Christmas Fruit Cake

   Christmas Fruit Cake

သစ်သီးခြောက်များကို ရမ်၊ ဝိုင်၊ ဝီစကီစတာတွေနဲ့ စိမ်လို့ရပါတယ်။ သစ်သီးခြောက်လေးတွေကို မိမိကြိုက်နှစ်သက်တဲ့ သစ်သီးခြောက်ကိုသုံးလို့ ရပါတယ်။ ဆုမြတ်ကတော့ အအီပြေအောင် ချဉ်တဲ့သစ်သီးလေးတွေဖြစ်တဲ့ ကီဝီ၊ စတော်ဘယ်ရီသီးနဲ့ သခွားမွှေးခြောက်တို့ကို သုံးထားပါတယ်။ ကိတ်ကို ညိုညိုလေးဖြစ်စေချင်တာကြောင့်  သကြားညိုကိုပါ သုံးထားတာပါ။ ညိုတာမလိုချင်ရင်တော့ ရိုးရိုးသကြားချည်း ၂၀ဝ ဂရမ် သုံးပါ။


ပါဝင်ပစ္စည်းများ

ထောပတ်  –  ၂၀ဝ ဂရမ်

ရိုးရိုးသကြား  –  ၁၀ဝ ဂရမ်

သကြားညို  –  ၁၀ဝ ဂရမ်

ကြက်ဥ  –  ၂၀ဝ ဂရမ်

ကိတ်ဂျုံ  –  ၂၀ဝ ဂရမ်

မုန့်ဖုတ်ပေါင်ဒါ  –  ၄ ဂရမ်

နွားနို့  –  ၂၀ ဂရမ်

ဆီ  –  ၂၀ ဂရမ်

သစ်ကြံပိုးခေါက်  –  ၁၀ ဂရမ်

သစ်သီးခြောက်  –  ၂၀ဝ ဂရမ်

ရမ်  –  သစ်သီးစိမ်ရန်

အစေ့အဆန်  –  ၅၀ ဂရမ်

ဗီနီလာအနံ့



ပြုလုပ်နည်းအဆင့်ဆင့်

၁။       သစ်သီးခြောက်များကို ရမ်နဲ့ တစ်ရက်လောက်ကြိုပြီး ဘူးတစ်ဘူးထဲမှာ ကြိုစိမ်ထားပါ။ ရမ်ကို သစ်သီးခြောက်များ မြုပ်သွားသည်အထိ ထည့်ပေးပါ။ အဖုံးလုံအောင် ပိတ်ပါ။

၂။       ထောပတ်နှင့်သကြားကို ထောပတ်ဖြူးပြီး ပွလာသည်အထိ စက်နဲ့ (သို့) ကြက်ဥမွှေတဲ့အတံနဲ့ ရိုက်ပေးပါ။ ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပေးပါ။ ဗီနီလာအနံ့ ထည့်ပါ။

၃။       ကိတ်ဂျုံနှင့် မုန့်ဖုတ်ပေါင်ဒါကို ဆန်ခါချပေးပါ။ သစ်သီးခြောက်များနှင့် အစေ့အဆန်များကို သေးသေးလှီးထားပေးပါ။ တချို့ကိုတော့ ကိတ်ပေါ်မှာ ပြန်အလှဆင်ဖို့ ချန်ထားပါ။ သေးသေးလှီးထားတဲ့ သစ်သီးခြောက်များကို ကိတ်ဂျုံနှင့် ရောထားပါ။

၄။       ကိတ်ဂျုံအရောကို ထောပတ်ရိုက်ထားသည့်အထဲရောပြီး လက်ဖြင့် သမအောင် ရောမွှေပေးပါ။ ဆီနှင့်နွားနို့ ရောမွှေပါ။

၅။       မုန့်ဖုတ်မည့် ဗန်းထဲကို ဆီစိမ်စက္ကူခင်းပါ။ ကိတ်ကွင်းအဝိုင်းထည့်ပြီး မုန့်နှစ်များကို ထည့်ပါ။ မုန့်နှစ်အပေါ်ကနေ ချန်ထားတဲ့ သစ်သီးခြောက်များနှင့် အလှဆင်ပေးပါ။ မုန့်ဖုတ်ဖိုထဲမှာ အပေါ်အောက် 180˚C နှင့် ၄၅ မိနစ်ခန့် ဖုတ်ပေးပါ။ မုန့်သားထဲကို တုတ်တံနှင့်ထိုးကြည့်ပြီး အထုတ်မှာ မုန့်သားများ ကပ်မပါလာဘူးဆိုလျှင် မီးဖိုထဲက ထုတ်လို့ ရပါပြီ။

by Hsu Myat Oo for Food Magazine

Comments