နိုင်ငံတကာပျံ့နှံ့ဖို့ ကြိုးစားမှုနှင့် ပံ့ပိုးမှုလိုအပ်
မိမိရဲ့အစားအသောက်ကို နိုင်ငံတကာက အသိအမှတ်ပြုစားသောက်တာကလည်း မိမိနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပြရုပ်တွေထဲက တစ်ခုဖြစ်ပါတယ်။
မိမိနိုင်ငံရဲ့ အစားအစာကို နိုင်ငံတကာ သိရှိစေဖို့အတွက် ကြိုးစားမှုနှင့် ပံ့ပိုးမှု လိုအပ်တယ်လို့လည်း မချိုလဲ့အောင်က ‘အစားအသောက်တွေက လူတွေရဲ့ နေထိုင်မှုတွေနဲ့ လိုက်လျောညီထွေ မရှိတော့တဲ့အခါ မစားသုံးတော့ဘူးပေါ့။ အဲဒါကြောင့် မေ့သွားကြတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ အစားအသောက်တစ်ခုကို မိတ်ဆက်ပေးဖို့အတွက် ရုပ်သံလိုင်းတွေ အများကြီးမရှိဘူး။ ဥပမာ- ကိုရီးယားမှာ ဆိုရင် သူတို့အစားအသောက်ကို မိတ်ဆက်ပေးဖို့ ရုပ်သံလိုင်းတွေ အများကြီးရှိတယ်။ ကင်မ်ချီဆိုရင် ရုပ်သံလိုင်းမှာ သူတို့တစ်တွေက လုပ်နည်းတွေပြတယ်။ မင်းသား၊ မင်းသမီးတွေက ကင်မ်ချီပြုလုပ်နည်းတွေ တင်ဆက်ပြတယ်။ ရုပ်ရှင်တွေထဲမှာဆိုရင် အဘွား လုပ်တဲ့သူက ကင်မ်ချီစိမ်ထားတယ်။ သူတို့ရဲ့ယဉ်ကျေးမှုတွေပြတယ်။ သူ့မြေးတွေလာရင် ချကျွေးတယ်။ အဘွားကင်မ်ချီ လုပ်နေတာလေးတွေ ပြတယ်။ အဲဒါမျိုးလေးတွေပေါ့။ ဒီမိသားစုဆက်ဆံရေးက အဲဒီကင်မ်ချီနဲ့ဆက်နွှယ်နေပုံလေးတွေကို ပြတယ်ပေါ့။ ဒီလိုဆိုတော့ အဲဒါလူတွေက ရုပ်သံလိုင်းတွေကတစ်ဆင့် တစ်ကမ္ဘာလုံးကို ပျံ့နှံ့ရောက် သွားပြီ။ အဲဒါတွေကိုမြင်နေတော့ ဒါတွေကို လေ့လာကြတယ်။ နှစ်သက်လာကြတယ်။ ဒါကလည်းသူတို့အစားအစာကို ကမ္ဘာကသိအောင် မိတ်ဆက်ခြင်းတစ်မျိုးပဲ။ မြန်မာနိုင်ငံမှာကျတော့ သူတို့လိုမျိုး မြန်မာအစားအသောက်ကို သေသေချာချာလုပ်ပြီး တင်ဆက်တယ်ဆိုတာမျိုးမရှိဘူး။ ကိုယ်က သွားပြီး မိတ်ဆက်ပေးချင်တယ်ဆိုရင်တောင် သွားပြစရာ ရုပ်သံလိုင်းကမရှိဘူး။ နောက်တစ်ခုက အစားအသောက်တစ်ခုကို မိတ်ဆက်ခြင်းပေါ့။ ဂျပန်နိုင်ငံမှာဆိုရင် ဘာမဟုတ်တဲ့ သကြားလုံးလေးတစ်လုံးကိုတောင် မိတ်ဆက်လိုက်တာ တစ်ကမ္ဘာလုံးက သိသွားတယ်လို့ ဆိုတာမျိုးပေါ့။ ဒါက သူတို့တစ်တွေရဲ့ ပညာပေါ့။
ပြီးတော့ သူတို့တစ်တွေရဲ့ အစားအသောက်အပေါ်မှာ ချစ်တဲ့စိတ်တွေ၊ နိုင်ငံပေါ်မှာ ချစ်တဲ့စိတ်တွေ၊ ယဉ်ကျေးမှုပေါ်မှာ ချစ်တဲ့စိတ်တွေပေါ့။ သူတို့တစ်တွေ မိတ်ဆက်လိုက်ရင်ကို တစ်ကမ္ဘာလုံးက လိုက်စားရတယ်ဆိုတဲ့ အခြေအနေမျိုးပေါ့။ နောက်တစ်ခုက ထိုင်းနိုင်ငံလိုမျိုးပေါ့။ သူတို့တစ်တွေက သူတို့ရဲ့ အစားအသောက်တွေကို လူတွေ လက်ခံလာနိုင်အောင် လုပ်လိုက်တယ်။ ဥပမာ- တုန်ယမ်းဆိုရင် တစ်ကမ္ဘာလုံးက လူတွေ လက်ခံနိုင်လောက်တဲ့ အရသာကို လုပ်ပေးထားတာ။ သူတို့နိုင်ငံမှာ စားသုံးတဲ့ တုန်ယမ်းလိုမျိုးမဟုတ်ဘူး။ အစိုးရကလည်း ထောက်ပံ့ပေးတယ်။ နိုင်ငံခြားမှာလည်း စားသောက် ဆိုင်ဖွင့်ချင်တယ်ဆိုရင် ထောက်ပံ့ပေးတယ်။ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုက သူတို့ရဲ့ အစားအသောက်နဲ့အတူ နိုင်ငံအနှံ့ပျံ့နှံ့သွားတယ်။ အဲဒါမျိုးတွေ မြန်မာနိုင်ငံမှာ မရှိဘူး။ အားနည်းတယ်ပေါ့။ ဒါပေမဲ့ ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ ဘယ်လိုတွေ မိတ်ဆက်ကြမလဲဆိုတာ ကြည့်ရဦးမှာပေါ့။ ပြီးတော့ နောက်တစ်ခုက လူတွေက နေရာဒေသ ပြောင်းလာတယ်။ ပြောင်းသွားတဲ့ လူတွေအပေါ်မှာလည်း မူတည်တယ်။ အောက်ပိုင်းကလူတွေ ပြောင်းရွှေ့သွားတာလား။ အပေါ်ပိုင်းကလူတွေ ပြောင်းသွားတာလား။ အဲဒီအပေါ်မှာလည်း မူတည်သေးတယ်။ ဗီယက်နမ် အစားအစာ Pho ကိုဆိုရင် နိုင်ငံခြားသားတွေ၊ အမေရိကားက လူတွေတောင် ဘယ်လိုစားရမလဲဆိုတာ သိနေကြတယ်။ ဘာလေးတွေ ဘယ်လိုထည့်ပြီး စားရတာလဲ ဆိုတာကိုပေါ့။ ဘာကြောင့်လဲဆိုတော့ ပြောင်းရွှေ့သွားတဲ့သူတွေက အရမ်းများတယ်။ အဲဒီလူတွေကလည်း ဆိုင်တွေပြန်ဖွင့်တယ်။ သူတို့တစ်တွေရဲ့ ယဉ်ကျေးမှုကို ဒီဆိုင်ကနေပြီး အခြားသူတွေကို ဗဟုသုတတွေ ပေးတယ်။ ဒါတွေကြောင့် အဲဒီဗီယက်နမ်အစားအစာကို ဘယ်လိုစားရမလဲဆိုတာ နိုင်ငံတော်တော်များများက သိနေကြပြီ။’လို့ ပြောပါတယ်။
ထန်းလျက်ပြုလုပ်နည်း
ထန်းလျက်ဆိုသည်မှာ ထန်းရည်ချိုကို ကျိုချက်ပြီး ရရှိလာတဲ့ သရေစာတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ကိုင်လျက်ရှိတဲ့ ထန်းလျက်လုပ်ငန်းအများစုက တစ်ပိုင်တစ်နိုင် မိသားစုလုပ်ငန်းများ ဖြစ်ကြပါတယ်။ ထန်းလျက်လုပ်တဲ့ရာသီကတော့ တန်ခူးလကနေ တော်သလင်းလအထိ ခြောက်လကျော်ဖြစ်တယ်လို့သိရပါတယ်။ ပထမတန်ခူးလနဲ့ ကဆုန်လလောက်မှာ ထွက်တာက ထန်းဖိုပါ။ နောက် တစ်လလောက်ကြာမှ ထန်းမထွက်လာတယ်။ ပထမဆုံးထွက်တဲ့ ထန်းလျက်က မည်းပေမယ့်လည်း ဆေးဖက်ဝင်တယ်။ ထန်းမကျတော့ မွှေးတယ်။ ထန်းလျက်ဖြူတယ်။ ဒီအတိုင်း စားလို့ရတယ်။ ထန်းတက်သမားတွေက မနက်တစ်ခါ၊ ညနေတစ်ခါ မပျင်းရိဘဲ တက်ပေးရတယ်။ အဲဒီလို မနက်တစ်ခါ၊ ညနေတစ်ခါ တက်ပေးထားတာကို လုပ်ထားတဲ့ ထန်းလျက်များက အရည်အသွေး အလွန်ကောင်းမွန်ပါတယ်။ ထန်းရည်က Fermentation ဖြစ်တာ အရမ်းမြန်တယ်ဆိုတော့ အရက် (ထန်းရည်ခါး)ဖြစ်သွားတယ်။ ဒါကြောင့် မနက်တစ်ခါ၊ ညနေတစ်ခါတက်တဲ့ ထန်းရည်များက Fermented မဖြစ်ဘဲ ကောင်းကောင်းမွန်မွန် ဖြစ်တော့မှ ထန်းလျက်ချက်လို့ရတယ်။ အမျိုးသမီးလုပ်တဲ့သူက အဲဒီထန်းရည်များကို ပြန်စုစည်းရတယ်။ ပြီးတော့ ကျိုချက်ရတယ်။ ကျိုချက်တဲ့ နေရာမှာလည်း အုတ်၊ သဲမီးဖိုကြီးများ အခိုင်အမာဆောက်ပြီး ကျိုချက်ရတယ်။ တချို့က မီးဖိုမှာ ထင်းကို မသုံးကြဘူး။ မနှစ်က ရိတ်သိမ်းလို့ကျန်ခဲ့တဲ့ နှမ်းပင်ခြောက်များ၊ အုန်းသီးခွံခြောက်များနဲ့ ထန်းသီးအခြောက်များကို မီးစာအနေနဲ့ အသုံးပြုကြတယ်။
ထန်းရည်က တစ်ရက်ကို ၂ ကြိမ် တက်ရတယ်။ ညနေဘက် တက်လို့ရတဲ့ ထန်းရည် ကို နွှေးထားပြီး နောက်တစ်နေ့ တက်လို့ရတဲ့ ထန်းရည်နဲ့ပေါင်းပြီးတော့ ကျိုတာပါ။ ထင်းမီးဖို၊ ဒယ်အိုးအကြီးကြီးတွေ သုံးပြီး တည်တာပါ။ ဒယ်အိုးကို သုံးလုံး၊ လေးလုံး ထားပြီး တည်ကြပါတယ်။ ပိုများတဲ့နေရာတွေကျတော့ ခုနစ်လုံး၊ ရှစ်လုံးအထိ ထားကြတယ်။ ထန်းလျက်ချက်ချိန်မှာ ထန်းရည်ပွက်လာရင် ဒယ်အိုးတွေကနေ ဝေကျလာမှာ ဖြစ်လို့ ယောက်မတွေကို တပ်ထားရပါတယ်။ ဆူလာပြီ၊ ပျစ်လာပြီဆိုရင် ယောက်မနဲ့ မွှေရတယ်။ ဘာကြောင့် မွှေရတာလဲဆိုတော့ ထန်းလျက်တွေက အောက်မှာတူးပြီး ကပ်နေမှာစိုးလို့ပါ။ ဆူပွက်နေတဲ့ ထန်းရည်တွေကို ဒယ်အိုးတစ်လုံးမှ တစ်လုံးဆီကို ပြောင်းပေးရပါတယ်။ အဲဒါကို ‘ထန်းလျက်တစ်ချော့’ လို့ခေါ်တယ်။ ထန်းလျက် တစ်ချော့ကျဖို့အတွက် နာရီဝက်(သို့) တစ်နာရီပဲကြာပါတယ်။ တစ်အိုးကနေ နောက်တစ်အိုးကို ပြောင်းပေးရတယ်ဆိုတာကလည်း ရေငွေ့ မြန်မြန်ပြန်ပြီး ပျစ်သွားစေချင်တာကြောင့်ပါ။ ထန်းလျက်တစ်ချော့ကို လုံးပေးနေချိန်မှာ နောက်တစ်ချော့အတွက် တည်ထားရပါတယ်။ ထန်းလျက်တစ်ချော့ကို သုံးပိဿာ၊ လေးပိဿာအထိ ရပါတယ်။
ထန်းလျက်မှာ (၁) ရေနု၊ (၂) သကာရည် (ဇကာရည်) နဲ့ (၃) ထန်းလျက်အလုံး ဆိုပြီး အဆင့်(၃) ဆင့် ရှိပါတယ်။ ထန်းလျက်ကြိုနေတဲ့အချိန်မှာ၊ မပျစ်သေးတဲ့အချိန်မှာ ရပ်ထားလိုက်မယ်ဆိုရင် ‘ရေနု’ လို့ခေါ်တဲ့ ဖြူဖြူအနှစ်ကလေးတွေရတယ်။ ထန်းလျက် လည်း မဖြစ်သေးလို့ အရည်လည်း ဖျော်စရာမလိုပါဘူး။ အရည်ပျစ်ပျစ်လေးဖြစ်နေလို့ တခြား ဘာပဲထပ်ထည့်ထည့် အကုန်ရတယ်။ ရေနုအဆင့်ကတော့ ထန်းလျက် ချက်တဲ့သူတွေလည်း အလုပ်လုပ်ရတာ သက်သာတယ်။ လုပ်ငန်းပြန်လုပ်မယ့်သူတွေ အတွက်လည်း အဆင်ပြေတယ်။ ‘သကာရည်’ ကတော့ ထန်းလျက်စချက်နေစဉ် မိနစ်အနည်းငယ်လောက် အဆင့်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ထန်းလျက်အလုံးကို လက်နဲ့ကိုင်ပြီး စားလို့ရပေမယ့် ရေနုနဲ့ သကာရည်ထန်းလျက်ကတော့ အရည်ဖြစ် တာကြောင့် ဇွန်းနဲ့ ကော်စား၊ ခပ်စားတာက ပိုကောင်းပါတယ်။
ထန်းလျက်ကို သေးသေးလေးတွေ မလုပ်နိုင်ခြင်းအကြောင်းရင်းကို နွားထိုးကြီး၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီးမှာ ယခင်က ထန်းလျက်လုပ်ငန်းလုပ်ကိုင်ဖူးတဲ့ မိသားစုမှ ဆင်းသက်လာပြီး ယခုဒဂုံတက္ကသိုလ်မှာ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ တက္ကသိုလ်ဆရာမဒေါ်ကြူကြူခိုင်က ‘ထန်းရည်အချိုကို အိုးတွေ အများကြီးနဲ့ကြိုတယ်။ ပျစ်တဲ့အထိကြိုလိုက်တယ်။ ပျစ်လာရင် အိုးပေါ်ကချပြီး လိုချင်တဲ့ပုံစံ လေးတွေ ရအောင်လုံးလိုက်တယ်။ အဲဒီလိုလုံးတဲ့အချိန်မှာလည်း အပူကြီးကို လက်မှာရေ စွတ်ပြီး လုံးကြရတာ။ လုံးရတဲ့သူကလည်း ထန်းလျက်အိုး နောက်တစ်အိုးတည်နေချိန်မှာ လုံးရတာဖြစ်လို့ သေးသေးလေးတွေ မလုံးနိုင်တာပါ။ သေးသေးလေးတွေလုံးနေရင် အချိန်အရမ်းကြာသွားပြီး မပြီးနိုင်တဲ့အတွက်ကြောင့်ပါ။
အိမ်မှာ လူသုံးယောက်လောက်ရှိတယ်ဆိုရင်တောင် တစ်ယောက်က မြူအိုးတွေ လိုက်ကောက်ရတယ်။ မီးဖုတ်ရတယ်။ Enzymeds, Microorganism တွေ များတယ်။ အချဉ်ပေါက်မှာ စိုးတဲ့အတွက်ကြောင့် တစ်ချိန်လုံး မီးဖုတ်ပြီး မှိုင်းတိုက်နေရတယ်။ နည်းပညာအရဆိုရင်တော့ အဲဒါကို ပိုးသတ်တဲ့အဆင့်လို့ ပြောလို့ရပါတယ်။ အဲဒီ တစ်ယောက်ကပဲ မြူအိုးတွေကောက်၊ မီးဖုတ်၊ ဆေးပြီးပြန်ထား။ အဲဒါတွေအားလုံးကို လုပ်ရတယ်။ နောက်တစ်ယောက်ကလည်း မီးထိုးဖို့၊ ဒယ်အိုးထဲကို ထန်းရည်တွေ ယူထည့်ဖို့။ ဒယ်အိုးဆေးဖို့ လုပ်ရတယ်။ နောက်ဆုံးတစ်ယောက် ထန်းလျက်ကို ကျိုတယ်။ အောက်မှာပြန်ချပြီး လုံးတယ်။ လုံးနေတဲ့အချိန်မှာ နောက်တစ်အိုးကို မီးထိုးထားတယ်။ ဒီက ပြီးတာနဲ့ နောက်တစ်အိုးက စပြီးမွှေပြီ။ တကယ်လို့များ သေးသေးလေးတွေ လုပ်နေရမယ်ဆိုရင်တော့ နောက်တစ်အိုးက တူးမှာ။ အဲဒါဆိုရင် နောက်တစ်အိုးကို မီးလျှော့ထားပါလားလို့ ပြောမှာပေါ့။ အဲဒီလိုမျိုး မီးလျှော့ထားတယ်ဆိုရင် ထန်းရည်က အချိန်ကြာသွားတယ်ဆိုရင် ချဉ်သွားမှာလေ။ အဲဒီလိုချဉ်သွားပြီဆိုရင်တော့ ထန်းလျက်ကောင်းမရနိုင်တော့ဘူး။ အချိန်ဆွဲနေလို့လည်း မရဘူး။ တရစပ် လုပ်နေရတာလေ။ အဲဒီလိုမျိုးလက်ဝင်တဲ့အလုပ် ဖြစ်တဲ့အတွက်ကြောင့် သေးသေးလေးတွေ မလုပ်ပေးနိုင်တော့တာ’လို့ ပြောပါတယ်။
ထန်းလျက်အမျိုးမျိုး
ထန်းလျက်ပြုလုပ်နည်းကို အကြမ်းဖျင်းအားဖြင့်ကြည့်မယ်ဆိုရင် ထန်းပင်မှရသော သန့်စင်ထားတဲ့ ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ပြီး မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင် ကျိုချက်ပေး၍ သမအောင် မွှေပေးရပါတယ်။ အရည်ပျစ်ပြီး ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိ လိုအပ်သောအတုံးများတုံးကာ အခြောက်ခံပါက ထန်းလျက်ခဲကို ရရှိမှာဖြစ်ပါတယ်။ အချို့ကတော့ ဆီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲ စသည့် မိမိအလိုရှိရာကိုထည့်၍ ပြုလုပ် ကြပါတယ်။ ထန်းလျက် အမျိုးပေါင်း ရှစ်မျိုးခန့် ရှိပါတယ်။ အဲဒါတွေကတော့ (၁) ရိုးရိုးထန်းလျက်၊ (၂) အာရှထန်းလျက်၊ (၃) ထန်းပေါ်ဦးထန်းလျက်၊ (၄) အုန်းထန်း လျက်၊ (၅) ဆီးထန်းလျက်၊ (၆) နို့ထန်းလျက်၊ (၇) နှမ်းထန်းလျက်နှင့် (၈) မြေပဲထန်းလျက် ဟူ၍ရှိပြီး အားလုံးထဲကမှ အုန်းထန်းလျက်နှင့် ဆီးထန်းလျက်က လူကြိုက်အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ထန်းလျက်အသုံးပြုပုံ
ထန်းလျက်ကို မြန်မာမုန့်တော်တော်များများမှာ အသုံးပြုတာကို တွေ့ ကြမှာပါ။ မြန်မာမုန့် အားလုံးနီးပါးလို့တောင် ပြောလို့ရပါတယ်။ ထန်းလျက်ပါဝင်တဲ့ မြန်မာ မုန့်တွေကတော့ မုန့်လက်ဆောင်း၊ မုန့်စိမ်းပေါင်း(အညို)၊ မုန့်လိပ်ပြာ၊ ဘိန်းမုန့်(အညို)၊ မုန့်လုံးရေပေါ်၊ ဂျုံကြို၊ သာကူကြို၊ မုန့်လက်ကောက်၊ ကောက်ညှင်းရွှေထမင်း၊ ခေါက်မုန့်၊ မုန့်ကြာစေ့၊ ဆီးယို၊ ကရေကရာ၊ ပေါက်ပေါက်ဆုပ်၊ နှမ်းဖတ်ဆုပ် စသည်တို့ဖြစ်ပါတယ်။
ထန်းလျက်နှင့် ကျန်းမာရေး
ထန်းလျက်မှာ ကယ်လိုရီ ၃၅၉၊ ပရိုတင်း ၁.ဝ ဂရမ်၊ အဆီဓာတ် ဝ.၁ ဂရမ်၊ ကစီဓာတ် ၉၈.၅ ဂရမ်နှင့် နိုင်ယာစင်၊ ဗီတာမင် A, B-1, B-2 တို့ ပါဝင်တယ်လို့ မြန်မာ့အစားအစာ၏ အာဟာရစာအုပ်မှာ ဖော်ပြထားပါတယ်။
Tree Food တည်ထောင်သူ ဒေါက်တာချိုလဲ့အောင်က ထန်းလျက်ရဲ့ကျန်းမာရေး နဲ့ ပတ်သက်ပြီး ‘အခုကမ္ဘာပေါ်မှာ လုပ်နည်းအဆင့်ဆင့်ဖြတ်သန်းလာတဲ့ အစားအသောက်တွေကို မကြိုက်ကြတော့ဘူး။ ဥပမာ-ပြုတ်မယ်၊ ချက်မယ်၊ တခြားအရာတွေထပ် ထည့်မယ်။ ကြည့်လို့လှအောင်၊ ဝါးတဲ့အခါ ဘယ်လိုလေးဖြစ်အောင်တို့၊ အနံ့လေးတွေ (ဓာတုပစ္စည်းတွေထည့်မယ်)။ မြန်မာနိုင်ငံမှာရှိတဲ့ ထန်းလျက်ကတော့ လုပ်နည်း အဆင့်ဆင့်နည်းတယ်။ လုပ်နည်းအဆင့်ဆင့်တွေ နည်းတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဓာတုပစ္စည်းတွေ ထပ်ထည့်ထားခြင်း မရှိဘူး။ ထန်းလျက်မှာက ပင်ကိုက သံဓာတ်တွေ အများကြီး ပါဝင်တယ်။ သံဓာတ်အပြင် တခြားသတ္တုဓာတ်တွေလည်း အများကြီးပါဝင်တယ်။ အညာဒေသမှာ ရေက အဲဒီလောက်မရှိဘူး။ ကြံဆိုတာကမှ အများကြီးရေစုပ်ယူနေသေးတယ်။ ထန်းပင်တွေက ရေကိုတကူးတက ပေးစရာမလိုဘူး။ သဘာဝကရရှိတဲ့ အဲဒီ ထန်းပင်တွေကနေ ချိုမြိန်တဲ့အရည်တွေ ထွက်လာတယ်။ အဲဒီလိုထွက်လာတဲ့ ထန်းရည်ကိုမှ ချက်ချင်းချက်လိုက်တာကြောင့် ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် သင့်လျော်သလို စားမယ်ဆိုရင်လည်း အရမ်းကိုကောင်းမွန်တယ်။ ထန်းလျက်ကို မြန်မာ့ဆေးတော်တော်များများမှာ သုံးတာများပါတယ်’လို့ ပြောပါတယ်။
မြန်မာ့ရိုးရာစားစရာ ထန်းလျက်နှင့် ကျန်းမာရေး အာနိသင်များမှာ (၁) နေ့စဉ် စားသုံးခြင်းဖြင့် သွေးသားကို သန့်စင်စေပါတယ်။ (၂) အစာကြေစေပြီး အချိုစားလိုစိတ် ရုတ်တရက် ဖြစ်လာတတ်သောအခါမျိုးတွင် ထန်းလျက်ကို သတိရလိုက်ပါ။ (၃) ထန်းလျက်ကို ချင်းနှင့်ရော၍ စားသုံးခြင်းဖြင့် အဆစ်အမြစ်နာကျင်ခြင်းကို သက်သာ စေပြီး အဆစ်များ ခိုင်မာလာစေပါတယ်။ (၄) အသားအရေနှင့် ဆံပင်ကျန်းမာသန်စွမ်း စေပြီး မျက်နှာပေါ်တွင် ဝက်ခြံ၊ အမည်းကွက်များထွက်ခြင်းကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ (၅) နေ့စဉ်ထန်းလျက်ရည် စားပွဲဇွန်းတစ်ဇွန်း သောက်ခြင်းဖြင့် အမျိုးသမီးများ လစဉ်ဓမ္မတာမလာမီ ဝမ်းဗိုက်နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ (၆) ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်လွယ်ချိန်၌ ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါတယ်။ စားသုံးနည်းများ (၁) အဆုတ်ပွ၊ ပန်းနာရောဂါအတွက် နှမ်းနက်ဖြင့် စားပေးပါ။ (၂) အားနည်းခြင်းအတွက် ထန်းလျက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ နှစ်ကြိမ်စားပါ။ (၃) ကြွက်သားများသန်စွမ်းစေရန် နို့နှင့်ရောသောက်ပါ။ (၄) မောပန်းခြင်းအတွက် တစ်နေ့လျှင် ထန်းလျက် စားပွဲဇွန်းတစ်ဇွန်းသောက်ပါ။ (၅) လစဉ်ဓမ္မတာလာစဉ်နှင့် မလာမီဖြစ်တတ်သော နာကျင်မှုများအတွက် တစ်နေ့လျှင် စားပွဲဇွန်းတစ်ဇွန်း သောက်ပါလို့ မှတ်သားဖူးပါတယ်။
ထန်းလျက်ဟာ လေပူသွေးပူ၊ မီးယပ်ပူ၊ ကျောပူ၊ ခေါင်းပူတို့နဲ့ လေအားနည်း ရောဂါတို့ကို သက်သာစေပါတယ်။ ထမင်းစားပြီးတိုင်း ထန်းလျက် တစ်လုံးစားပေးရင် အစာကြေစေပါတယ်။ ထန်းလျက်ကို ထောပတ်နဲ့ကြော်ပြီးစားပေးရင် ဝမ်းကိုက်ရောဂါကို ပျောက်စေပါတယ်။ သတိပြုရမည့်အချက်မှာ ထန်းလျက်စားပြီး ဘာမီတွန် မသောက်ပါနဲ့။ အဆိပ်သင့်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ လုံးဝမတည့်ပါဘူး။ ထန်းလျက်က အပူငြိမ်းစေတဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။ ပူပြင်းတဲ့ ရာသီမှာ အမှန်တကယ် စားသုံးသင့်တဲ့ သရေစာတစ်ခုဖြစ်ပြီး ထန်းလျက်ဟာ ကိုယ်ခန္ဓာရဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ ဝမ်းမီးကို အလွန်မှန်စေပါတယ်။ ချိုတာခြင်းတူပေမယ့်လည်း သကြား၊ ကြံသကာတို့နဲ့ မတူပါဘူး။
ထန်းလျက်က ရှေးယခင်မှ ယခုခေတ်အထိ မြန်မာလူမျိုးတို့ စားသုံးနေကြသော မိရိုးဖလာအစားအစာများထဲမှ သရေစာတစ်မျိုးဖြစ်ပါတယ်။ ထန်းလျက်ကို မြန်မာမုန့် မျိုးစုံတွင်လည်းကောင်း၊ တိုင်းရင်းဆေးအချို့တို့တွင်လည်းကောင်း အသုံးပြုကြတာကြောင့် အလွန်တန်ဖိုးရှိတဲ့ မြန်မာတို့ရဲ့ ဆေးဖက်ဝင် စားစရာဖြစ်ပါတယ်။ အဲဒါကြောင့် ထန်းလျက်ကို မြန်မာလူမျိုးတို့က ဆေးအဖြစ်လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း အစဉ်အဆက် စားသုံးနေကြပါတယ်။
♦ ဆုမြတ်ဦး ♦
Vol 6, No 10, October, 2017 Issue လထုတ် Food Magazine
Comments
Post a Comment