ထန်းလျက် (အပိုင်း-၁)

 ထန်းလျက် (အပိုင်း-၁)

          ရှေးခေတ်ကာလများမှာ အိမ်တစ်အိမ်ကို ဧည့်သည်ရောက်ရှိလာပါက ရေနွေးကြမ်း၊ လက်ဖက်၊ ထန်းလျက်စသည်တို့ဖြင့် ဧည့်ခံတတ်ကြပါတယ်။ ယခုခေတ်အခါမှာလည်း ကျေးရွာများမှာ အဲဒီဓလေ့ကို ကျင့်သုံးနေကြဆဲဖြစ်ပါတယ်။ မြန်မာ့အစားအစာ မုန့်ပဲသရေစာများမှာလည်း ထန်းလျက်မပါဝင်သော မုန့်ပဲသရေစာများက အလွန်ရှားပါးလှပါတယ်။ မြန်မာအကြောင်းပြောပြီဆိုရင် ထန်းလျက်အကြောင်းက မပြောရင်မဖြစ်တဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။ ထန်းလျက်က သဘာဝပစ္စည်း စစ်စစ်ဖြစ်တဲ့ ထန်းရည်ကနေ ထုတ်လုပ်ထားတာကြောင့် ဆေးဖက်လည်းဝင်ပြီး မြန်မာ့ထမင်းဝိုင်းမှာ အချိုတည်းစရာ တစ်ခုအဖြစ်လည်း ရှေးယခင်ကတည်းက မြန်မာလူမျိုးများ နှစ်ခြိုက်စွာ စားသုံးခဲ့ကြတဲ့ အစားအစာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း လူကြီး၊ လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ၎င်းထန်းလျက်များကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှာလည်း ကြိုက်နှစ်သက်စွာ စားသုံးကြပါတယ်။

ထန်းပင်

          ထန်းလျက်အကြောင်းကို မပြောခင်မှာ ထန်းလျက်ရဲ့ မူလအစဖြစ်တဲ့ ထန်းပင်အကြောင်းကို ဦးဆုံးရှင်းလင်းတင်ပြချင်ပါတယ်။ ထန်းပင်များဟာ ရုက္ခဗေဒနည်းအားဖြင့် “ပါလမေစီအီး” (သို့) “ပါမီ” မျိုးရင်းမှာ ပါဝင်ပါတယ်။ ထန်းပင်၊ အုန်းပင်၊ စွန်ပလွံပင်၊ ကွမ်းပင်၊ ပေပင်၊ ဓနိပင်၊ ဆပ်သွားဖူးပင်နှင့် အခြားမျိုးစိတ်ပေါင်း ၁၅၀ဝ ကျော် တို့ဟာ အဲဒီမျိုးရင်းမှာ ပါဝင်ပါတယ်။ ထန်းပင်က အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများမှာ ပေါက်လေ့ရှိတဲ့ အပင်အမျိုးအစားတစ်မျိုးလည်း ဖြစ်ပါတယ်။ သမပိုင်းဒေသများမှာ ပေါက်ရောက်သော ထန်းပင်များလည်း ရှိပါတယ်။ ထန်းနှင့် ထန်းအမျိုးအစားတူ အပင်များကို အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများမှာလည်း တွေ့ရှိနိုင်ပါတယ်။

          မြန်မာနိုင်ငံမှာ ထန်းလျက်လုပ်ငန်းကို ပုဂံ၊ ညောင်ဦး၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ ပခုက္ကူနှင့် အညာဒေသတို့မှာ အဓိကလုပ်ကိုင်ကြပါတယ်။ ထန်းတစ်ပင်ရဲ့ အမြင့်က ပျမ်းမျှအမြင့်ပေ ၆၀ မှ ၈၀ အထိရှိပါတယ်။ အဲဒီထက်ပိုပြီးတော့ မြင့်မားသော ထန်းပင် များလည်းရှိပါတယ်။ ထန်းရည်ခံယူထားတဲ့ ထန်းပင်က ထန်းရည်မခံယူထားတဲ့ ထန်းပင်ထက် ကြီးထွားနှုန်းပိုနှေးတယ်လို့ သိရပါတယ်။ ထန်းပင်ဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀ မှ  ၂၀ဝ ကျော် ရှိတယ်လို့ ယူဆရပါတယ်။

ထန်းရည်

          များသောအားဖြင့် လူတွေတွေးထင်နေ ကြတာကတော့ ထန်းလျက်ကို အုန်းသီးထဲကနေ အုန်းရည်ထွက်လာသလိုမျိုး ထန်းရည်ကိုလည်း ထန်းသီးထဲကနေထွက်လာပြီး အဲဒီထွက်လာတဲ့ ထန်းရည်ကို ထန်းလျက်ချက် လုပ်ကြတယ်လို့ တွေးထင်နေကြပါတယ်။ အမှန်တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ ထန်းလျက်ကို ထန်းရည်က ချက်လုပ်တယ် ဆိုပေမယ့် အဲဒီလို ချက်လုပ်ရာမှာ နည်းစနစ်ရှိပါတယ်။ အဲဒီနည်းစနစ်ကို အောက်မှာ ဖော်ပြထားပါတယ်။ ထန်းသီးမှာ အဖိုပင်နဲ့ အမပင်ဆိုပြီး (၂) မျိုး ရှိပါတယ်။ ထန်းပင်ကနေ ညှပ်ချောင်းတွေထွက်တာကို “ထန်းဖို” လို့ ခေါ်ပြီး နောက်ထန်းပင်ကနေ အသီးသီးတာကိုတော့ “ထန်းမ” လို့ ခေါ်တယ်။ စစထွက်ချင်းမှာတော့ ထန်းဖိုက အရင်စထွက်ပါတယ်။ စစချင်းထွက်တဲ့ ထန်းဖိုဦးက ဆေးဖက်ဝင်ပါတယ်။ နောက် သုံး၊ လေးလကြာရင်တော့ “ထန်းမ” ထွက်လာတယ်။ “ထန်းဖို” နဲ့ “ထန်းမ” က ဘာကွာခြားသလဲဆိုတော့ အရသာလေးနဲ့  ရေဓာတ်ပါဝင်မှုလေးက နည်းနည်းကွာတယ်။ စားတဲ့အခါမှာတော့ ရှတတ အရသာလေးတွေ ကွာခြားကြတယ်။ နောက်ပြီး ထန်းလျက်က အညာဒေသကပဲ ထွက်တာ မဟုတ်ပါဘူး။ ဧရာဝတီတိုင်းဒေသဘက်ကလည်း ထွက်ရှိပါတယ်။ သမိုင်းထဲမှာတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေလာပြီး နယ်ချဲ့တဲ့အချိန်တုန်းက အောက်မြန်မာပြည်ကို နယ်ချဲ့တော့မယ့်အချိန်မှာ ဧရာဝတီတိုင်းဘက်က လူတွေ အလုပ်အကိုင်မရှိမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ထန်းပင်မျိုးတွေကို ယူသွားကြပါတယ်။ ဧရာဝတီတိုင်းဘက်က ရေဓာတ်များတဲ့အတွက်ကြောင့် ဧရာဝတီတိုင်းဒေသမှာ  စိုက်ပျိုးတဲ့ ထန်းပင်က ထန်းရည်ရဲ့ အရသာနဲ့ အညာဘက်မှာ စိုက်ပျိုးတဲ့ ထန်းပင်က ထန်းရည်ရဲ့ အရသာက မတူကြပါဘူး။ ပြီးတော့ ထွက်ရှိတဲ့အချိန်လေးတွေလည်း မတူကြပါဘူး။ နောက်ပြီးတော့ ထန်းရည်ကလည်း ဧရာဝတီတိုင်းဘက်က ပိုစောပြီး ထွက်တယ်။ အညာဘက်မှာတော့  နည်းနည်းလေး နောက်ကျပါတယ်။ ထန်းသိမ်းတဲ့ အချိန်လေးတွေလည်း မတူကြဘူး။ အဲဒါကတော့ သဘာဝပေါ့နော်။

          ထန်းလျက်ချက်တာကျတော့ အဖိုပင်မှာ ထန်းနို့ချောင်းဆိုတာ ရှိပါတယ်။ အဲဒီထန်းနို့ချောင်းလေးကို သစ်သားလို တုတ်ချောင်းနဲ့ ရိုက်ပေးရတယ်။ အဲ့ဒီလို ရိုက်ရာမှာလည်း အချိန်အဆနဲ့ ရိုက်ပေးရပါတယ်။ ရိုက်တာများသွားရင်၊ ဒါမှမဟုတ် တအားနာသွားရင်တော့ ခြောက်ပြီး ထန်းရည်မထွက်တော့ဘူး။ နည်းနည်းပျော့သွားရင်လည်း ထန်းရည်မယိုတော့ပါဘူး။ အဲဒါတွေကလည်း ထန်းသမားရဲ့ ကျွမ်းကျင်မှုပေါ်မှာ မူတည်ပါတယ်။ ထန်းရည်စိုစိုလေး ထွက်တယ်ဆိုရုံလေး ဓားနဲ့ပါးပါးလေး လှီးပေးရတယ်။ အဲဒါတွေပြီးရင်တော့ အိုးလေးချိတ်ပြီး ထားခဲ့ရပါတယ်။ အမပင်ကျတော့ ထန်းသီးလုံးလေးတွေ ကြားထဲကို သံလုံးလေးတွေနဲ့ ထုပေးရပါတယ်။ ပြီးတော့မှထိပ်ကို ဓားလေးနဲ့ဖြတ်ပြီး အိုးလေးတွေ ချိတ်ထားခဲ့ရပါတယ်။ ဒီတော့မှ အဲဒီအိုးထဲကို ထန်းရည်လေးတွေ တစ်စက်စက်ကျပါတယ်။ ထန်းက သီတင်းကျွတ်မရောက်ခင် ဝါဆို၊ ဝါခေါင်လောက်အထိ ထန်းမကနေ ယူလို့ရတယ်။ ထန်းပင်ကနေ ထန်းသီးလုံးကို  ရင့်အောင်ထားလိုက်တာ ကိုတော့ “သီးရင့်” လို့ ခေါ်ပါတယ်။ ထန်းသီးလုံးတွေ အကြီးကြီးဖြစ်သွားတော့မှ ထန်းသီးလုံးကို ထန်းလှီးဓားနဲ့ မလှီးတော့ဘဲ ရစ်ပြီး ဓားနဲ့ ထိုး၊ ပြီးတော့မှ အိုးခံထားရပါတယ်။ အဲဒါကတော့ “နောက်ဆွယ်” လို့ ခေါ်ပါတယ်။ အဲဒီအချိန်ရောက်ပြီ၊ နယုန်လလောက်ရောက်ပြီ ဆိုရင်တော့ ထန်းဖိုတွေ မရှိတော့ဘူး။ ထန်းမပဲ ကျန်ပါတော့တယ်။ ထန်းမကလည်း နောက်ဆုံးမှာ ဝါခေါင်လလောက်ဆို ပြီးဆုံးသွားပါပြီ။  


ထန်းတက်သမားများ၏ ဘဝနှင့် စီးပွားရေးအခြေအနေ

          ထန်းတက်သမားများရဲ့ ဘဝက ထင်သလောက် မလွယ်ကူသလို ဝင်ငွေအလွန် ကောင်းတဲ့ လုပ်ငန်းတစ်ခုလည်း မဟုတ်ပါဘူး။ ခက်ခဲတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တာကြောင့် ယခုခေတ်မှာတော့ လူတော်တော်များများက ထန်းတက်ခြင်း၊ ထန်းလျက် ချက်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်မှု နည်းပါးလာကြပါတယ်။ ဒဂုံတက္ကသိုလ် ကုန်ထုတ်ဓာတုဌာနမှ ဆရာမဒေါ်ကြူကြူခိုင်က ထန်းတက်သမားများရဲ့ ဘဝနှင့် စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ “ထန်းလျက် လုပ်ကိုင်နေသူတွေကတော့ အရင်ကလို များများစားစားမရှိတော့ပါဘူး။ အရင်ကဆိုရင် နွားထိုးကြီးနယ်နဲ့ တောင်ရွာ နယ်တို့ကို လိုက်ကြည့်လိုက်ရင် ထန်းတောတွေချည်းပဲ။ ထန်းလည်း အရမ်းတက်ကြတယ်လေ။ အဲဒီတုန်းက အရမ်းလည်းအဆင်ပြေတယ်။ အခုတော့ အဆင်ပြေတာ၊ မပြေတာထက် ထန်းလျက်ချက် လုပ်ငန်းက အရမ်းပင်ပန်းတာကြောင့် လူတွေက တခြားအလုပ်ကို ရွေးပြီးလုပ်ကြတော့တယ်။ ထန်းလျက်ချက်လုပ်ငန်း မလုပ်ကြတော့တာက ထန်းပင်တွေနည်းသွားတာကြောင့် မဟုတ်ပါဘူး။ ရာသီဥတုက မိုးနည်းနည်းခေါင်ရင် အရင်ကလောက်တော့ ထန်းရည် မထွက်တော့ဘူးပေါ့။

          ထန်းလျက်ချက်လုပ်ငန်းကို စီးပွားဖြစ်လုပ်နေတဲ့သူတွေလောက်ပဲ အဆင်ပြေနေတာ။ ပုံမှန်လောက်ပဲဆိုရင်တော့ တစ်နေ့ကို ပိဿာချိန်၂၀၊ ၃၀ လောက်ပဲ ရတာ။ တစ်နေ့ကို ပိဿာချိန် ၂၀ ဝင်တယ်ဆိုတော့ တစ်ပိဿာကို ၁၀ဝ၀ ဆိုရင် ၂၀ဝဝဝ ဝင်ငွေရတယ်။ အဲဒီ ၂၀ဝဝဝ ကလည်း တစ်အိမ်လုံးရှိတဲ့လူတွေ ငါးယောက်၊ ခြောက်ယောက်လောက် ဝင်လုပ်မှရတာ။ အဲဒါကို ပြန်တွက်ကြည့်ရင်တော့ တစ်ယောက်ရဲ့ လုပ်အားခက ၄၀ဝ၀ ပဲဝင်တာ။ လုပ်အားခတို့၊ ထင်းဖိုးတို့ကို ပြန်နုတ်လိုက်မယ်ဆိုရင် လူတစ်ယောက်က ကျပ် ၂၀ဝ၀  လောက်ပဲ ရတော့တာလေ။ ဒါကြောင့် အခုနောက်ပိုင်းမှာတော့ လူတွေက ပညာတတ်အောင် သင်ကြတယ်။ တချို့ကျတော့ ပုဂံ၊ ညောင်ဦး ဘက်မှာ တွေ့သလိုပေါ့။ ထန်းရည်အနေနဲ့ပဲ ရောင်းပစ်လိုက်ကြတော့တယ်။ ထန်းရည် တစ်အိုးဆိုရင် ၅၀ဝ၊ ၇၀ဝ လောက်နဲ့ ရောင်းလို့ရပေမယ့် ထန်းလျက်ချက်ရတဲ့အခါမှာတော့ လုပ်ရတာလည်း ပင်ပန်းတယ်။ ထန်းရည်ကို ကျိုလိုက်ရတာဆိုတော့ နည်းသွားတယ်။ အဲဒီတော့ ၂၀ဝ လောက်ပဲ ရတော့တာလေ။ အဲဒီလိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ထန်းရည်ကို အချဉ်ဖောက်လိုက်ပြီးတော့ ထန်းရည်ခါးပဲ ရောင်းတော့တာ။ 

          ထန်းလျက်လုပ်ငန်းတွေကတော့ များသောအားဖြင့် မိရိုးဖလာတွေများပါတယ်။ ထန်းသမားနဲ့ တောင်သူဆိုပြီး နှစ်မျိုးလုပ်ကြရတော့ အရမ်းပင်ပန်းပါတယ်။ ထန်းပင်ကိုတက် ထန်းလျက်လုပ်၊ အောက်က လယ်ယာတွေမှာတော့ တောင်သူလုပ်ပေါ့။ တချို့ကျတော့လည်း ထန်းတက်တာတစ်မျိုးတည်းပဲ အလုပ်ရှိတယ်။ ဒါကြောင့် ထန်းတောင်သူလို့ ခေါ်ကြတာပါ။ ပုဂံ၊ ညောင်ဦးဘက်မှာတော့ တဲလေးတွေထိုး၊ အလှတွေ ပြင်ထားပြီး နိုင်ငံခြားသားတွေ လေ့လာနိုင်အောင်ထားကြတယ်။ တချို့ကျတော့ ထန်းလျက်ချက် လုပ်ငန်းကို မလုပ်ကြတော့ဘူး။ ထန်းလုပ်ငန်းက အရမ်းပင်ပန်းတယ်။ တောင်သူလုပ်ရတာ အရမ်းပင်ပန်းတယ်ဆိုတာသိကြတော့ စာကိုကြိုးစားပြီး သင်ကြတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာဖြစ်တဲ့သူတွေလည်း များပါတယ်။ တချို့လည်း အမှတ်မကောင်းကြတော့ ယောကျာ်းလေးတွေဆိုရင် နိုင်ငံခြားကိုထွက်ပြီး အလုပ်သွားလုပ်ကြတယ်။ ကိုရီးယားနဲ့ ဂျပန်ကို အများဆုံးသွားကြတယ်။ မိန်းကလေးတွေဆိုရင် မြို့တက်ပြီး အလုပ်လုပ်ကြတယ်။ အရင်ကဆို အိမ်တိုင်းအိမ်တိုင်းမှာ ထန်းလျက်ချက်တဲ့ တဲတွေရှိတယ်။ အခုတော့ တစ်ရွာလုံးမှာမှ တစ်တဲ၊ နှစ်တဲလောက်ပဲ ရှိတော့တာ” လို့ ပြောပါတယ်။  

          ပုဂံ၊ ညောင်ဦးဒေသမှာ မိရိုးဖလာထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်ပြီး ယခုအခါ ရန်ကုန်မြို့မှာ အခြားစီးပွားရေးလုပ်ကိုင်နေတဲ့ ဦးကျော်သိန်းက ထန်းသမားတွေရဲ့ ဘဝအခြေအနေ အခက်အခဲနဲ့ပတ်သက်ပြီး  “ထန်းလျက်လုပ်ငန်းက အိမ်ကမိသားစုတွေ အကုန်လိုက်လုပ်ရတဲ့ လုပ်ငန်းပါ။ အရမ်းလည်း ပင်ပန်းတယ်ဆိုတော့ မလုပ်ဖြစ်တော့ဘူး။ နောက်ပြီး သားသမီးတွေကို လက်ဆင့်မကမ်းချင်တာလည်း ပါတာပေါ့။ ကိုယ့်သားသမီးတွေကို ပညာတတ်အောင်သင်ပေးပြီး ဘွဲ့ရတဲ့အထိထားကြတယ်။ တချို့တွေကျတော့လည်း မလေးရှားတို့လို နိုင်ငံတွေကို အလုပ်သွားလုပ်ကြတယ်။ ထန်းသမားတွေက ထန်းရာသီချိန်မှာ အလုပ်လုပ်ကြပြီးတော့ ထန်းရာသီကုန်သွားပြီဆိုရင် အခုလောလောဆယ်တော့ လက်သမားတို့၊ ပန်းရန်တို့မှာပြောင်းပြီး လုပ်ကြတယ်။ အရင်ကတော့ ထန်းရာသီကုန်ပြီဆိုရင် တောင်သူပြန်လုပ်ကြတယ်။ ထန်းသမားတွေရဲ့ဘဝက “ရင်းထောင် ထောင်ရင် ပြောင်ပြောင်ရောင်ရောင်၊ ရင်းထောင် လဲရင်မွဲ” ဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ။ ရင်းထောင်နေတုန်းတော့ ပြောင်ပြောင်ရောင်ရောင် ရှိတာပေါ့။ ရာသီချိန်ပြီးသွားပြီဆိုရင်တော့ ထန်းပိုင်ရှင်ကြီးဆီကနေ အကြွေးယူထား ရတာဆိုတော့ အကြွေတွေ တင်ကုန်တာပေါ့။ အသုံးအဖြုန်းမတတ်တဲ့သူတွေဆိုရင်တော့ မပိုလျှံတော့ဘူးပေါ့။ ကဆုန်လနောက်ပိုင်းရောက်ပြီဆိုရင်တော့ အလုပ်မရှိ တော့ဘူးလေ။ တန်ဆောင်မုန်း၊ နတ်တော်နဲ့ ပြာသိုလလောက်ရောက်ပြီဆိုရင် ထန်းတက်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီလေ။ ဒီအတောအတွင်းမှာတော့ သူက တခြား အလုပ်ကိုလုပ်ချင်လုပ်၊ ထန်းလေးဘာလေးပြင်စရာရှိတာပြင်၊ ဒီလောက်ပဲ လုပ်စရာရှိမှာလေ။ ငွေရေး၊ ကြေးရေးကတော့ အဲဒီအချိန်တုန်းကတော့ အဆင်ပြေတယ်။ တချို့ကျတော့ ထန်းပိုင်ရှိကြတယ်။ ထန်းပိုင်မရှိတဲ့သူတွေကတော့ သီးစားနဲ့ ငှားပြီး လုပ်ကြရတယ်။ လေးရက်ကို လေးရက်ပေးရတယ်။ တချို့ကျတော့ ထန်းပိုင်ရှင်က ထန်းတက်သမားကို အားလုံးအပ်ထားတယ်။ သုံးရက်ကို တစ်ရက်ဆိုရင်တော့ ထန်းပိုင်ရှင်က ဒယ်အိုးတို့၊ ထင်းတို့ကို ထန်းပိုင်ရှင်က စိုက်ပေးတယ်” လို့ ပြောပါတယ်။

         ဒေါက်တာချိုလဲ့အောင်ကလည်း ထန်းတက်သမားရှားပါးလာခြင်းအကြောင်းကို  “ထန်းတက်သမားတွေ ရှားပါးလာတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားတွေမှာသွားပြီး အလုပ်လုပ်နေကြတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး သိပ်အဆင်မပြေတာကြောင့် အိမ်ထောင်ဦးစီးတစ်ယောက်က နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေပေမယ့် ကိုယ့်တိုင်းပြည် မဟုတ်တာကြောင့် အဆင်မပြေဘူး။ သူ့အိမ်က သားသမီးတွေနဲ့ ဇနီးမယားတွေကို စိတ်မချဘူးပေါ့။ အဲဒါတွေကို ဖြေရှင်းနိုင်ဖို့ကတော့ လိုတော့လိုသေးတာပေါ့။ အစ်မလည်း အတတ်နိုင်ဆုံးတော့ ဖြေရှင်းနိုင်ဖို့ကြိုးစားတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့။ ဟုတ်တယ်လေ။ ဒီလောကမှာတော့ ထန်းတက်တဲ့သူတွေ၊ ထန်းလျက်ချက်တဲ့သူတွေက တဖြည်းဖြည်းနဲ့ နည်းပါးလာပြီ။ အဆင်မပြေဘူးလားဆိုတော့လည်း ဒီနှစ်ပိုင်းမှာ ထန်းလျက်ဈေးတွေကတော့ ကောင်းနေတာပဲ။ နောက်တစ်ခုက ရာသီဥတုဖောက်ပြန်လာတယ်။ လူတွေလုပ်လို့ပဲ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။

          ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ဖို့လိုတယ်။ ဒီနှစ်ဆိုရင် ထန်းထွက်အရမ်းနည်းတယ်။ လိုချင်တဲ့သူတွေ အရမ်းများတယ်။ ဒါ့ကြောင့် ဈေးတက်တယ်။ ထန်းထွက် ဘာကြောင့်နည်းတာလဲဆိုတော့ ဒီရာသီဥတုကြောင့်ပါ။ သူတို့မမှန်းထားဘူးပေါ့။ ထန်းတက်သူတွေကလည်း ကြည့်တတ်ရတယ်။ ဒီနှစ် ဘယ်လောက်ထွက်နိုင်လဲပေါ့။ ထန်းတက်တဲ့ပညာကလည်း  အရမ်းနက်နဲတယ်။ ဒီတစ်ခေါက် ဘယ်လောက် ထွက်နိုင် လဲဆိုတာကို သူတို့တစ်တွေကို မေးလိုက်ရင် သူတို့တစ်တွေက သိနေတယ်။ ဒါပေမဲ့ မိုးလေဝသကြီးက ရုတ်တရက် ပြောင်းလဲသွားတယ်။ မိုးတွေရွာချလာတယ်။ မုန်တိုင်းတွေ ဝင်လာတယ်။ သူတို့ပြင်ဆင်နေချိန်မှာ မိုးတွေရွာချလိုက်တယ်ဆိုရင် ထန်းအထွက် နည်းသွားတယ်။ နောက်ပိုင်းတော့ ရှေ့ရေးအတွက် အစ်မနဲ့ တခြား ပါတနာတစ်ယောက်နဲ့ စက်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ အဆင်မြင့်ဖို့ရှိတယ်” လို့ ပြောပါတယ်။

Hsu Myat Oo

Comments