်ပါ။ ဆေးဘက်လဲဝင် အားအင်လဲဖြစ်မို့ လုပ်စားကြည့်ရအောင်ဗျ...
"အညာသခွပ်ပွင့်သုပ်"
..............................................
ပါဝင်ပစ္စည်း
အားလူးအကြီး ၂လုံး (ပြုတ်ထားပါ)
သခွပ်ပွင့်ပြုတ်ပြီးသား ၅ကျပ်သား
ကြက်သွန်ဖြူ ၁လုံး (နုတ်နုတ်စဉ်းထားပါ)
ကြက်သွန်နီကြီး ၁ လုံး (ပါးပါးလှီးထားပါ)
ဆီ ၄ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း
နနွင်းမှုန် ့ လက်ဖက်ရည်ဇွန်းဝက်
ချက်ပြုတ်နည်း
......................
၁။ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူကို ဆီနှစ်ဇွန်းဖြင့်ဆီသတ်ပြီး နနွင်းမှုန့်ထည့်ကာ ဆီချက်ချက်ထားပါ။ ကြက်သွန်နီလှီးထားတာကိုလဲ ဆီနှစ်ဇွန်းဖြင့် ဆီသတ်ကာ ရွှေအိုရောင်ရသည်ထိကြော်ပြီးဆယ်ထားပါ။ အာလူးပြုတ်ထားတာကိုအခွံနွှာပြီး အတုံးလေးတွေလှီး၍ ဇလုံကြီးတစ်ခုထဲသို့ထည့်ပါ။
၂။ သခွပ်ပွင့်ပြုတ်ထားတာကို ရေညှစ်ပြီး ကပ်ကြေးနဲ့ညှပ်ထည့်ပါ။ ကြက်သွန်ဖြူဆီချက်၊ ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ကာ ရောနယ်ပြီးသုပ်ပါ။ အရသာမြည်းပြီးစိတ်ကြိုက်ဖြစ်လျှင် ပုဂံထဲသို့ပြောင်းထည့် အပေါ်မှ ကြက်သွန်နီကြော်ဖြူး၍ သုံးဆောင်နိုင်ပါပြီ။
ဒီဟင်းလေးကို ချဉ်ရည်ဟင်း၊ ငရုတ်သီးပန်ထွေဖျော်လေးတွေနဲ့သာ တွဲဖက်စားလိုက်ပါ လျှာရင်းမြက်လို့ ထမင်းမြိန်မှာအသေချာပါခမျ.. အားလုံးအဆင်ပြေကြပါစေ

Comments