ပင်လယ်စာကြက်သွန်မြိတ်ပန်ကိတ် (Haemulpaejeon)

 ပင်လယ်စာကြက်သွန်မြိတ်ပန်ကိတ်

(Haemulpaejeon)


Sports and Fitness Magazine ပရိသတ်ကြီး မင်္ဂလာပါ။ ဒီလမှာတော့ ကိုရီးယားအစားအစာတစ်မျိုးဖြစ်တဲ့ ပင်လယ်စာကြက်သွန်မြိတ်ပန်ကိတ်လေး လုပ်ပြထားပါတယ်။ နိုင်ငံအမျိုးမျိုးမှာ ပန်ကိတ်လုပ်နည်း အမျိုးမျိုးရှိပါတယ်။ ကိုရီးယားပန်ကိတ်အတွက်ကိုတော့ ရှေးခေတ်အခါက ပန်ကိတ်ပြုလုပ်ရာမှာ ကြက်ဥ၊ ဂျုံမှုန့်၊ ဆန်မှုန့်နဲ့ ကြက်သွန်မြိတ်ကို အဓိကပါဝင်ပစ္စည်းအနေနဲ့ အသုံးပြုကြပါတယ်။ ရိုးရိုးကြက်သွန်မြိတ်နဲ့ကြော်တဲ့ ကြက်သွန်မြိတ်ပန်ကိတ်၊ အမဲသား၊ ဝက်သားနဲ့ ပင်လယ်စာနဲ့ ကြော်တဲ့ ပန်ကိတ်၊ ကင်ချီနဲ့ကြော်တဲ့ ပန်ကိတ်ဆိုပြီးရှိပါတယ်။ ကိုရီးယားကြက်သွန်မြိတ်ပန်ကိတ်အမျိုးမျိုးထဲကမှ Dongnae ကြက်သွန်မြိတ်ကြော်ကတော့ မူရင်းပန်ကိတ် ဖြစ်ပါတယ်။ Dongnae ကြက်သွန်မြိတ်ကြော်ကတော့ ဂျိုဆွန်းခေတ်တုန်းက ခံတပ်ဖြစ်ခဲ့တဲ့ Dongnaesung ကို ကိုယ်စားပြုပြီး ပေးထားတဲ့ နာမည်ဖြစ်ပြီး Imjin စစ်ပွဲမှာ နာမည်ကြီးတဲ့ ခံတပ်တစ်ခုဖြစ်ပါတယ်။ အခုတော့ ဘူဆန်မြို့ရဲ့ ခရိုင်တစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒဏ္ဍာရီလာစကားအရ ဂျပန်စစ်သားများ ဝင်ရောက်တိုက်ခိုက်တဲ့အချိန် စစ်ရှုံးသွားတဲ့အခါမှာ ကြက်သွန်မြိတ်တွေကို ပြည်သူတွေက စစ်နိုင်တဲ့ အောင်မြင်မှုအနေနဲ့ ဂုဏ်ပြုပြီး စားခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဟင်းပွဲလေးကို ဘုရင့်စားတော်ပွဲမှာ တည်ခင်းခဲ့ရင်း နောက်ပိုင်းမှာ အရမ်းနာမည်ကြီးလာပါတယ်။ ကဲ... လုပ်နည်းလေး ကြည့်လိုက်ကြရအောင်။ ကိုရီးယား ပန်ကိတ်အမှုန့်လေးကလည်း City Mart တိုင်းမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနိုင်ပါတယ်။ လုပ်နည်းလေးကလည်း အရမ်းလွယ်ပြီး ဆီလည်း သိပ်သုံးရတာမဟုတ်တာကြောင့် ဝိတ်ချနေတဲ့ ကိုကို၊ မမတွေလည်း လုပ်စားလို့ရပါတယ်နော်။ ကဲ - လုပ်ကြည့်လိုက်ကြရအောင်။


ပါဝင်ပစ္စည်းများ

ကိုရီးယားပန်ကိတ်အမှုန့် - ၁၅၀ ဂရမ်

ကြက်ဥ - ၁ လုံး

ရေ - ဖန်ခွက် ၃ ခွက်

ကြက်သွန်မြိတ် - ၂ စည်း

ပုစွန် - ၁၀ ကျပ်သား

သကြား - အနည်းငယ်

ဆား - အနည်းငယ်

ငရုတ်သီး (နီ၊ ဝါ၊ စိမ်း) - အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကိုရီးယားပန်ကိတ်အမှုန့်၊ ရေ၊ ကြက်ဥ၊ သကြားနှင့် ဆားတို့ကို သမအောင် ရောမွှေပေးပါ။ မုန့်နှစ်အပျစ်၊ အကျဲကို မိမိကြိုက်နှစ်သလို ပြောင်းလဲနိုင်ပါတယ်။

၂။ ပုစွန်ကို အခွံနွှာ၊ အမြီးဖြတ်၊ ခေါင်းဖြတ်၊ ကျောရိုးထုတ်ပြီး ရေဆေးပါ။ ငရုတ်သီးများကို အတုံးလေးတွေ တုံးထားပါ။ ကြက်သွန်မြိတ်ကို ခပ်ရှည်ရှည်လေးတွေ ဖြတ်ထားပြီး မုန့်နှစ်ထဲ ရောနယ်ပါ။

၃။ မကပ်တဲ့အိုးကို အပူပေး၍ ဆီအနည်းငယ်ထည့်ပြီး မုန့်နှစ်များကို ထည့်ပါ။ အပေါ်မှ ပုစွန်လေးများကို တင်ပေးပါ။ အောက်ဘက်မှာ ကျက်သွားပြီဆိုလျှင် တစ်ဖက်လှန်ပေးပါ။ နှစ်ဖက်စလုံး ကျက်သွားပြီဆိုလျှင် အိုးပေါ်က ချလို့ရပါပြီ။

၄။ ဗီနီကာ စားပွဲဇွန်း တစ်ဇွန်း၊ ပဲငံပြာရည် စားပွဲဇွန်း တစ်ဇွန်း၊ သကြား စားပွဲဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်ထည့်၍ သမအောင် ရောမွှေပြီး ပန်ကိတ်နဲ့ တို့စားနိုင်ပါပြီ။


ရရှိမည့်အာဟာရဓာတ်ပမာဏ (တစ်ယောက်စာ)

ကယ်လိုရီ - ၅၉

အဆီ - ၂ ဂရမ်

ပရိုတင်း - ၄ ဂရမ်

ကာဘိုဟိုက်ဒရိတ် - ၇ ဂရမ်

ဆိုဒီယမ် - ၁၂၇ မီလီဂရမ်

အမျှင်ဓာတ် - ဝ ဂရမ်

သကြားဓာတ် - ဝ ဂရမ်

ကိုလက်စရော - ၃၇ မီလီဂရမ်

ဗီတာမင် A, C

ကယ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်


ဆုမြတ်ဦး


For Sports and Fitness Magazine


 


 

Comments