ကလေးငယ်များနှင့် အားကစားများမှ ထိခိုက်ဒဏ်ရာများ

 ကလေးငယ်များနှင့် အားကစားများမှ ထိခိုက်ဒဏ်ရာများ

 ကလေးငယ်တွေက မိဘတွေရဲ့ ပျော်ရွှင်စရာ ရတနာလေးတွေပါ။ ဒီလိုရတနာလေးတွေကို ထိခိုက်ဒဏ်ရာရမှာတွေ စိုးရိမ်ကြတယ်ဆိုတာက အံ့ဩစရာတောင် မရှိပါဘူး။ ကလေးငယ်အားကစားများက ပိုပြီးယှဉ်ပြိုင်မှုတွေ များလာပြီး မိဘတွေက ကလေးငယ်တွေ ပိုပြီးခံစားနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ မိဘတွေထဲက သုံးပုံနှစ်ပုံကတော့ ကြိုးစားအားထုတ်ပြီးမှ အောင်မြင်ခြင်းက ပိုပျော်ဖို့ကောင်းတယ်လို့ တွေးကြပေမယ့် ၈၇% လောက်က အားကစားတွေကနေ ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်နေကြပါတယ်။ မိခင်တွေက ကလေးငယ်နဲ့ပတ်သက်တဲ့ အရာအားလုံးကို စိတ်ပူကြပြီးတော့ ဖခင်တွေကတော့ ကလေးငယ်တွေရဲ့  နည်းပြပိုင်းကို ပိုပြီးစိတ်ပူတာကို တွေ့ရပါတယ်။

◘  ဘာကြောင့် ထိခိုက်ဒဏ်ရာတွေ  ရရှိနေတာလဲ။

၁။ ကလေးငယ်တွေက အဖွဲ့အစည်းနဲ့ ကောင်းကောင်းအလုပ် လုပ်နိုင်စွမ်းနည်းပြီး ဆယ်ကျော်သက်တွေထက် ဖျတ်လတ်မှု ပိုနှေးပါတယ်။

၂။ ကလေးငယ်တွေက မတူညီတဲ့ အမြန်နှုန်းနဲ့ ရင့်ကျက်နေကြတာဆိုတော့ အသက်အရွယ်ချင်း တူညီနေရင်တောင် အရပ်အမောင်း၊ ကိုယ်အလေးချိန်တွေက တူညီကြမှာ မဟုတ်ပါဘူး။

၃။ ကလေးငယ်တွေက အသက်အရွယ် ကြီးလာလေလေ ပိုသန်မာလေလေ၊ လူကောင် ပိုကြီးလာလေလေပဲ ဖြစ်တဲ့ အတွက်ကြောင့် ထိခိုက်ဒဏ်ရာတွေရဲ့ ပြင်းထန်မှုတွေနဲ့ ထိခိုက်ဒဏ်ရာတွေ ဖြစ်နိုင်ခြေတွေက တိုးလာလေပဲ ဖြစ်ပါတယ်။


◘   ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရခြင်းကနေ ဘယ်လိုကာကွယ်ကြမလဲ။

၁။ သင့်တော်တဲ့ ပစ္စည်းကိရိယာတွေကိုသာ သုံးပြီး ကစားပါစေ။

၂။ ကလေးငယ်တွေကို ပြိုင်ပွဲမတိုင်ခင်မှာ ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ခိုင်းနေဖို့ လိုပါတယ်။

၃။  ကလေးတွေအတွက် အချိန်ပြည့် ကြီးကြပ်စောင့်ကြည့်ပါ။

၄။ အမြဲတမ်း ရေဓာတ်ပြည့်ဝနေပါစေ။

၅။ ဆော့ကစားတဲ့နေရာက ပြင်ဆင်ပြုပြင်ပြီးသားဖြစ်လား  သေချာအောင် လုပ်ပါ။

၆။  လုံလောက်တဲ့ သွေးပူလေ့ကျင့်ပြီး လေ့ကျင့်ခန်းတွေကို ကစားဖို့ တိုက်တွန်းပေးပါ။


◘  ဘာတွေက ဖြစ်လေ့ရှိတဲ့ ထိခိုက်ဒဏ်ရာတွေလဲ။

၁။ မိမိဘာသာ ထိခိုက်ဒဏ်ရာရခြင်း-သင့်တော်မှုမရှိတဲ့ စက်ပစ္စည်းများကြောင့် ထိခိုက်ခြင်းတွေဖြစ်တဲ့ အတွင်းကြေသွားခြင်း၊ အကြောအဆစ်များ နာသွားခြင်း၊ အရိုးများကျိုးခြင်း၊ အရွတ်များ စုတ်ပြဲခြင်းတို့ ဖြစ်ပါတယ်။

၂။  အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း - ပစ်ခြင်းနဲ့ ပတ်သက်တဲ့ အားကစားကို ကစားတဲ့ အားကစားသမား ဖြစ်လေ့ရှိတဲ့ တံတောင်ဆစ်နာကျင်ခြင်း၊ ရေကူးအားကစားသမားများ ပခုံးဒဏ်ရာရခြင်း၊ ညို့သကျည်းရိုး နာကျင်ခြင်း စတာတွေက လုံလောက်မှုမရှိတဲ့ သွေးပူလေ့ကျင့်ခန်းများ၊ သင့်တော်မှုမရှိတဲ့ အားကစားကိရိယာများ၊ အားကစားနည်းစနစ်များ စနစ်တကျမရှိခြင်းတို့နဲ့ အလွန်အကျွံ လေ့ကျင့်ခြင်းတို့ကြောင့် ဖြစ်တာပါ။

၃။ ထိခိုက်ဒဏ်ရာများ ပြန်၍ဖြစ်ခြင်း - အားကစားသမားတွေရဲ့ ယခင်က ဒဏ်ရာဟောင်း ပြန်လည် ကောင်းမွန်မလာခင်မှာ ပြန်၍ဖြစ်ခြင်း ဖြစ်ပါတယ်။

◘   ကလေးငယ်အားကစားသမားတွေ ထိခိုက်ဒဏ်ရာ ရလာပြီဆိုရင် ဘာတွေလုပ်သင့်သလဲ။

 မိမိဘာသာ ထိခိုက်ဒဏ်ရာရခြင်းဖြစ် လာခဲ့ပြီဆိုရင် ကလေးငယ်တွေက ရှေးဦး သူနာပြု ကုသခြင်းကို နည်းပြတွေ၊ မိဘတွေဆီကနေ အမြန်ဆုံးရယူသင့်ပါတယ်။ ထိခိုက်ဒဏ်ရာတွေက ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှုတွေရှိလာပြီဆိုရင်တော့ ကလေးအထူးကုနဲ့ ပြသသင့်ပါတယ်။

 အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း ဖြစ်လာပြီဆိုရင် ကုသဖို့အတွက် အချိန်ယူရမှာ ဖြစ်ပါတယ်။ အားကစားသမားက လေ့ကျင့်ခန်းတွေကို ပုံမှန်အတိုင်း ဆက်လုပ်နေဦးမယ်ဆိုရင် ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာတွေကို ကုသဖို့ အချိန်လုံလောက်မှာ မဟုတ်ပါဘူး။ အားကစားသမား တွေက ဒီလိုထိခိုက်ဒဏ်ရာတွေဖြစ်လာရင် နာကျင်မှုကလည်း သိပ်မဖြစ်တာကြောင့် လျစ်လျူရှုထားတတ်ကြပါတယ်။ ထိခိုက်ဒဏ်ရာတွေက ထပ်ခါထပ်ခါဖြစ်လာပြီး အသင်းကနေ နုတ်ထွက်ရသည်အထိ ဖြစ်လာတတ်ကြပါတယ်။

 ကလေးငယ်ကို ကလေးအထူးကုနဲ့ ဖြစ် နိုင်သမျှ မြန်မြန်သွားပြသင့်ပါတယ်။ မိဘနှင့် နည်းပြများကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း လက္ခဏာများကို သိထား သင့်ပါတယ်။

◘  ထိခိုက်ဒဏ်ရာတွေ ဖြစ်နိုင်ခြေနည်းအောင်  ဘယ်လိုကာကွယ်ရမလဲ။

 အားကစားမှ ထိခိုက်ဒဏ်ရာတွေဖြစ် ခြင်းမှ ကာကွယ်နိုင်ဖို့ မိဘ၊ နည်းပြများနဲ့ အားကစားသမားများ လိုက်နာနိုင်တဲ့ အမျိုးမျိုး သောနည်းလမ်းတွေ ရှိပါတယ်။ အများစုသော နည်းလမ်းတွေကို အားကစားသမားတွေက လိုက်နာသင့်ပါတယ်။

၁။ ပြိုင်ပွဲဝင်မပြိုင်ခင် ပြိုင်ပွဲတိုင်းမှာ ကြိုတင်

ပြီး လေ့ကျင့်ထားခြင်းက ထိခိုက်ဒဏ်ရာ ဖြစ်နိုင်ခြေကို အများကြီး လျှော့ချနိုင်ပါတယ်။

၂။  အားကစားတစ်ခုကို ကစားဖို့အတွက် သင့်တော်တဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေမှာ ရှိပါစေ။

၃။  အားကစားစည်းမျဉ်းစည်းကမ်းတွေကို သိထားပြီး သေချာလိုက်နာပါ။

၄။  သီးခြားအသုံးပြုဖို့ ထောက်ခံပေးထားတဲ့ ကာကွယ်ရေးပစ္စည်းများကို ဝတ်ဆင်ပါ။

၅။ အားကစားဆိုင်ရာ ပစ္စည်းကိရိယာများကို မှန်ကန်အောင် ဘယ်လိုသုံးရမလဲဆိုတာကို သိအောင်လုပ်ထားပါ။

 ကလေးငယ် အားကစားသမားတွေ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် R.I.C.E က အကောင်းဆုံး ပြန်လည်ကုသခြင်းနည်းပါပဲ။



REST (အနားယူပါ)

• ကလေးဆရာဝန်က ပြန်လည်ကစားဖို့ မပြောမချင်း ဒဏ်ရာရထားတဲ့နေရာကို ထပ်ပြီး အသုံးမပြုပါနဲ့။

• ခက်ခက်ခဲခဲ လမ်းလျှောက်နေရသေးတယ်ဆိုရင် အားကစားသမားက ချိုင်းထောက်ကို သုံးပေးရမှာပါ။

ICE (ရေခဲ)

• ရေခဲကို ထိခိုက်မိတဲ့ နေရာတစ်ဝိုက်မှာ သုံးပေးမယ်ဆိုရင် နာကျင်မှုဒဏ်ကို လျော့ကျသွားအောင် ကူညီပေးပါတယ်။

• ရေခဲတစ်ကြိမ် ကပ်မယ်ဆိုရင် ၁၅ မိနစ်မှ မိနစ်၂၀ ခန့်အထိ သုံးပေးပါ။

• ရေခဲအတုံးလေးတွေ၊ ခွဲထားတာလေးတွေ (သို့) အေးခဲထားတဲ့ ပဲလုံး၊ ပြောင်းဖူး စသည်တို့ကိုလည်း သုံးပေးနိုင်ပြီး ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့ Cold Pack လေးတွေ သုံးခြင်းကို ရှောင်ပါ။

• အမြဲတမ်းရေခဲကို ထိခိုက်ဒဏ်ရာ ရရချင်း ၄၈ နာရီမှ ၇၂ နာရီအတွင်း သုံးပေးပါ။

• ထိခိုက်ခံထားရတဲ့နေရာကို ရေခဲကပ်ပြီး မအိပ်ပါနဲ့။

Compression (ဖိနှိပ်ခြင်း)

• ရောင်ရမ်းခြင်းကို လျော့ကျစေဖို့အတွက် ပတ်တီး (သို့) ဒူးစွပ်လိုမျိုးတွေ သုံးပေးသင့်ပါတယ်။

• ပတ်တီးစည်းမယ်ဆိုရင် ပတ်တီးကို ဒဏ်ရာရဲ့ အောက်ဘက်ကနေ အပေါ်ရောက်သည်အထိ စည်းပေးပါ။

• ခြေချောင်း၊ လက်ချောင်းတွေကို ထည့်မစည်းပါနဲ့။

• ထုံကျဉ်ခြင်း၊ အသားအရောင် ပြောင်းလဲလာပြီဆိုရင် (သို့) အပူချိန်ပြောင်းလဲလာပြီဆိုရင် ပတ်တီးစည်းထားတာကို နည်းနည်းစီ ဖြေလျှော့ပေးပါ။

• ထိခိုက်ဒဏ်ရာရထားတဲ့ နေရာတွေကို ပတ်တီးစည်းပြီး မအိပ်ပါနဲ့။


Elevation (မြှင့်တင်ပါ)

• ရောင်ရမ်းခြင်းကို ထိန်းချုပ်နိုင်အောင် ကမ္ဘာ့ဆွဲအားကို အသုံးပြုပေးပါ။

• ထိခိုက်ထားတဲ့ ဒဏ်ရာကို နှလုံးနေရာရဲ့ အထက်နေရာမှာ ထားပေးပါ။ ကမ္ဘာ့ဆွဲအားကြောင့် ခန္ဓာကိုယ်တွင်းက အရည်တွေက ခန္ဓာကိုယ်အောက်ပိုင်းကို စီးဆင်းသွားပြီး ဖောရောင်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

• အိပ်နေစဉ် ခြေထောက်ရဲ့အောက်မှာ ခေါင်းအုံး (သို့) မြင့်တဲ့အရာ တစ်ခုခု ခံထားပါ။ တစ်ရက်ကို ၄၅ မိနစ်မှ မိနစ် ၆၀ ခန့်အထိ ခံပြီး အိပ်ပေးတာကြောင့် ခန္ဓာကိုယ်ဖောရောင်ခြင်းကို သက်သာစေနိုင်ပါတယ်။

• ထိခိုက်ဒဏ်ရာတွေကြောင့်  ခြေထောက် ကြွက်သားတွေက အားနည်းနေပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ နှလုံးဆီကို သွေးတွေရောက်အောင် တွန်းပို့ပေးဖို့ ခက်ခဲတာကြောင့်ပါ။ ဒါ့ကြောင့် ခြေထောက်တွေ ရောင်ရမ်းနေတယ်ဆိုရင် ကမ္ဘာ့ဆွဲအားကိုသုံးကာ ခြေထောက်ကို မြှင့်တင်ပြီး အရည်စီးဆင်းမှုကို ကောင်းအောင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။         ။

ဆုမြတ်ဦး

For Sports and Fitness Magazine

Comments