Valentine's Day Salad

 Valentine's Day Salad


ဆုမြတ်အသုပ်လေးကို ချစ်သူများနေ့အကြောင်းအရာလေးနဲ့ ကိုက်ညီအောင် Beetroot လေးတွေကို အသည်းပုံလေးတွေ ပြင်ပေးထားပါတယ်။ တကယ်လို့ မစားသေးဘူးဆိုရင်တော့ ဆော့စ်တွေနဲ့ အရွက်တွေကို ကြိုမနယ်ထားပါနဲ့နော်။ အရွက်တွေ ပျော့သွားမှာ စိုးလို့ပါ။ နောက်တစ်ခုက Beetroot လေးတွေက အရမ်းအရောင်စွန်းပါတယ်။ အရင်ဆုံးပြင်ဆင်ထားရုံပဲ လိုချင်သေးတာဆိုရင် Beetroot တွေ လှီးပြီးတိုင်း စဉ်းတီတုံးကိုရော ဓားကိုပါ ပြန်သုတ်ပါ။ တခြားပါဝင်ပစ္စည်းတွေကို အရောင်မစွန်းချင်ဘူးဆိုရင်တော့ အရမ်းမရောလိုက်ပါနဲ့နော်။ တစ်ခါတည်းစားမယ့်အချိန်ကျမှ ရောတာ ကောင်းပါတယ်။



ပါဝင်ပစ္စည်းများ

Beetroot - ၁၀ဝ ဂရမ်

သစ်ကြားသီး - ၄၀ ဂရမ်

ဆလတ်စုံ (Lettuce) - ၁၀ဝ ဂရမ် (ဆလတ်၊ မုန်လာဥနီ၊ သခွားသီး)

ချယ်ရီခရမ်းချဉ်သီး - ၁၀ လုံး

Feta Cheese - ၂၀ ဂရမ်

Extra virgin olive oil - ၂၀ဝ ဂရမ်

Apple cider - ၁၀ဝ ဂရမ်

သံပရာရည် - စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)

ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်း - အနည်းငယ်


ပြုလုပ်နည်း

၁။ မုန်လာဥနီနဲ့ သခွားသီးကို ပါးပါးလှီးပြီး ရေစိမ်ထားပါ။ ဆလတ်ကိုလည်း ခွာပြီး ရေစိမ်ထားပါ။ သစ်ကြားသီးကို ပါးပါးလှီးထား (သို့) လက်နဲ့ခြေလိုက်လည်း ရပါတယ်။ ချယ်ရီခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းထားပါ။

၂။ Beetroot ကို အိသွားသည်အထိ ပြုတ်ပါ။ ခက်ရင်းနဲ့ ထိုးကြည့်လိုက်လို့ အိနေပြီဆိုလျှင် ရပါပြီ။ အခွံနွှာပြီး အတုံးသေးသေးလေးတွေ လုပ်ပြီး ဆုမြတ်လုပ်ထားသလို အသည်းပုံလေးတွေ လုပ်လည်းရပါတယ်နော်။

၃။ Extra virgin olive oil, Apple cider, သံပရာရည်၊ ကြက်သွန်ဖြူ(နုပ်နုပ်စဉ်း)၊ ဆား၊ ငရုတ်ကောင်း အားလုံးကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး သမအောင် ရောထားပါ။

၄။ ပန်းကန် ၂ ချပ် ပြင်ထားပါ။ ပါဝင်ပစ္စည်းအားလုံးကို ခွဲထည့်၍ သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီ။

...................

ဆုမြတ်ဦး

for Food Magazine


Comments