၀က်အသဲနှင့် နှလုံးအစပ်ကြော်

 ၀က်အသဲနှင့် နှလုံးအစပ်ကြော်

အားလုံးပဲ မဂ်လာပါရှင့်။ ဒီနေ့မှာတော့ ဝက်အသဲနဲ့ နှလုံးလေး ဝယ်ထားတာမို့ စပ်စပ်လေးကြော်စားတာမို့ ကြော်နည်းလေး မျှဝေပါတယ်ရှင့်.။ ဝက်ကလီစာတို့၊ ဝက်သားဒုတ်ထိုးတွေက ဆုမြတ်တို့ မြန်မာလူမျိုးတွေ အသဲစွဲပဲမို့လား။ ဒီနေ့တော့ ချက်လဲမစားချင်ဘူး။ မီးမလာရင်လဲ အဆင်ပြေအောင်ဆိုပြီး ဆီများများလေးနဲ့ စပ်စပ်လေးကြော်ထားပါတယ်။ 


ပါဝင်ပစ္စည်းများ

ဝက်အသဲ ၁ခု

ဝက်နှလုံး ၁ခု

ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်

ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်

ငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်

ငရုတ်ကောင်း လက်ဖက်ဇွန်း ၁ဇွန်း

ဂျင်းမှုန့် အနည်းငယ်

ငါးဟင်းခတ်မှုန့် (သို့) အရသာမှုန့် လက်ဖက်ဇွန်း ၁ဇွန်းတစ်ဝက်

ငရုတ်သီးခွဲခြမ်း စားပွဲတင်ဇွန်း ၂ဇွန်း

ကြက်သွန်ဖြူ လက်တစ်ဆုပ်

ကြက်သွန်နီ အလတ်အရွယ် ၄လုံး (သို့)

ကြက်သွန်နီကြော်  စားပွဲတင်ဇွန်း ၅ဇွန်း မှ ၆ဇွန်း



ပြုလုပ်နည်းအဆင့်ဆင့်

၁. ဝက်အသဲနှင့် နှလုံးတို့ကို ဗီနီကာနဲ့ ဆေးပါတယ်။ ဆေးထားတဲ့အသားတွေကို သေးသေးလေးတွေတုံးပြီး ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဂျင်းမှုန့်၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်နှင့် ငါးဟင်းခတ်မှုန့် (ဆုမြတ်ကတော့ Katsuo Dashi ကထုတ်ထားတဲ့ ငါးဟင်းခတ်မှုန့်ကို သုံးထားပါတယ်။) ရေခဲသေတ္တာထဲမှာ ၁နာရီလောက် နှပ်ထားပါ။

၂. ကြက်သွန်နီတွေကို ငရုတ်ဆုံထဲမှာ ထည့်ထောင်းပြီး ဒယ်အိုးထဲမှာ ဆီထည့်ပြီး ရွေရောင်ပြောင်းတဲ့အထိ ကြော်ထားပါ။

၃. နယ်ထားတဲ့ အသားတွေကို ခြောက်သွားတဲ့ထိ ထည့်ကြော်ပါ။ အသားတွေခြောက်သွားရင် ငရုတ်သီးခွဲခြမ်းထည့်ကြော်ပါ။ မီးပိတ်ပြီး Ready-made ကြက်သွန်နီကြော်ထည့်ပြီး မွှေပေးပါ.

၄. ဝက်အသဲနှင့် နှလုံးအစပ်ကြော်လေးကို ထမင်းဖြူဖြူလေးနဲ့ တွဲပြီး သုံးဆောင်နိုင်ပါပြီ။

၅. ကိုယ်က မာလာအစပ်အရသာတွေ ကြိုက်တတ်တယ်၊ အရသာလေး ပြောင်းပြီး ကြော်ကြည့်ချင်ရင် မာလာအနှစ် (သို့) မာလာရှမ်းကောအနှစ်တွေထည့်နှပ်ပြီး ကြော်လို့ရပါတယ်နော်……….

Hsu Myat Oo

Comments