Oat Milk

           

Oat Milk


အုတ်ဂျုံဆိုတာကတော့ ပြုလုပ်နည်းအဆင့်ဆင့်နည်းပြီး ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေနဲ့ ဖိုတို ဓာတုပစ္စည်းတွေပါဝင်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အုတ်ဂျုံကို စားပေးတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ၊ အင်အားတွေနဲ့ ပရိုတင်းတွေကို ရရှိမှာဖြစ်ပါတယ်။ အုတ်ဂျုံနဲ့ပတ်သက်တဲ့ အာဟာရဓာတ် ပမာဏကတော့ ချက်ထားတာလား၊ အသင့်စားလား၊ အာနိသင် (သို့) အနံ့အရသာ ထပ်ဖြည့်ထားတာလား၊ ရေ (သို့) နွားနို့နဲ့ ပြင်ဆင်ထားတာလား စတဲ့အချက်တွေပေါ်မှာလည်း မူတည်ပါသေးတယ်။ အုတ်ဂျုံကို မနက်စာအဖြစ် စားသုံးပေးတာကြောင့် တစ်နေ့လိုအပ်တဲ့ ပရိုတင်း၊ ကယ်လိုရီနှင့် အဆီတွေကို ပေးစွမ်းနိုင်ပါတယ်။ အုတ်ဂျုံဟာ လိုအပ်နေတဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်တဲ့အပြင် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားထု၊ အရည်ဓာတ်၊ တစ်ရှူးများနှင့် ဆဲလ်များကို ထိန်းသိမ်းထားရုံသာမက အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်ဓာတ်များကို ကောင်းကောင်းစုပ်ယူစေပါတယ်။ အုတ်ဂျုံက ကာဘိုဟိုက်ဒရိတ်တွေကို ပေးနိုင်တဲ့ အကောင်းဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ် အစာချေဖျက်ခြင်းတွေ ပြုလုပ်နိုင်ဖို့အတွက် အမျှင်ဓာတ်တွေက ကူညီပေးပါတယ်။ အုတ်ဂျုံမှာတွေ့ရတဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက ခန္ဓာကိုယ်တွင်း ကိုလက်စရောအဆင့်နှင့် သွေးတွင်းသကြားဓာတ်တွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ ကူညီပေးပါတယ်။ အစာအိမ်လမ်းကြောင်းအတွင်းမှာ အမျှင်ဓာတ်တွေ ပြည့်လာတဲ့အတွက် ပြည့်တင်းတဲ့ ခံစားချက် ဖြစ်လာစေပါတယ်။ ဒီလိုဖြစ်လာတာကြောင့် ခန္ဓာကိုယ်အလေးချိန်ထိန်းနိုင်ခြင်း (သို့) ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းထားနိုင်ခြင်း စတဲ့အကျိုး ကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။ ချက်ထားတဲ့ အုတ်ဂျုံ တစ် ပန်းကန်စားပေးတာကြောင့် သင် တစ်နေ့လိုအပ်တဲ့ မန်းဂနိစ် (Maganese) တစ်ဝက်လောက် ရရှိမှာဖြစ်ပါတယ်။ တစ်နေ့ လိုအပ်တဲ့ ဖော့စဖောရပ် (Phosphorus)၊ ဇင့် (Zince)၊ စီလီနီယမ် (Selenium) ၁၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ ရရှိမှာဖြစ်ပြီး သံဓာတ် (Iron) ၁၀ ရာခိုင်နှုန်းလောက် ရရှိမှာဖြစ်ပါတယ်။ ဒီသတ္တုဓာတ်တွေက ကျန်းမာကြံ့ခိုင်တဲ့ အရိုးတွေ၊ အနီရောင်သွေးဆဲလ်တွေ၊ အာရုံကြောစနစ်တွေကို ကောင်းကောင်းအထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ အုတ်ဂျုံမှာ ချက်စားရတဲ့ အုတ်ဂျုံနဲ့ ချက်ချင်းစားနိုင်တဲ့ အုတ်ဂျုံဆိုပြီး (၂) မျိုး ရရှိနိုင်ပါတယ်။ အခုလုပ်ပြထားတာတွေကတော့ Instant Oat Mealကို သုံးထားတာဖြစ်ပါတယ်။


ပါဝင်ပစ္စည်းများ

အုတ်ဂျုံ  –  ၁၀ဝ ဂရမ်

ရေ

ပြုလုပ်နည်း

၁။       ဇလုံတစ်လုံးထဲ ရေထည့်ပြီး အုတ်ဂျုံကို နာရီဝက်ခန့် စိမ်ထားပါ။ အုတ်ဂျုံကို ရေပြန်စစ်ပါ။

၂။       သစ်သီးဖျော်စက်ထဲမှာ အုတ်ဂျုံနှင့် ရေကို မိမိလိုချင်သလောက်ထည့်ပြီး ကြိတ်ပါ။ အားလုံးကြေသွားပြီဆိုလျှင် ပိတ်ပါး၊ ရေစစ်၊ အဝတ်သန့်သန့် စသည်တို့နဲ့ အရည်တွေကိုစစ်ပြီး အဖတ်တွေကို ဖယ်ပစ်ပါ။ ရေခဲသေတ္တာ ထဲမှာ ၄၊ ၅  ရက်လောက်ထားပြီး သောက်သုံးနိုင်ပါတယ်။ သောက်သုံးမယ်ဆိုရင် သကြား၊ ပျားရည်တို့ကို ထည့်ပြီး သောက်ရင် ပိုအရသာရှိပါတယ်။


Comments