နတ်သုဒ္ဓါအုန်းနို့သာကူပြင်ရဲ့ ဦးစီးပဲ့ကိုင်သူ မမီးမီး

 နတ်သုဒ္ဓါအုန်းနို့သာကူပြင်ရဲ့ ဦးစီးပဲ့ကိုင်သူ မမီးမီး

နတ်သုဒ္ဓါ။ နတ်သုဒ္ဓါလို့ပြောလိုက်တာနဲ့ အရသာရှိလှတဲ့ မြန်မာမုန့် အုန်းနို့သာကူပြင်လို့ မျက်လုံးထဲမြင်ကြမှာပါ။ မြန်မာမုန့်၊ မြန်မာအစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး နိုင်ငံတကာ အဆင့်အတန်းမြင့်အောင် လုပ်လာကြတဲ့ လုပ်ငန်းရှင်တွေထဲမှာမှ နတ်သုဒ္ဓါပိုင်ရှင် မမီးမီးတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ နတ်သုဒ္ဓါဖြစ်တည်လာပုံ၊ ဖြတ်သန်းလာခဲ့ရတဲ့ အခက်အခဲများအကြောင်းကို Food Magazine ပရိသတ်ကြီး သိရှိလေ့လာနိုင်အောင် နတ်သုဒ္ဓါကို ဦးစီးပဲ့ကိုင်နေတဲ့ ပိုင်ရှင်မမီးမီးနဲ့ အင်တာဗျူးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ 


* နတ်သုဒ္ဓါဆိုပြီး ဖြစ်တည်လာပုံ

အစ်မက မြန်မာမုန့်ကို ကြိုက်နှစ်သက်တယ်။ မြန်မာမုန့်ကို မြန်မာလူမျိုးတိုင်းက ကြိုက်နှစ်သက်ကြတယ်လေ။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် စားနိုင်ဖို့တော့ လိုတာပေါ့နော်။ မုန့်တွေအားလုံးထဲမှာမှ ကိုယ်စားချင်တဲ့မုန့်ကို လိုက်ရှာတယ်။ စားချင်တာတွေ အများကြီးထဲကမှ အုန်းနို့သာကူပြင်ဆိုတာကို ဘယ်မှာမှ အဆင်ပြေပြေ ရှာလို့မတွေ့ဘူး။ အစ်မကိုယ်တိုင်က အရမ်းလည်းကြိုက်တယ်။ စားလည်းစားတယ်။ ကိုယ်တိုင်ကလည်း အုန်းနို့သာကူပြင်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်။ အစ်မတို့ငယ်ငယ်ကတည်းက အုန်းနို့သာကူပြင်စားချင်ရင် ဗိုလ်ချုပ်ဈေးကို သွားရတယ်။ အရင်တုန်းကဆိုရင် ဗိုလ်ချုပ်ဈေးမှာ သာကူပြင်ကို ဗန်းလေးထဲမှာ ထည့်ထားပြီး ဝယ်သူလာတော့မှ ကြွပ်ကြွပ်အိတ်ထဲ သံဂေါ်ပြားလေးနဲ့ ထည့်ပြီး ရောင်းကြတာလေ။ နောက်ပိုင်းမှာတော့ ပလတ်စတစ်ကနေ ဖော့ဘူးလေးတွေနဲ့ ပြောင်းပြီး ရောင်းတယ်။ အစ်မတို့နိုင်ငံခြားကို သွားတယ်၊ နေတဲ့အချိန်မျိုးတွေမှာဆိုရင် ဘယ်မှာမှ ဝယ်လို့မရဘူး။ ကိုယ်တိုင်ပဲ လုပ်စားကြရတာလေ။ အခုနေတဲ့ FMI City နားမှာ ဘုန်းကြီးကျောင်းလည်း ရှိနေတာဆိုတော့ လပြည့်၊ လကွယ်ရက်တွေမှာ ပွဲတွေ ဘာတွေရှိတယ်ဆိုရင် ရဟန်းနဲ့ ယောဂီတွေအတွက် မုန့်တွေ ပို့ပေးတယ်။ မုန့်ကို လုပ်စားရင်း၊ လုပ်စားရင်းနဲ့ အစ်မမုန့်ကိုစားဖူးတဲ့ သူတိုင်းက "နောက်မုန့်လုပ်ရင်ကျွေးပါဦး၊ ဘယ်တော့မုန့်လုပ်မှာလဲ၊ မုန့်တွေထပ်မလုပ်သေးဘူးလား" လို့ အဲဒီလိုမျိုး ပြန်ပြီး မေးလာကြတယ်။ နောက်ပိုင်းမှာ အဲဒီအုန်းနို့သာကူပြင်ကို လုပ်ပြီး ရောင်းချင်စိတ်ဖြစ်လာတယ်။ မုန့်ရောင်းတဲ့အခါမှာလည်း မြန်မာဆန်ဆန်ကြီးလို ဗန်းထဲထည့်ပြီး မရောင်းချင်ဘူး။ သပ်သပ်ရပ်ရပ်လေး၊ လှလှပပလေး ရောင်းချင်တယ်။ ဒါ့ကြောင့် အိမ်မှာ အမြဲလုပ်စားတဲ့အတိုင်း အလူမီနီယမ်ခွက်လေးတွေနဲ့ ဖုတ်ပြီး ရောင်းတဲ့အခါကျတော့ သပ်သပ်ရပ်ရပ်လေးလည်း ဖြစ်တယ်။ အမြင်မှာလည်း လှလှပပလေးထွက် လာတာပေါ့။ 

အဲဒါနဲ့ ဒီအုန်းနို့သာကူပြင်လေးကို ဒီလိုလေးထည့်ပြီး ရောင်းမယ်။ တစ်ခွက်ကို တစ်ထောင်နဲ့ စရောင်းဖြစ်ခဲ့တယ်။ နောက်တစ်ချက်က အစ်မက နေမကောင်းဖြစ်နေတာ၊ လည်ပင်းခွဲထားတာဆိုတော့ အပြင်မထွက်နိုင်ဘူး။ အိမ်ထဲမှာပဲ အချိန်တွေ ကုန်နေတာ။ ဒီလိုနဲ့ပဲ အချိန်ကုန်မြန်အောင်လို့ အိမ်ထဲမှာပဲ မုန့်တွေလုပ်နေတော့ အချိန်က ကုန်မှန်းမသိ ကုန်သွားတယ်။ မုန့်ကို ဖုတ်လိုက်တဲ့အခါမှာ ထွက်လာတဲ့အနံ့က အရမ်းကျေနပ်ပြီး စိတ်ကြည်နူးဖို့ကောင်းတယ်။ နေမကောင်းဖြစ်ပြီး အပြင်မထွက်နိုင်တဲ့ အချိန်ကျတော့ ဒီလို မုန့်လေးတွေ ဖုတ်တယ်၊ ကြည့်တယ်၊ မြည်းတယ်။ အဲဒီစိတ်ခံစားချက်နဲ့ပဲ တစ်ရက်၊ တစ်ရက်ကို ဖြတ်သန်းခဲ့ရတာ။ မုန့်တွေကိုလည်း အစုံလုပ်တယ်။ နေ့တိုင်းလုပ်နေတော့ အိမ်က လူတွေကလည်း မစားနိုင်ကြတော့ဘူး။ ပေးရတာတွေကလည်း မနိုင်တော့ဘူး။ အစ်မက မုန့်ဗန်းကိုင်ပြီး အမေ့ဆီသွားရင် အစ်မရဲ့အမေက "တောင်းပန်ပါတယ်။ နင့်မုန့်ဗန်းကြီး ပြန်ယူသွားပါတော့။ ငါလည်းမမြည်းနိုင်တော့ပါဘူး" လို့တောင် ဖြစ်လာတယ်။ 

အစ်မကလည်း မုန့်လုပ်ပြီး နေရမှပဲ အစ်မစိတ်ကလည်း ချမ်းသာတာ။ အဲဒီတော့ အစ်မရဲ့ ခြံရှေ့မှာ ရောင်းဖို့ ထီးဝယ်လိုက်တယ်။ ထီးအောက်မှာ ကောင်တာလေးနဲ့ မုန့်လေးတွေ စီထည့်ပြီး တစ်ဘူးကို တစ်ထောင်နဲ့ ရောင်းတယ်။ ငါးထောင်တန် ဗန်းလေးတွေလည်း ပါတယ်။ ဆိုင်ဖွင့်ပြီး စရောင်းတဲ့နေ့ကတည်းက အစ်မဆီမှာ မုန့်လက်ကျန်ဆိုတာ မရှိဘူး။ FMI City က လူတွေဝယ်စားတယ်။ နောက်ဖြတ်သွားဖြတ်လာတွေ ဝယ်စားကြတယ်။ မုန့်ဝယ်စားကြတဲ့သူတွေက နောက်တစ်ခေါက်ပြန်လာကြပြီး မေးကြတယ်။ အရမ်း အရသာရှိပြီး အရမ်းလည်းကောင်းတယ်ပေါ့။ လက်ဆောင်ပေးလိုက်တဲ့သူတွေကလည်း ပြန်မှာလိုက်လို့ဆိုပြီး လာဝယ်ကြတယ်။ အဲဒါကြောင့် ပြန်လာဝယ်ကြတာ စသည်ဖြင့် မုန့်ရောင်းရတာက ရပ်သွားတယ်ကို မရှိဘူး။ နေ့တိုင်းရောင်းနေရတာ။ အစ်မက ခရီးတွေ သွားတဲ့အချိန်မျိုးတွေဆိုရင် အစ်မရဲ့အိမ်မှာ ခေါင်းလောင်းဆွဲထားတယ်။ မုန့်မရောင်းဘူးလား။ မုန့်ဆိုင်ပိတ်ထားလို့ပါ။ ဒီလိုမျိုး ပြန်လာကြတော့ အစ်မစဉ်းစားတယ်။ မြန်မာမုန့်ကို လူတွေက တကယ့်ကို နှစ်သက်မြတ်နိုးပြီး စားချင်လာကြတယ်။ ကောင်းကောင်းမွန်မွန်၊ သန့်သန့်ရှင်းရှင်းလေး မဖြစ်ကြလို့သာ မြန်မာမုန့်က လူရွေးနည်းနေတာပေါ့။ ဒီလိုလေးရောင်းရင် လူကြိုက်များလာကြမယ်ပေါ့။ အဲဒီအချိန်တုန်းက မုန့်တွေကတော့ အစုံလုပ်ထားတယ်။ အုန်းနို့သာကူပြင်ကိုတော့ ဇောင်းပေးပြီး လုပ်တာ။ အစ်မက အုန်းနို့သာကူပြင်ကိုပဲ ရောင်းချင်တာကြောင့်ပါ။ စားတဲ့သူတွေကလည်း ဒီမုန့်က အပြင်မှာ ဝယ်စားဖို့ ခက်လာတာကြောင့် ရှားပါးလာတယ်။ ရှားပါးလာတဲ့အတွက်ကြောင့် တန်ဖိုးထားပြီး စားကြတယ်။ အစ်မ ခရီးသွားပြီး ပြန်လာရင် အစ်မရဲ့အိမ်တံခါးကို ခေါက်ပြီး ဝယ်ကြတယ်။ အဲဒီလိုကနေမှ အချိန်တွေက ကုန်မှန်းမသိ ကုန်လာတာပေါ့။ ၆ လ၊ ၇ လလောက် ကြာသွားတယ်။ 

မြန်မာမုန့်ကို ဗန်းထဲမှာ ထည့်ပြီး ခုံလေးနဲ့ ပလတ်စတစ်နဲ့ထည့်ပြီး ရောင်းရင် တန်ဖိုးမထားကြဘူး။ ဒါ့ကြောင့် အစ်မက မြန်မာမုန့်ကို ဘူးနဲ့ ထည့်ပြီး သပ်သပ်ရပ်ရပ် ရောင်းချင်တယ်။ ဒီလိုမုန့်ခွက်လေးတွေနဲ့ရောင်းတော့ လူတွေက လက်ခံလာကြတယ်။ သန့်ရှင်းတယ်ပေါ့။ ဘူးမပါလို့ကလည်း မဖြစ်သေးဘူး။ အဲဒါနဲ့ ဘူးကို ရိုက်မယ်လို့ စဉ်းစားလိုက်တဲ့အခါမှာ နားလည်တဲ့သူတွေနဲ့ တိုင်ပင်တဲ့အချိန်မှာ ရောင်းမယ့်မုန့်ဘူးကို အကောင်းဆုံးကို သုံးချင်တယ်။ ဈေးကြီးတာထက် ကျန်းမာရေးနဲ့လည်း ညီညွတ်အောင်၊ ဘေးဥပဒ်မဖြစ်အောင်၊ လက်ဆောင်ပေးတဲ့အခါ အမြင်၊ မျက်နှာပန်းလှအောင် အဲဒီလိုပစ္စည်းမျိုးကို သုံးချင်တယ်လို့ တိုင်ပင်လိုက်တဲ့အခါမှာ သူတို့က အစ်မရေ ... ဈေးတော့ နည်းနည်းကြီးတယ်။ Food Grade စက္ကူသားရှိတယ်။ နိုင်ငံတကာမှာတော့ FDA ခွင့်ပြုချက်လက်မှတ် ရထားပြီးသားစက္ကူပါ။ ဈေးနည်းနည်းကြီးတယ်။ သုံးမလားလို့ မေးတော့ သုံးမယ်။ ကျစ်ကျစ်လျစ်လျစ်လေး၊ ကောင်းကောင်းလေးနဲ့ အစ်မမုန့်လေးကို ရောင်းလိုက်ရရင် အစ်မကျေနပ်တယ်ဆိုပြီး စက္ကူတွေ ဝယ်စုထားပြီး ဘူးတွေ ဘာတွေ ချိုးကြည့်ကြတယ်။ ဘူးချိုးကြည့်လိုက် မကြိုက်လိုက်၊ ပြန်လုပ်ကြည့်လိုက်နဲ့၊ ဒီဇိုင်း ဆွဲလိုက်နဲ့ ဒီလိုလုပ်ကြည့်ကြတာလည်း ၆ လလောက်တော့ ကြာတယ်။ ဒီကြားထဲမှာတော့ အစ်မဘက်က ပြင်ဆင်ရတာပေါ့။ ဘယ်လိုမုန့်ပဲလာလာ၊ မုန့်ခွက်တွေက မျိုးစုံနေတာဆိုတော့ ဒီဘူးလေးထဲမှာ ထည့်လို့ရအောင် အစ်မတို့က ပြင်ဆင်ကြရတယ်။ ၆ လတော့ ကြာပြီ။ နောက်တော့ ဘူးထွက်လာတယ်။ ဘူးပုံစံကိုလည်း အရမ်းစိတ်ကျေနပ်တယ်။ ဒီဇိုင်းထွက်လာတော့ ဒီဇိုင်းကိုလည်း အရမ်းစိတ်ကျေနပ်တယ်။ လူတွေက မေးကြတယ်။ ဒီဇိုင်းလိုဂို ဘယ်က ရတာလဲဆိုပြီးတော့ပေါ့။ ဒီဇိုင်းဆွဲပေးတဲ့ ကုမ္ပဏီရှိတယ်။ ဒါက သူတို့ရဲ့ ကြိုးစားအားထုတ်မှုလည်း ပါတယ်။ အစ်မဘက်ကလည်း အစ်မကို ဘယ်လိုလေးဆွဲပေး။ အစ်မက ခေတ်ဟောင်း (Vintage) ဒီဇိုင်းလိုမျိုး လိုချင်တာ။ အရောင်လေးကလည်း မှိန်မှိန်လေး၊ နတ်ရုပ်လေးပါအောင် ဆွဲပေးစတာတွေနဲ့ လိုချင်တာနဲ့ သူတို့ကြိုးစားထားတာလေးက နောက်ဆုံးကျတော့ ဒီလိုပုံစံ ထွက်လာတာပေါ့။ အစ်မတို့ရဲ့ ကံ၊ ဉာဏ်၊ ဝီရိယ၊ စန်းတို့ပေါင်းစပ်ပြီး ဒီဘူးလေးထဲမှာ မုန့်လေးထည့်၊ ဓာတ်ပုံရိုက်ပြီး Facebook မှာ တင်လိုက်တဲ့အချိန်မှာ လက်ခံတဲ့သူတွေ အများကြီးပေါ်လာတယ်။ မှာပြီးသားသူတွေကလည်း ပြန်မှာကြတယ်။ ဒီလိုနဲ့ပဲ လူအများ လက်ခံပြီး အောင်မြင်လာတယ်လို့ပဲ ပြောရမယ်။

* ဆိုရှယ်မီဒီယာအသုံးပြုလာခြင်း

အစ်မ Facebook ကနေ 1 Year Memories လေးတွေ ပြန်ပေါ်လာတဲ့ အချိန်ကျမှ ဟယ်... ငါမုန့်လေးတွေ ဆိုင်ရှေ့မှာခင်းပြီး ရောင်းခဲ့တာပေါ့။ ပြီးတော့ ကိုယ့်ရဲ့တစ်ဆင့်ချင်း ကြိုးစားခဲ့တာတွေကို ပြန်မြင်ရပြီး ကိုယ့်ကိုယ်ကိုယ် သဘောကျနေခဲ့တယ်။ လက်ရှိရောင်းနေတဲ့ခြံက အတွင်းကို နည်းနည်းဝင်ရတော့ FMI City ရဲ့ အဝင်ဘက်မှာ အစ်မတို့ခြံ တစ်ခြံရှိသေးတယ်။ အဲဒီခြံမှာ သွားရောင်းတယ်။ သွားရောင်းတော့ ရောင်းတော့ ရောင်းရတယ်။ မုန့်တွေ သယ်ပြီး ပို့ရတာ မနိုင်တော့ နောက်ဆုံး နည်းနည်းတော့ လှမ်းတယ်။ ဝယ်သူတွေကို တောင်းပန်ပြီးတော့ အထဲကိုပဲ လာဝယ်ဖို့ ဖိတ်ခေါ်ခဲ့ရတယ်။ အဲဒီခြံက အတည်ဖြစ်သွားပြီး အဲဒီကနေပဲ ဖုတ်ပြီး ရောင်းတယ်။ မုန့်ကို ဆိုရှယ်မီဒီယာကနေ အရင်ရောင်းတာ မဟုတ်ဘူး။ ဆိုင်ရောင်းနေရင်းနဲ့မှ မုန့်ကိုကြော်ငြာရင်း ရောင်းတာပါ။ ဆိုရှယ်မီဒီယာကို သုံးဖြစ်တာကလည်း အခုခေတ်က Facebook ခေတ်ဖြစ်နေတယ်။ သတင်းစာကို ဖတ်ကြပေမယ့် သိပ်လည်း မဖတ်ကြတော့ ဒီ Facebook ကနေပဲ ကြော်ငြာတော့မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။ အစ်မကလည်း စာလေးတွေရေးတာ ဝါသနာပါတယ်ဆိုတော့ စာလေးတွေ ရေးလိုက်၊ မုန့်လေးတွေတင်လိုက်နဲ့ အခုဆို အစ်မ Page က Like ခြောက်သောင်းတောင် ရနေပါပြီ။ ဒါကလည်း ပိုက်ဆံမသုံးဘဲ ရလာခဲ့တာပါ။ တချို့တွေပြောကြတဲ့ Organic Like တွေ ရလာတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ အခြေအနေမျိုးစုံကို ဖြတ်သန်းလာရပြီးတော့မှ ဒီလိုလူတွေ အများကြီး လက်ခံလာကြတာပါ။

ဆိုရှယ်မီဒီယာကြောင့် လူအများကြီး ပိုသိလာကြတာတော့ အမှန်ပဲ။ အရင်က အစ်မ ရောင်းတုန်းက ဖြတ်သွားဖြတ်လာလောက်နဲ့ FMI City က လူတွေလောက်ပဲ သိကြတာ။ ဒါကြောင့် ဆိုရှယ်မီဒီယာကိုသုံးမှ လူအများသိလာပြီး ပိုလက်ခံလာကြတာ။ ဆိုရှယ် မီဒီယာကို သုံးရတာ ကောင်းလားလို့ မေးရင်တော့ ကောင်းတယ်လို့ပဲ ပြောရမယ်။ ကောင်းတာလည်း ရှိမယ်။ ဆိုးတာလည်း ရှိတဲ့အထဲက ကောင်းတဲ့ဘက်ကိုရောက်အောင် သုံးမယ်ဆိုရင်တော့ အကျိုးကျေးဇူးတွေ ရရှိမှာပါ။


* မုန့်တွေအများကြီး ရှိတဲ့အထဲကမှ အုန်းနို့သာကူပြင်ကိုမှ ရွေးချယ်ပြီး ရောင်းဖြစ်ပုံ

အစ်မတို့မြန်မာနိုင်ငံမှာ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယစာ စသည်ဖြင့် အစားအသောက်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ အစ်မတို့လင်မယား နှစ်ယောက်စလုံး မြန်မာအစားအစာကလွဲရင် ကျန်တာကို စားတော့ စားပေမယ့် သိပ်မကြိုက်ကြဘူး။ နိုင်ငံခြားခရီးစဉ်တွေ သွားလည်း ဒီကနေ မြန်မာအစားအစာလေးတွေ ထည့်သွားတယ်။ ဝယ်သွားတယ်။ ဒါကြောင့် မြန်မာအစားအစာကို ရောင်းချင်တယ်။ ထမင်း၊ ဟင်းတွေလည်း သက်သတ်မလွတ်တာတွေပါတယ်။ ဒါကြောင့် သက်သတ်လွတ်ရောင်းချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ပဲ ဖန်တီးတယ်။ အသား၊ ငါးတွေ ပါတာတွေလည်း မလုပ်ချင်တာကြောင့် အချိုပွဲလေးပဲ လုပ်ဖြစ်သွားတယ်။ အချိုပွဲမှာလည်း ဆနွင်းမကင်း၊ ကျောက်ကျောက လူတိုင်းရောင်းကြတယ်။ ဒီမုန့်ကတော့ ကြာရှည် သိပ်မခံဘူး။ နုနယ်ပြီး ပျက်စီးလွယ်တာကြောင့် သိပ်မရောင်းကြဘူး။ ဒီမုန့်ကို စားချင်ရင်လည်း ဗိုလ်ချုပ်ဈေးအထိ သွားရတယ်။ ကားတွေကလည်း ပိတ်တယ်။ ဒီလိုနဲ့ပဲ လွယ်လွယ်ကူကူလေး ဝယ်စားနိုင်အောင် ရောင်းဖြစ်သွားတာပါ။ မြန်မာမုန့်ကို ရွေးချယ်ဖြစ်တာကတော့ မြန်မာလူမျိုးဖြစ်တော့ မြန်မာအစားအစာလေးကို ရောင်းချင်တဲ့စိတ်ဆန္ဒကြောင့်ပါပဲ။ ဒီမြန်မာမုန့်မှာတောင် အုန်းနို့သာကူပြင်ကို အဓိက အသားပေးပြီး ရွေးချယ်ဖြစ်သွားတာပါ။ ဘူးမှာတောင် ရေးထားတယ်။ "အရသာကြောင့် နာမည်တွင်တဲ့ အုန်းနို့သာကူပြင်" ဆိုပြီးတော့ပေါ့။ 



* နတ်သုဒ္ဓါဆိုပြီး နာမည်ပေးဖြစ်သွားပုံ

နတ်သုဒ္ဓါလို့ နာမည်ပေးဖြစ်သွားတာကလည်း သူများတွေက နင့်မုန့်လေးစားပြီး သွားရင် နတ်ပြည်ရောက်သွားသလို ခံစားရတယ်။ အရသာကလည်း အရမ်းကောင်းတယ်ဆိုပြီး ပြောကြတော့ နာမည်လေးကိုလည်း "နတ်သုဒ္ဓါ"လို့ ပေးဖြစ်သွားတာပါ။ 


* မြန်မာအစားအစာကို ပြန်လည်ဆန်းသစ်ခဲ့ပုံ

မြန်မာမုန့်ကို လမ်းဘေးစာလို့ပဲ လူသိကြတာလေ။ တခမ်းတနားကြီးရောင်းတဲ့ ဆိုင်က နည်းတယ်။ ဆိုင်ကနေ ဝယ်လာပြီး အိမ်ရောက်ရင် အိတ်တွေမှာ ကပ်ကုန်လို့နဲ့ အဆင်မပြေတာနဲ့ ဖြစ်နေတဲ့အချိန်မှာ အစ်မရောင်းမယ်လို့ စိတ်ကူးလိုက်တော့ သပ်သပ်ရပ်ရပ်လေးနဲ့ လက်ဆောင်ပေးရင်လည်း လှအောင်၊ အစ်မမုန့်ကို ဝယ်လိုက်ရင်လည်း စိတ်ထဲမှာ ကျေနပ်ပြီး ဝယ်ရကျိုးနပ်အောင် လုပ်ချင်တာလေးက ပြန်လည်ဆန်းသစ်သွားသလို ဖြစ်နေတာပေါ့။ အစ်မမုန့်ကို စားတဲ့သူတိုင်းကလည်း ရင်မကျပ်ဘူး၊ ချောင်းမဆိုးဘူး၊ အရသာက စွဲလန်းစေတယ်၊ ဆန်းသစ်တယ်လို့ ပြောကြတယ်။ ဒီလိုဆန်းသစ်နိုင်ဖို့ကလည်း အမြတ်အစွန်း သိပ်မတွက်မှ ဆန်းသစ်လို့ရမှာလေနော်။ အစ်မရဲ့ အမေကတောင်ပြောတယ်။ ဘူးခွံတွေ အများကြီးရိုက်လိုက်တာ ကုန်ရောကုန်ပါ့မလားတဲ့။ ကုန်အောင်ရောင်းလိုက်မယ်အမေလို့။ ကုန်သွားတော့မှ ဆက်စဉ်းစားမယ်။ မကုန်သေးရင် ဒီအတိုင်းရောင်းနေဦးမယ်လို့ ပြောလိုက်တယ်။ လုပ်လိုက်တဲ့အခါကျတော့လည်း စေတနာအကျိုးလေးတော့ ခံစားရပါတယ်။


* ကြုံတွေ့လာခဲ့ရတဲ့ အခက်အခဲများ

ဒီလိုအောင်မြင်မှုရရှိလာဖို့အတွက်ကလည်း အခက်အခဲတွေ ကျော်လာရတာပေါ့နော်။ မတ်တတ်ရပ်ရင်း ထမင်းစားပြီး၊ လမ်းလျှောက်ရင်း အိပ်ခဲ့ရတယ်လို့ပဲ ပြောရမှာပဲ။ မထင်မှတ်တဲ့အခြေအနေမျိုးတွေ ဖြစ်လာတယ်။ ပိုက်ဆံ ငါးထောင်ဆိုတာ နည်းတာ မဟုတ်ဘူး။ အစ်မ စရောင်းတဲ့အချိန်မှာ ဒီငါးထောင်ဆိုတာ များတယ်လို့ တချို့သော လူတွေက တွေးကြတယ်။ မြန်မာမုန့်ဆိုတာ ဈေးပေါရမယ်။ ဒီလောက်ဈေးကြီးရလား။ ဒီလို မုန့်လေးကို ငါးထောင်တောင် ရောင်းတာလားဆိုပြီး ပြောတဲ့သူတွေလည်း ရှိပါတယ်။

မြန်မာအချိုပွဲမုန့်ကို တစ်ဘူး ငါးထောင်နဲ့ရောင်းလို့ လက်မခံချင်တဲ့သူတွေလည်း ရှိပေမယ့် အင်မတန်နည်းပါးပြီး ဒီလိုကောင်းတာမျိုးကို စားချင်နေတာကြာပြီ။ ဒါမျိုး ရောင်းလို့ ကျေးဇူးတင်တယ်ဆိုပြီး ကျေးဇူးတင်စာတွေ မရပ်မနားရခဲ့တာ အဆက်မပြတ် ကြိုးစားဖို့ အားဆေးတွေပါပဲ။

* အောင်မြင်မှုအတွက် ပီတိ

အခက်အခဲတွေကို ကျော်ဖြတ်နေတဲ့အချိန်မှာ အစ်မရဲ့ စိတ်ခံစားချက်က အညိုရောင် ဖြစ်နေခဲ့ပြီး ပျော်စရာ ကောင်းမနေပါဘူး။ ဒီလို အခက်အခဲတွေကြားမှာ ကျော်ဖြတ်ခဲ့ရပြီး အောင်မြင်ခဲ့ရတာဖြစ်လို့ ဘဝမှာ အောင်မြင်မှုတွေ အများကြီးရခဲ့ပေမယ့် နတ်သုဒ္ဓါကို တစ်တိုင်းပြည်လုံး၊ တစ်နိုင်ငံလုံးအနေနဲ့ လက်ခံတာရဲ့ အောင်မြင်မှုလောက် ချိုမြိန်တာ မရှိပါဘူး။ ဒါကြောင့် နတ်သုဒ္ဓါရဲ့ အောင်မြင်မှုကို အစ်မက အရမ်းကို တန်ဖိုးထားပါတယ်။

* စေတနာပါရမယ်

အောင်မြင်တဲ့နေရာတစ်ခုရချင်တယ်ဆိုရင်တော့ စေတနာပါပါလေး အလုပ်လုပ်ဖို့ လိုတယ်လို့တော့ ထင်ပါတယ်။ နင်ကတော့ ဒီလောက်ပေးလို့ နင့်ကိုတော့ ဒီလောက်ပဲ ပေးမယ်ဆိုတဲ့ စိတ်ထားလို့ မရဘူးလေ။ အကောင်းဆုံး အတတ်နိုင်ဆုံး အစွမ်းကုန် ပေးလိုက်မှသာ မမျှော်လင့်နိုင်တဲ့ ခံစားချက်မျိုးရရှိမယ်လို့ ထင်တယ်။ ဒီလိုမျိုး ရောင်းရလိမ့်မယ်လို့ မထင်ထားဘူး။ အစ်မ အရင်က ရောင်းတုန်းက အိမ်ရှေ့မှာဝယ်သူတွေက မနက် အစောကြီးတည်းက လာတန်းစီကြတယ်။ ညဆိုလည်း မိုးချုပ်တဲ့အထိ ရောင်းရတယ်။ အစ်မကိုမြင်ရင်၊ မုန့်ဘူးတွေကို မြင်ရင် ပိုက်ဆံတွေပစ်ချပြီး မုန့်ဘူးတွေကို အတင်းလုယူတာ။ အစ်မသာဆိုရင် တန်ရာတန်ကြေးပေးဝယ်ပေမယ့် အဲဒီလိုဝယ်မှ စားရမယ်ဆိုရင် အစ်မမစားဘူး။ အဲဒါကြောင့် အစကနဦးမှာ ဝယ်စားတဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ်။ မရတဲ့သူတွေကလည်း စိတ်တွေဆိုးကြတယ်။ ထုတ်နိုင်တဲ့စွမ်းအားနဲ့ ရောင်းနိုင်တဲ့စွမ်းအားက အရမ်းကို မမျှမတဖြစ်ခဲ့လို့ပါ။ တချို့တွေကပြောတယ် ချေတယ်တို့၊ မရောင်းချင်ဘူးတို့။ အစ်မမုန့်ကိုတောင် အချေမုန့်လို့ ခေါ်ကြတယ်။ အဲဒီလိုမဟုတ်ပါဘူး။ အစ်မတို့က ဈေးသည်လေ။ ဝယ်သမျှကို ရောင်းချင်ကြတာချည်းပါပဲ။ မရောင်းချင်တာ ဘယ်ရှိပါ့မလဲနော်။ 

အဲဒီကာလတွေမှာ အစ်မတို့ဖြစ်နေတဲ့အခက်အခဲတွေကို တော်တော်ဖြေရှင်းလိုက်ရတယ်။ ဝန်ထမ်းရှားပါးတာတွေရှိတယ်။ ဝန်ထမ်းတွေက ဝင်လိုက်၊ ထွက်လိုက် ဖြစ်နေတာတွေ၊ ကုန်ကြမ်း ရှားပါးတာတွေ၊ ဘူးခွံ၊ ခွက်တွေ လိုအပ်တာတွေ စတဲ့အခက်အခဲတွေ အများကြီးရှိတယ်။ ဒီလိုအခက်အခဲတွေနောက်ကနေ အစ်မကိုပံ့ပိုးပြီး ကူညီပေးနေတဲ့ အစ်မရဲ့အမျိုးသား၊ မိဘ၊ အစ်မရဲ့ အစ်မ၊ မောင်လေးတို့က လှည့်မကြည့်ရအောင် အကုန်ဝိုင်းပြီး ကူညီပေးနေကြတာကြောင့် အလုပ်တွေက ရှောရှောရှူရှူနဲ့ ကျော်ဖြတ်လာနိုင်နေတာပါ။ ဒီလုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်နေတဲ့နေရာမှာ အချက်ရယ်လို့တော့ မဟုတ်ပါဘူး။ အဓိကအနေနဲ့ စေတနာတော့ ရှိရမှာပေါ့။ အစ်မတို့ကလည်း စေတနာထားပြီး လုပ်နေတာကြောင့် စေတနာကြောင့် ရောင်ပြန်ဟပ်တယ်လို့ပဲ ပြောရမှာပေါ့။ ကျေးဇူးဆိုတာကလည်း မမေ့စကောင်းပါဘူး။ 


* နေ့စဉ်လုပ်ငန်းဆောင်တာလေးများ

အစ်မက ညဆို ကောင်းကောင်းအိပ်မပျော်ဘူး။ အဲဒီလိုဖြစ်လာရင် စာလေးတွေ ရေးဖြစ်တယ်။ စာတွေဖတ်တယ်။ ဒီမုန့်လေးတွေအတွက် စာတွေစဉ်းစားတယ်။ မုန့်လေးတွေကို ဘာတွေထပ်ထုတ်ရင် ကောင်းမလဲဆိုတာတွေ စဉ်းစားတယ်။ အိပ်ရာက နိုးလာရင် မုန့်လုပ်တဲ့နေရာကို သွားတယ်။ မုန့်တွေ အဆင်ပြေရဲ့လားကြည့်တယ်။ မြည်းတယ်။ ဝန်ထမ်းတွေရဲ့ သန့်ရှင်းမှုပိုင်းဆိုင်ရာတွေ၊ သူတို့လေးတွေရဲ့ အခက်အခဲတွေလည်း လိုက်ကြည့်၊ ဖြေရှင်းပေးရတယ်။ အစ်မတို့က အခုဆိုရင် အရမ်းရောင်းကောင်းတဲ့ အခြေအနေကနေ တည်တည်ငြိမ်ငြိမ် အခြေအနေဘက်ကို ရောက်လာပြီ။ အစ်မတို့က အရင်လို ကြိတ်ကြိတ်တိုး ဖြစ်နေတာကို မလိုချင်ဘူး။ ဒါတွေက ယာယီပဲဖြစ်နေမှာလေ။ အဲဒီလိုမျိုးကို မလိုချင်ဘူး။ ဘယ်တော့ငြိမ်သွားမလဲဆိုတာကို စောင့်ရတယ်။ ဒီလို ဖြစ်လာတဲ့အချိန်ကျမှ အစ်မလုပ်ချင်တာလေးတွေကို စဉ်းစားရတယ်။ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေလာရင် မြန်မာ မုန့်နဲ့ဧည့်ခံချင်ကြတာပေါ့။ ဒီလို နိုင်ငံခြားသားတွေလာရင် ဧည့်ခံနိုင်အောင် မြန်မာစာလေး ရောင်းချင်တယ်။

* နောက်ပိုင်းလုပ်ချင်တဲ့ အစီအစဉ်လေးများ

ပထမကတော့ အုန်းနို့သာကူပြင်တစ်မျိုးတည်းရောင်းမယ်ဆိုပြီး ဆုံးဖြတ်ထားရာကနေ နောက်တော့ အုန်းနို့နဲ့သာကူကို အခြေခံတဲ့မုန့်လေးတွေ ထပ်ထုတ်တယ်။ ဒူးရင်းသီးရာသီဆိုတော့ ဒူးရင်းသီးနဲ့ဖုတ်တော့ အရမ်းကောင်းမွန်တဲ့အရသာကို ရသွားတယ်။ အစ်မရဲ့မုန့်နာမည်ပေါက်သွားတာက ဒူးရင်းပြင်ကြောင့်လည်း ပါပါတယ်။ အစ်မက ကုန်ကြမ်းတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင်လည်း သုံးပေးထားပါတယ်။ လူကြီးတွေ၊ သွေးတိုးရှိတဲ့သူတွေအတွက်လည်း နာနတ်သီးလေးနဲ့ ထုတ်ထားတယ်။ အောင်မဲညိုပန်း၊ ဆွမ်းမွှေး၊ ငှက်ပျောသီး၊ သရက်သီး၊ ကန်စွန်းဥနဲ့ထုတ်ထားပြီး အခုနောက်ဆုံးမှာတော့ စတော်ဘယ်ရီနဲ့ ထုတ်ထားပါတယ်။ စတော်ဘယ်ရီအုန်းနို့သာကူပြင်က အချိုလေးလေးနဲ့ ချိုချို၊ ချဉ်ချဉ်လေးစားရတဲ့ အရသာလေးထွက်တယ်။ မြန်မာမုန့်ကို အချိုပေါ့ပေါ့လေးနဲ့ ထုတ်ပြီးရောင်းရင် ရောင်းကောင်းပါ့မလားဆိုတဲ့ စိတ်ကလည်း ဖြစ်တယ်။ အချိုထပ်ထည့်လိုက်ဦးဆိုပြီး သူများတွေကလည်း ပြောကြတယ်။ မြန်မာမုန့်ဆိုရင် ချိုမှဆိုတဲ့လူတွေ များတယ်။ အချိုစားရင် မကောင်းဘူးလေ။ နောက်ဘာထပ်ဖြစ်ချင်လဲဆိုတော့ မြန်မာမုန့်ကို ဘူဖေးစတိုင် ရောင်းချင်တယ်။ နောက်ပြီး ဒီမုန့်နဲ့တွဲပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အအေး၊ Lemongrass Tea, Detox Water နဲ့ ရေနွေးကြမ်းလေးတွေနဲ့ အအီပြေလေးဖြစ်အောင် ရောင်းဖို့တော့ အစီအစဉ်လေးတွေ ရှိပါတယ်။ 


* မုန့်လုပ်ငန်းလေးတွေ လုပ်ကိုင်ချင်သူတွေအတွက် အကြံဉာဏ်လေးများ

ဒီလိုစီးပွားရေးလုပ်ကိုင်နေကြတဲ့သူတွေအတွက် ပြောချင်တာကတော့ လမ်းရိုးအတိုင်းသွားတာက အောင်မြင်ဖို့ ခက်ခဲပါတယ်။ သူက ဘိန်းမုန့်လုပ်လို့ ဘိန်းမုန့်လိုက်လုပ်မယ်ဆိုရင်တောင် နည်းနည်းလေး ထူးဆန်းနေမှဖြစ်မယ်။ လမ်းရိုးအတိုင်းတော့ လိုက်လို့မရဘူး။ ဖောက်ထွက်ချင်တယ်ဆိုရင် ရှိပြီးသားလမ်းထက် နည်းနည်းလေး ဆန်းအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရမယ်။ မြန်မာမုန့်ကို ဆန်းသစ်ပြီး လုပ်လာကြတဲ့သူတွေကိုလည်း ကြိုဆိုပေးရမယ်။ တစ်နိုင်တစ်ပိုင် စီးပွားရေးအနေနဲ့ရော လူငယ်တွေက ဆန်းသစ်ဖို့ ကြိုးစားလာကြတယ်။ ခေတ်လည်းမီလာပြီဆိုတော့ ကုန်ပစ္စည်းလေးတွေကလည်း လက်တစ်ကမ်းမှာ ရရှိလာနိုင်တာတွေကြောင့် စမ်းသပ်လာကြတယ်။ စမ်းသပ်လာရင်းနဲ့မှလည်း အောင်မြင်တဲ့သူတွေ ပေါ်လာမှာလေ။ ဒီလိုအောင်မြင်နိုင်ဖို့ကလည်း လမ်းရိုးအတိုင်းလိုက်လို့ မရဘူး။ ကိုယ့်တီထွင်ဉာဏ်ကို အသုံးချနိုင်မှ ထိုးဖောက်နိုင်မှာပါ။ အစ်မမုန့်ကို ငါးထောင်ရောင်းတာ ဈေးကြီးလိုက်တာ၊ မြန်မာမုန့်ဆိုရင် ဈေးပေါရမယ်၊ ဟန်ဘာကာတို့၊ ပီဇာတို့ကိုပဲ ငါးထောင်၊ တစ်သောင်းပေးပြီး စားချင် စားမယ်ဆိုပြီး ပြောတဲ့ လူတချို့ကို နားလည်အောင် လုပ်ပြဖို့ လိုခဲ့တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ အရည်အသွေးလည်းကောင်းတယ်ဆိုတော့ အခုဆိုရင် မြန်မာမုန့်ဆိုရင် ဈေးပေါစရာမလိုတော့ဘူးဆိုတဲ့ စကားကို လက်ခံလာကြပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ အဆင့်မြင့်မြင့်၊ ကောင်းကောင်းမွန်မွန်သာလုပ်ပါ။ ဒါကိုလက်ခံလာကြပါလိမ့်မယ်။ တချို့တွေက ဒီသာကူပြင်ဗန်းကို တစ်ဗန်းကျိုလိုက်ရင် ဒီလောက်ပဲကျတယ်။ အလကားကွာ အရမ်းအမြတ်စားနေတာလို့ ပြောတာတွေရှိတယ်။ ဒီနေရာကို မဖြတ်သန်းဖူးတဲ့သူက ဒါတွေကို နားမလည်နိုင်ပါဘူး။ မမြင်ရတဲ့ အခက်အခဲတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ အပျက်အစီး၊ အလေအလွင့်တွေရှိတယ်။ ဒီမုန့်လေးတွေက ကိုယ်မွေးထားတဲ့ သား၊ သမီးလိုမျိုးပဲ ပြုစုပျိုးထောင်လာရတာဆိုတော့ အရိပ်တကြည့် ကြည့်ဖြစ်နေတဲ့အချိန်မှာ အပြောခံခဲ့ရတာတွေရှိခဲ့လို့ အရမ်းဝမ်းနည်းခဲ့ရတဲ့ အချိန်တွေရှိခဲ့တယ်။

* အားလပ်ချိန်

အစ်မက အားလပ်ချိန်တွေမှာဆို အစ်မအိမ်မှာ မွေးထားတဲ့ခွေးလေးတွေနဲ့ အချိန်ဖြုန်းကြပါတယ်။ သူတို့က အစ်မရဲ့ သားသမီးလေးတွေလိုပါပဲ။ သူများတွေက ပန်းခြံသွားတယ်၊ ရုပ်ရှင်ကြည့်ကြတယ်၊ သူငယ်ချင်းတွေနဲ့ တွေ့ကြတယ်၊ သွားကြ၊ စားကြတယ်။ အစ်မတို့ လင်မယား ၂ ယောက်မှာ အဲဒီလိုမျိုးတွေ မရှိဘူး။ သူရော အစ်မပါ အပန်းဖြေတဲ့ နေရာမှာ ဘာတွေလုပ်လဲဆိုတော့ မုန့်တွေလုပ်တယ်၊ အသစ်တွေစမ်းတယ်။ မြည်းတယ်။ စာတွေဖတ်တယ်။ ဒါတွေပဲ လုပ်ဖြစ်ပါတယ်။

* မြန်မာ့အစားအစာ အဆင့်မြှင့်တင်လာစေချင်တယ်။

မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားတွေကို ပီဇာတွေ၊ ဟန်ဘာကာတွေ ကျွေးလို့မရဘူးလေ။ မြန်မာမုန့်တို့၊ မြန်မာထမင်း၊ ဟင်းတွေကျွေးမှသာ ကိုယ့်ရဲ့ ရိုးရာဂုဏ်ကိုလည်း မြှင့်တင်နိုင်မယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုကိုလည်း သိမယ်။ ဒီလိုမြန်မာအစားအစာတွေကို မြှင့်တင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ့်မြန်မာမုန့်ကို ကိုယ်တွေက အဆင့်မြှင့်တင်မှ အပေါ်ကို ရောက်မှာလေ။ နေရာတစ်ခုကိုရဖို့ သူ့ရဲ့ ထိုက်သင့်တဲ့နေရာကို ရောက်အောင်တွန်းတင်နိုင်ဖို့ကလည်း လိုသေးတယ်။ အစားအသောက်နဲ့ နိုင်ငံ၊ လူမျိုးနဲ့ တွဲသိနိုင်ဖို့ လိုအပ်ပါတယ်။ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေမှာလည်း မြန်မာအစားအစာကို ဇောင်းပေးပြီး တည်ခင်းပေးနိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ တချို့နိုင်ငံခြားသား တွေက မြန်မာနိုင်ငံရောက်ရင် မြန်မာအစားအစာကို စားချင်ကြတယ်။ မသန့်ရှင်းတာကြောင့် မစားကြဘူး။ ဒါတွေကို အဆင့်မြှင့်တင်ရမယ်။ နိုင်ငံတော်အဆင့်ကလည်း သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်နဲ့စားနိုင်အောင်၊ ရောင်းနိုင်အောင် လုပ်ပေးမှ၊ နိုင်ငံတော်ဘက်ကလည်း လက်တွဲခေါ်နိုင်မှ၊ ဈေးသည်တွေဘက်ကလည်း ကိုယ်ရောင်းမယ့် အစားအစာကို သန့်သန့်ရှင်းရှင်း စေတနာပါပါ လုပ်ရောင်းမှသာ နိုင်ငံတကာက သိလာပြီး မြန်မာ့ အစားအစာက အဆင့်မြင့်လာမှာပါ။

* မြန်မာလူမျိုးတွေက မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အစားအစာကို စိတ်ဝင်တစား ပြန်လည်ဆန်းသစ်လာခြင်း

ကြိုဆိုရမှာပေါ့။ အစ်မကို မေးလာရင်လည်း ဖြေလို့ရတာတွေကို အကုန်ဖြေပေးမှာ။ အဲဒီလိုလူတွေကိုလည်း ပံ့ပိုးနိုင်သမျှ များများပံ့ပိုးပေးရမယ်။ ပံ့ပိုးပေးနိုင်မယ့် အဖွဲ့အစည်းတွေရှိမယ်ဆိုရင် ပိုကောင်းမှာပေါ့။ မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်မယ့်သူတွေကို မှန်မှန်ကန်ကန် ပံ့ပိုးပေးနိုင်မယ့်သူတွေရှိရင် ကောင်းမယ်။ တစ်နိုင်တစ်ပိုင်လုပ်ချင်တဲ့သူတွေ အောင်မြင်ဖို့ ပံ့ပိုးပေးနိုင်တဲ့သူတွေအများကြီး လိုအပ်တယ်။ ဒီလိုများများ လုပ်လာတဲ့သူတွေပေါ်လာရင် ရှေ့က လူတွေက ကြိုဆိုနေဖို့ လိုအပ်တယ်။

.................

ဆုမြတ်ဦး


Comments