Pull Apart Pizza Bread

Pull Apart Pizza Bread

ဒီပီဇာပေါင်မုန့်လေးက ပီဇာစားသမျှထဲမှာ ဆုမြတ်အကြိုက်ဆုံးပါပဲ။ ပီဇာလို အပြားလိုက်လုပ်ထားတာ မဟုတ်ဘဲ ပေါင်မုန့်ပုံစံလေး လုပ်ထားတာကြောင့် တစ်မျိုးလေး ဆန်းနေစေပါတယ်။ ဆုမြတ်ရဲ့အိမ်က မိသားစုတွေပါ ကြိုက်နှစ်သက်ကြတာကြောင့် ပရိသတ်ကြီးလည်း လိုက်လုပ်စားရင် သဘောကျပြီး ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ 

Pizza Dough ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ - ၂၅၀ ဂရမ်

Yeast (တဆေး) - ၆ ဂရမ်

Improver - အနည်းငယ်

သကြား - ၁၂ ဂရမ်

သံလွင်ဆီ - ၂၅ ဂရမ်

ဆား - ၅ ဂရမ်

ရေ - ၁၅၀ ဂရမ်

Pull Apart Pizza Bread ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

Cheddar Cheese - ၁၀ဝ ဂရမ်

Mozzarella - ၁၀ဝ ဂရမ်

ကြက်သားပြား - ၁ ထုပ်

ထောပတ် - စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ - ၃ မြွှာ

ကြက်သွန်မြိတ် - ၁ စည်း


ပြုလုပ်နည်း

၁။ ပထမဆုံး ပီဇာဂျုံလုံးကို အရင်လုပ်ပါမယ်။ ဆားမှလွဲ၍ အားလုံးကို ရောပြီး သမအောင် ရောနယ်ပါ။ ဆားထည့်ပါ။ လက်နဲ့ ဆွဲကြည့်လိုက်လို့ ပြတ်မထွက်တော့ဘူးဆိုလျှင် ရပါပြီ။ ဂျုံလုံးကို ဇလုံတစ်လုံးအုပ်ပြီး အပွခံထားပါ။ မိနစ် ၂၀ ခန့် အပွခံပေးပါ။

၂။ ချိစ်တွေကို ခြစ်ထားပါ။ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ထောပတ်နဲ့ ရောထားပါ။

၃။ ဂျုံလုံးကို လေထုတ်ပါ။ ပါးပါးလေးဖြစ်အောင် တလိမ့်တုံးနဲ့ လှိမ့်ပါ။ အရမ်းကြီးမပါးပါနဲ့။ လှိမ့်နေရင်း ဂျုံသားကို ခဏခဏ အကြောလျှော့ပေးပါ။ ထောပတ်၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူတို့ ရောထားတာကို ဂျုံသားမျက်နှာပြင်မှာ သုတ်ပေးပါ။ 

၄။ ချိစ်တွေကို ဂျုံသားအနှံ့ဖြူးပါ။ အပေါ်ကနေ ကြက်သားပြားလေးတွေကို အနှံ့ထားပါ။ ပြီးလျှင် ထည့်မည့် မိုလ်ခွက်ကို ချိန်ပြီး ဂျုံသားကို လေးထောင့်လေးတွေ ဖြတ်ပါ။ ထည့်ဖုတ်မယ့် မိုလ်ကို ထောပတ်သုတ်ပါ (သို့) ဆီစိမ် စက္ကူခင်းပါ။ ဖြတ်ပြီးသား ဂျုံသားလေးတွေကို ထပ်ပြီး မိုလ်ခွက်ထဲ ထည့်ပါ။ 

၅။ ဂျုံသားကို ၂ ဆ ပွလာအောင် နာရီဝက်၊ ၁ နာရီခန့် ထပ်ပြီး အပွခံပါ။ အပူချိန် အပေါ်အောက် 200˚C ခန့်နဲ့ နာရီဝက်ခန့် ဖုတ်ပါ။ အရသာရှိတဲ့ Pull Apart Pizza Bread လေး ရပါပြီ။ မီးဖိုက ပေါင်မုန့်လေးထွက်လာလို့ သုံးဆောင်မယ်ဆိုရင် ခွဲဖို့ ဓားတွေဘာတွေ မလိုပါဘူးနော်။ တစ်ချပ်ချင်းစီလုပ်ထားတာမို့ လက်နဲ့ဆွဲလိုက်ရုံပါပဲ။

.......

ဆုမြတ်ဦး

for Food Magazine


Comments