ဘာကြောင့် ကလေးတွေ အားကစားအသင်းတွေကနေ ထွက်သွားကြတာလဲ

 ဘာကြောင့် ကလေးတွေ အားကစားအသင်းတွေကနေ ထွက်သွားကြတာလဲ

-------------------------------------------------------------


သင့်ကလေးငယ်က အသင်းအဖွဲ့တွေ (သို့) အားကစားတစ်ခုခုကို ကစားနေတဲ့သူလား။ ထွက်ချင်နေပြီလား။

အားကစားတစ်ခုခုကို လေ့ကျင့်နေတဲ့ ကလေးငယ် တော်တော်များများက အားကစား အသင်းအဖွဲ့တွေကနေ ထွက်သွားဖို့ (သို့) ရာသီတစ်ခုစာ ပြန်မကစားဖို့ ဆုံးဖြတ်ထားတတ်ကြပါတယ်။ ကလေးအားကစားသမား ၇၀ ရာခိုင်နှုန်းလောက်က အသက် ၁၃ နှစ် အရွယ်မှာ အားကစားအဖွဲ့တွေကနေ ထွက်သွား တတ်ကြပါတယ်။ ဘာကြောင့် ကလေးတွေ ထွက်ကြသလဲဆိုတာ ယေဘုယျမေးခွန်းလေးတွေ မေးထားပါတယ်။ ကလေးငယ် တော်တော်များများက နည်းပြအုပ်ချုပ်ရေးပိုင်း၊ အသင်းမှာ နေထိုင်ဆက်ဆံပြောဆိုတာတွေ၊ အလယ် အလတ်တန်းစား စီမံခန့်ခွဲခြင်းအဆင့် (သို့) တခြားသောအချက်များနဲ့ ပတ်သက်ပြီး မပျော်ရွှင်ကြဘူးလို့ ဆိုပါတယ်။ အားကစားတော်တော် များများမှာ ကလေးငယ်တွေက ဒဏ်ရာတော်တော်များများ ရရှိလာတာ၊ ကုန်ကျစရိတ် များလာတာနဲ့ ပြောင်းရွှေ့နေရခြင်းတွေကြောင့် အားကစားအဖွဲ့တွေကနေ ထွက်သွားကြတာ တွေ ရှိပါတယ်။ အားကစားတစ်ခုမှာ ပါဝင်မယ့် ကလေးငယ်တွေနဲ့ မိဘတွေမှာ ကလေးငယ်က ပိုပြီး အသက်ငယ်လေလေ မေးခွန်းတွေက များလေလေပဲ ဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့ အားကစားသမားတွေတောင် အသင်းက ထွက်သွားကြပါတယ်။ 

အသင်းတွေကနေ ဘာကြောင့် ထွက်သွားကြလဲဆိုတာကို နည်းနည်းလောက် ဆန်းစစ်ကြည့်ကြရအောင်။


၁။ ပျော်စရာမကောင်းတော့ဘူး။

ပထမဆုံး အားကစားအသင်းတွေကနေ ကလေးတွေ ထွက်သွားရခြင်းအကြောင်းကတော့ အသင်းထဲမှာ ပျော်ရွှင်ခြင်းမရှိတော့ တာကြောင့် ဖြစ်ပါတယ်။ ကလေးအားကစားသမားတွေက မိဘ၊ နည်းပြနဲ့ အသင်းဖော်တွေဆီက အသိအမှတ်ပြုခြင်းတွေ၊ လေးစားခြင်းတွေ ရလာဖို့ အရမ်းကို ကြိုးကြိုးစားစား လုပ်ဆောင်နေရခြင်းနှင့် လေ့ကျင့်ရန် အချိန်ယူနေရခြင်းတွေ ရှိနေပါတယ်။ သူတို့ အကောင်းဆုံး ကစားသလောက်၊ အကောင်းဆုံးကြိုးစား သလောက်၊ ခက်ခက်ခဲခဲနဲ့ အလုပ်လုပ်ခဲ့သလောက် အခွင့်အလမ်းတွေ ရရှိမလာခဲ့ဘူးဆိုရင်တော့ ပျော်နိုင်တော့မှာ မဟုတ်ပါဘူး။ ကလေးငယ် အားကစားသမားတွေက မပျော် ရွှင်တော့ဘူးဆိုရင် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊ အသင်းအဖွဲ့နှင့် နည်းပြက ဘယ်လောက်ပဲကောင်းကောင်း အသင်းကနေ ထွက်သွားမှာပဲ ဖြစ်ပါတယ်။ 

၂။ ကစားချိန်မရှိဘူး။

ကလေးငယ်က အသင်းအဖွဲ့တစ်ခုမှာ ကစားနေတာဆိုရင် သူ့အတွက် ကောင်းကောင်းမဆော့လိုက်ဘူး (သို့) အမှားတစ်ခုလောက် လုပ်လိုက်တာနဲ့ ချက်ချင်းဆွဲထုတ် ခံနေရလား။ ဒီလိုအချက်တွေကြောင့်လည်း အသင်းကနေ ထွက်သွားချင်ကြပါတယ်။ ကလေးတွေက ကစားချင်ကြတယ်။ ကစားဖို့လည်း လိုအပ်ပါတယ်။ အသင်းထဲက ဘယ်တော့မှ နေရာမရဘူး (သို့) တစ်ယောက် ယောက်အတွက် ကူကစားပေးနေရတာ မရှိ ဘူးဆိုရင်တော့ အသင်းက ဘယ်လောက်ပဲကောင်းကောင်း၊ နည်းပြဆရာ ဘယ်လောက် တော်တော် ဒါက သူတို့လေးတွေအတွက် ပြဿနာဖြစ်နေမှာ ဖြစ်ပါတယ်။ ၉၀% သော ကလေးငယ်တွေက အနိုင်ရနေတဲ့အသင်းမှာ ထိုင်ခုံကနေပဲ ထိုင်ကြည့်နေရခြင်းထက် ရှုံးနေတဲ့အချိန်မှာ ဝင်ရောက်ကစားနေတဲ့သူတွေ ဖြစ်ချင်ကြပါတယ်။ နည်းပြတွေက အသင်းရှုံးခြင်း၊ နိုင်ခြင်းအပေါ်မှာ အာရုံစိုက်နေချိန်မှာ အသင်းအတွက် အမြဲကစားနေတဲ့ အားကစားသမားတွေကသာ အသင်းအတွက် အောင်မြင်မှုတွေကို ယူဆောင်လာပေးနိုင်ပါတယ်။

နည်းပြတွေ သိထားရမှာက အထူးသဖြင့် အသက်အရွယ် အငယ်ဆုံး အားကစားအသင်းတွေမှာ အားကစားသမားတွေကို ရွေးချယ်လိုက်ပြီဆိုရင် ကလေးငယ်တွေကို ကောင်းကောင်းကစားပေးနိုင်ရမှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ကတော့ သင့်ကလေးငယ်က လေ့ကျင့်ခန်းနဲ့ ဂိမ်းတွေပဲ ဆော့နေရတယ်။ ပြိုင်ပွဲတွေမှာ ပါဝင်မဆော့ရဘူးဆိုရင် သင့်ကလေးငယ်ကို ကစားရတာ ပျော်ရွှင်ရဲ့လားဆိုတာ မေးပါ။ မပျော်ရွှင်ဘူးဆိုရင်တော့ တခြားအသင်းတစ်ခုကို သူတို့လေးတွေအတွက် ရှာပေးသင့်ပါတယ်။ အားကစား ကောလိပ်တွေနဲ့ နာမည်ကြီးတဲ့ အသင်းအဖွဲ့တွေ တော်တော်များများမှာ အရည်အချင်း မပြည့်ဝသေးတဲ့ အားကစားသမားတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အမြဲကစားနေရတာကြောင့် အားကစားပိုင်းဆိုင်ရာ တိုးတက်လာတယ်။ အားကစားကိုလည်း ပိုမိုချစ်မြတ်နိုးလာစေပါတယ်။ 


၃။ အမှားလုပ်ရမှာကို ကြောက်လာတယ်။ 

ကလေးငယ်တွေ ပြောပြထားတာက အားကစားအသင်းတွေကနေ ထွက်ရခြင်း အဓိကအကြောင်းအရင်း အချက်ကတော့ အမှားလုပ်ရမှာကိုကြောက်ခြင်း၊ ဝေဖန်ခံရခြင်း၊ အော်ဟစ်ခံရခြင်း စတဲ့ အကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ တော်တဲ့အားကစားသမားတွေက အမှားလုပ်ရမှာကို မကြောက်ကြပါဘူး။ လဲကျတာကနေ သင်ယူပြီး အင်အားတွေအဖြစ် ပြောင်းကာ ပြန်ကြိုးစားကြတယ်။ ကျရှုံးတဲ့အပိုင်းက အောင်မြင်ဖို့ ကြိုးစားတဲ့အခါ လိုအပ်တဲ့အပိုင်း တစ်ခုဆိုတာကို သိနားလည်ကြတယ်။ 

မိဘတွေနဲ့ နည်းပြတွေဘက်ကလည်း ကလေးငယ် အားကစားသမားတွေ ကျရှုံးချိန်နဲ့ ထိခိုက်ဒဏ်ရာရတဲ့ အချိန်မျိုးမှာ သေချာလေး အားပေးနှစ်သိမ့်မှုတွေ လုပ်ပေးသင့်ပါတယ်။ အောင်မြင်မှုတွေ ရတဲ့အချိန်ကျမှ ချီးကျူးတာ မျိုးမဟုတ်ဘဲ ရုတ်တရက် အမှားတွေလုပ်တဲ့ အချိန်မျိုးမှာပါ ချီးကျူးမှုတွေကို ပြုလုပ်စေချင်ပါတယ်။ ရှုံးနိမ့်နေတဲ့ ပတ်ဝန်းကျင်မှာပါ လုံခြုံမှုကို ခံစားနေရပါစေ။


၄။ အရိုအသေတန်တယ်ဆိုတဲ့ ခံစားချက်မျိုး ကို ခံစားနေရတယ်။ 

သူငယ်ချင်း၊ အသင်းဖော်၊ မိဘနဲ့ နည်းပြတွေရဲ့ ယုံကြည်ကိုးစားခြင်း၊ လေးစားခြင်း၊ ရိုသေခံရခြင်းကို မကြိုက်တဲ့ ဆယ်ကျော်သက်တွေ မရှိပါဘူး။ အသင်းအတွင်းမှာ အမှားလုပ်မိသွားတာကြောင့်၊ ရှုံးနိမ့်ဖူးတာတွေကြောင့် ပစ်ပယ်ခံထားရတဲ့၊ လေးစားခြင်းမခံရတော့တဲ့ အားကစားသမားတွေကို မြင်တွေ့ဖူးမှာပါ။ အားကစားဆိုတာက အရမ်းကိုခက်ခဲတဲ့ အရာထဲက တစ်ခုပါပဲ။ နေရာတစ်ခုရလာနိုင်ဖို့ နာရီပေါင်းများစွာ၊ နှစ်ပေါင်းများစွာ လေ့ကျင့်ယူရတယ်။ နည်းပြတွေနဲ့ မိဘတွေက အသက် ငယ်ငယ် အားကစားသမားလေးတွေကိုတောင် ကစားနေစဉ်အတွင်းမှာ ဆုံးဖြတ်ချက်မှန်မှန် ချနိုင်ဖို့၊ အမှားမလုပ်မိစေဖို့ မျှော်လင့်တတ်ကြတယ်။ ကလေးငယ်အားကစားသမားတွေ စိုက်ထုတ်ထားတဲ့ ခွန်အားတွေ၊ အာရုံစူးစိုက်မှုတွေနဲ့ အင်အားတွေအတွက် လေးစားပါ။ ပြိုင်ပွဲကျင်းပနေတဲ့ အချိန်အတွင်းမှာတောင် ရိုးရှင်းတဲ့ လေးစားမှုလေးတွေ ပေးနိုင်ပါတယ်။ 

၅။ ယှဉ်ပြိုင်ဖို့အတွက် ဖိအားတွေရှိလာခြင်းနှင့် ဒဏ်ရာများရခြင်း။

ဖိအားတွေ ရှိလာခြင်းကလည်း ကလေးငယ်အားကစားသမားတွေ ထွက်သွားရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ပါပဲ။ အားကစားယှဉ်ပြိုင်ဖို့ ဖိအားတွေ များလာတာနဲ့အမျှ ထိခိုက်ဒဏ်ရာတွေလည်း များလာမှာဖြစ်ပါတယ်။ ဖိအားတော်တော်များများက အသင်းသားတွေ၊ မိဘ၊ နည်းပြနဲ့ သူတို့ကိုယ်တိုင်ကပဲ ဖိအားတွေပေးနေကြတာ ဖြစ်ပါတယ်။ ကလေးငယ် အားကစားသမား ၅ ယောက်မှာ ၁ ယောက် က ထိခိုက်ဒဏ်ရာတွေကြောင့် အသင်းကနေ ထွက်သွားကြတယ်လို့ လေ့လာရပါတယ်။ ထိခိုက်ဒဏ်ရာနည်းနည်း၊ ဖိအားနည်းနည်းနဲ့ လေ့ကျင့်ပေးနိုင်မှသာ ကလေးငယ်တွေကို အချိန်တော်တော်ကြာ အားကစားအသင်းတွေမှာ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

၆။ အချိန်တွေ ပေးဆပ်ရခြင်း။ 

အံ့ဩနေစရာတော့ မရှိပါဘူး။ အချိန်တွေ ကြာလာတာနဲ့အမျှ ကလေးငယ်တွေကလည်း အရွယ်ရောက်လာကြမှာပါ။ အားကစားဆိုတာက အချိန်တွေတော်တော်များများ ပေးဆပ်ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အောင်မြင်နိုင်ဖို့၊ နေရာတစ်နေရာရယူနိုင်ဖို့ အချိန်အများကြီး ပေးရပါတယ်။ အားကစားတစ်ခုအတွက် အချိန်တွေ ပေးဆပ်လိုက်ရတာကြောင့် ပညာရေးနဲ့ အလုပ်ခွင်အတွက် အချိန်မပေးနိုင်တော့တာ၊ တစ်ခုခုကို မဖြစ်မနေရွေးချယ်ရမှာတွေ ဖြစ်လာပါတယ်။ ဒီလိုအချက်ကြောင့်လည်း အားကစားအသင်းအဖွဲ့များကနေ ထွက်သွားရခြင်း ဖြစ်ပါတယ်။

changingthegameproject.com

believeperform.com

ဆုမြတ်ဦး

For Sports and Fitness Magazine


Comments