ထန်းလျက် (အပိုင်း-၂)

ထန်းလျက် (အပိုင်း-၂)



ထန်းလျက်သိုလှောင်ခြင်းနှင့် ပြည်တွင်းဈေးကွက်

          ထန်းလျက်ကို မိုးနည်းသောအညာဒေသမှာ အများဆုံးချက်လုပ်ကြပါတယ်။ အညာဒေသမှာတော့ ပုံမှန်အားဖြင့် မိုးကတစ်ပတ်လုံးမှ တစ်ခါ၊ နှစ်ခါသာ ရွာသောကြောင့် ထန်းလျက်လှန်းရသည်မှာ အဆင်ပြေကြပါတယ်။ ထန်းလျက်ဈေးကွက်ကလည်း ယခုနောက်ပိုင်း ဈေးပြန်ကောင်းလာလို့ ထန်းတက်သမားတွေ၊ ထန်းလျက် ချက်တဲ့သူတွေ အရင်ကထက် ပိုပြီးအဆင်ပြေလာကြတယ်လို့လည်း ကြားသိရပါတယ်။ ဒေါ်ကြူကြူခိုင်က ၎င်းတို့ထန်းလျက်ချက်လုပ်ငန်း လုပ်ကိုင်ခဲ့စဉ်က ဈေးကွက်အခြေအနေနဲ့ ထန်းလျက် သိုလှောင်ပုံအကြောင်းကိုလည်း “ထန်းလျက်ကို တိုင်ကီတွေနဲ့ သိုလှောင်ထားတယ်။ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းရောက်တော့မှ ထုတ်ရောင်းကြတာ။ အဲဒီအချိန်လောက်ရောက်ရင် ပုံမှန်ထက်ကို ၁၅၀ဝ၊ ၂၀ဝ၀ လောက် တက်တယ်။ ကြားထဲမှာတော့ မရှိတဲ့သူတွေက ရောင်းစားကြတယ်။ ရှိတဲ့သူတွေကျတော့ လှောင်ထားပြီး ဈေးကောင်းတော့မှ ထုတ်ရောင်းကြတာ။ အညာဘက်မှာဆိုရင်တော့ ထန်းလျက်ဈေးက ၁၂၀ဝ၊ ၁၃၀ဝ လောက်ရှိတယ်။ ပဲခူးဘက်မှာတော့ ၂၀ဝဝ၊ ၂၅၀ဝ လောက်ရှိတယ်။ သောင်းနဲ့ချီပြီး ဝယ်တဲ့ ကုမ္ပဏီ (ပွဲရုံ) ကတော့ အများဆုံးပေးမှ ၁၅၀ဝ၊ ၂၀ဝ၀ လောက်ပဲ ပေးတယ်။ အရမ်းဈေးကျတဲ့ အချိန်လည်းရှိသလို အရမ်းဈေးတက်တဲ့ အချိန်လည်းရှိတယ်။ ပြီးတော့ ထန်းလျက်အတုံးကို ကြည့်ပြီးတော့လည်း ဈေးကကွာ ခြားတယ်။ ထန်းလျက်က အရမ်းအစိုပြန်တတ်တာကြောင့် နေကောင်းကောင်း မလှန်းဖူးဆိုရင်၊ အစိုတွေပြန်နေတယ်ဆိုရင် ဈေးက တစ်ဝက်နီးပါးလောက် ကျသွားတယ်။ ခြောက်နေတယ်၊ ပွပွရွရွလေးဖြစ်နေတယ်ဆိုရင် သူများပေးတဲ့ ဈေးထက်ပိုပြီးရတယ်။ သူများက ၁၅၀ဝ ရတယ်ဆိုရင် ၁၇၀ဝ၊ ၁၈၀ဝ အထိ ရတယ်။

          ထန်းလျက်က ရေငွေ့အရမ်းစုပ်တဲ့အတွက်ကြောင့် နေလှန်းပြီး တိုင်ကီတွေထဲမှာ၊ ဂုန်နီအိတ်ထဲမှာ လုံနေအောင်ထားမှ သုံး၊ လေး လလောက်ခံတာ။ ရေငွေ့စုပ်ပြီး ထန်းလျက် တွေက အချဉ်ပေါက်သွားတတ်ပါတယ်။ လုပ်ပြီးသား ထန်းလျက်တွေကိုတော့ တစ်ရက်ခြား၊ နှစ်ရက်ခြား နေလှန်းပေးရတယ်။ ဝါးတွေနဲ့လုပ်ထားတဲ့ ကတ်တွေခင်း၊ ဂုန်နီအိတ် တွေခင်းပြီး နေလှန်းကြရတယ်။ နေလှန်းပြီးရင်တော့ တိုင်ကီ၊ ဆီပီပါကြီးတွေကို မီးမြှိုက် ထားရတယ်။ အေးသွားမှ ထန်းလျက်တွေကိုထည့်။ ဂုန်နီအိတ်တွေကို နှစ်ထပ်၊ သုံးထပ် ထပ်ပြီးတော့ အုပ်ထားရတယ်။ သိမ်းထားတဲ့နေရာက အုတ်နဲ့ဆောက်ထားတာဆိုရင် မရဘူး။ ဆရာမတို့အိမ်က ထန်းလျက်ထားတဲ့နေရာဆိုရင် သွပ်တွေနဲ့ပဲ ဆောက်ထားတာ။ သွပ်ဖြစ်တဲ့အတွက်ကြောင့် ပူတယ်။ ခြောက်လွယ်တယ်။ ရေငွေ့ မခိုဘူးပေါ့။ အချဉ် ပေါက်သွားတဲ့ ထန်းလျက်တွေကိုတော့ အရက်ချက်လို့ပဲ ရတော့မယ်။ တခြား ဘာမှပြန်လုပ်လို့ မရတော့ဘူး။ ထန်းလျက်ကနေ အရက်ချက်တာကိုတော့ ထန်းလျက်ကို အရည်ဖျော်၊ တဆေးထည့်ပြီး အချဉ်ဖောက်တယ်။ အချဉ်ဖောက်ပြီးပြီဆိုရင်တော့ ပေါင်းခံတာကနေ အရက်ရတာပေါ့။ ရေနုကတော့ စိုတာလည်းမရှိဘူး။ နေလှန်းစရာလည်း မလိုဘူး။ ပုံမပြောင်းဘူး။ ရေနုကိုတော့ တိုင်ကီကြီးတွေထဲမှာ ပလတ်စတစ်အိတ်တွေ စွပ်ပြီးတော့ လောင်းထည့်ထားပြီး သိမ်းကြတယ်” လို့ ပြောတယ်။

          ဦးကျော်သိန်းက “ထန်းလျက်ဈေးကတော့ အရင်ကထက် အခုခေတ်က ဈေးကောင်းပိုရတယ်။ ထန်းဖိုဦးစစချင်းမှာ ထန်းလျက်ဈေးလေးက မြင့်တက်တယ်။ နောက် ကဆုန်လလောက်ရောက်သွားရင် ထန်းတွေက အားလုံးမြိုင်သွားပြီ။ ထန်းဖိုရော၊ ထန်းမပါ စုံသွားပြီဖြစ်တဲ့အတွက်ကြောင့် တစ်နေ့ကို ပိဿာချိန် ၃၀၊ ၄၀ လောက်ရတယ်။ ထန်းများရင် များသလို ရကြတယ်လေ။ အဲဒီအချိန်လောက်ရောက်ပြီဆိုရင်တော့ ထန်းလျက် ဈေးက နည်းနည်းကျတတ်တယ်။ လက်ရှိအနေအထားမှာတော့ ထန်းလျက်ဈေးက ၂၀ဝ၀ လောက်ရှိတယ်။ အဲဒါကလည်း အမြင့်ဆုံးအချိန်ပေါ့။ အဲဒီထက်တက်တာကတော့ ရှားပါတယ်။ အရမ်းကျတဲ့ အချိန်ရောက်သွားပြီဆိုရင်တော့ ၅၀ဝ၊ ၆၀ဝ လောက်ပဲ ရကြတယ်။ ပြီးခဲ့တဲ့ သုံး၊ လေးနှစ်လောက်ဆိုရင် အဲဒီဈေးလောက်က အမြင့်ဆုံးဖြစ်နေတာ။ အခုနောက်ပိုင်းတော့ ကုမ္ပဏီတွေက ဝယ်တာတွေ ရှိလာပြီဆိုတော့ ထန်းလျက် ဈေးကတော့ တက်လာပါပြီ။ ကြံ၊ သကြားတွေ ထွက်တာများပြီဆိုရင်လည်း ထန်းလျက် ဈေးတက်တယ်။ လုပ်ငန်းရှင်တွေက ရေနု၊ သကာရည်နဲ့ ထန်းလျက် သုံးမျိုးရှိတာကိုမှ သကာရည်ကို ဝယ်တာပိုများကြပါတယ်” လို့ ပြောပါတယ်။ 



ထန်းလျက်နှင့် ဓာတုပစ္စည်းများ

          မြန်မာနိုင်ငံမှ စားသုံးသူများက အစားအစာတစ်ခုရဲ့ ပင်ကိုအနံ့၊ အရသာထက် နှစ်လို့ဖွယ်ဖြစ်တဲ့ ခံစားချက်မျိုးကို ပိုမိုကြိုက်နှစ်သက်ကြပါတယ်။ အဲဒါကြောင့် ပြုလုပ်ရောင်းချသူတွေဘက်မှ စားသုံးသူတွေ ကြိုက်နှစ်သက်မယ့် ပုံစံမျိုးကို ရွေးချယ်ပြီး ပြုလုပ်လာကြတယ်။ ထန်းလျက်ပြုလုပ်ရောင်းချသူတွေက မိမိပစ္စည်းရောင်းပန်း လှဖို့အတွက် ချွတ်ဆေးများ သုံးစွဲလာကြပါတယ်။ စီးပွားဖြစ်လုပ်ကိုင်သော ကုန်သည်၊ ပွဲစားများကလည်း ချွတ်ဆေးများကို အသုံးပြုလာခိုင်းကြတယ်။ ထန်းလျက်ကို သဘာဝနည်းအတိုင်း ဖြူဖွေးအောင်ချက်လို့ ရသလို ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် ပြုလုပ်လို့ လည်းရပါတယ်။ ထန်းလျက်တစ်ချော့မှာ ချွတ်ဆေးက လက်ဖက်စားဇွန်းတစ်ဇွန်း ထည့်တယ်လို့ သိရပါတယ်။ အမြင်အာရုံအားဖြင့် နှစ်လို့ဖွယ်ကောင်းပေမယ့် စားရာမှာတော့ ညှီစို့စို့အနံ့ ထွက်တယ်လို့ သိရပါတယ်။

          ကုန်ထုတ်ဓာတုဌာနမှ ဆရာမ ဒေါ်ကြူကြူခိုင်က ထန်းလျက်ဖြူအောင် ချွတ်ဆေးသုံးနည်းကို “ထန်းရည်ကို ခံတဲ့အခါမှာ ထုံးထည့်ပေးရတယ်။ ထန်းရည်က သစ်ပင်ကနေရတာ ဖြစ်တဲ့အတွက်ကြောင့် Enzymes, Microorganism အရမ်းများတယ်။ Enzymes အရမ်းများတဲ့အတွက်ကြောင့် အချဉ်ပေါက်လွယ်တယ်။ အဲဒီလို အချဉ်ပေါက်မှာစိုးလို့ ထန်းပင်ပေါ်ကို အိုးလေးတွေ သွားချိတ်တဲ့အခါမှာ ထုံးထည့်ပေးရတယ်။ ထုံးများသွားရင် ထန်းလျက်က မည်းသွားပြီး တော်သင့်ရုံလောက် ထည့်တယ်ဆိုရင်တော့ ထန်းလျက်က ဖြူတယ်။ ထုံးထည့်တာကလည်း လုပ်တဲ့သူတစ်ယောက်ရဲ့ အတွေ့အကြုံပေါ်လည်း မူတည်တယ်။ ထုံးရည်လည်းထည့်တယ်၊ မမည်းချင်ဘူးဆိုရင်တော့ ချွတ်ဆေးထည့်လို့ ရသေးတယ်။ ဒါကလည်း ထန်းလျက်အတွက် သတ်သတ်ထုတ်ထားတဲ့ ချွတ်ဆေးကို သုံးတာပေါ့။ ချွတ်ဆေးကိုလည်း လူတွေကို အန္တရာယ်မဖြစ်စေတဲ့ ပမာဏလောက်ကိုပဲ ထည့်ပေးရတယ်။ ၁ ဂရမ်၊ တစ်ခါတလေ ဝ. ၅ ဂရမ်လောက်ပဲ ထည့်ပေးရတယ်။ အဲဒီလောက်ထည့်ရင် ဖွေးပါတယ်။ ဒါကလည်း နေ့ချင်းရောင်းတဲ့လူလောက်ပဲ သုံးတာပါ။ ထန်းဖိုကထွက်တဲ့  ထန်းလျက်ဆိုရင် မည်းတယ်။ ထန်းမကထွက်တဲ့ ထန်းလျက်ဆိုရင် ဖွေးတယ်။ တချို့ စားသုံးသူတွေ ထင်ကြတယ်။ ထန်းလျက်က မည်းနေရင် ချွတ်ဆေး မသုံးထားဘူး။ ဖွေးနေတဲ့ထန်းလျက်ဆိုရင်တော့ ချွတ်ဆေးသုံးထားတယ်ဆိုပြီးတော့ပေါ့။ တကယ်က ထန်းဖိုက ထွက်တာနဲ့ ထန်းမက ထွက်တာပါ။ အဲဒီလိုမျိုးလည်းကွာတာပေါ့။ ဒါပေမဲ့ တရုတ်တွေက ပြန်ဝယ်ပြီး ထန်းလျက်အမည်းတွေကို ဖြူအောင်ပြန်လုပ်ဖို့ ဘာထည့်တယ်ဆိုတာကို မသိဘူး။ အဲဒါမျိုးဆိုရင်တော့ အန္တရာယ်များသွားပြီ။ အဲဒီထန်းလျက်ကို အစိုမှာ အခဲမလုပ်ဘဲနဲ့ အမှုန့်ဖြစ်အောင် လုပ်တာမျိုးလည်းရှိတယ်။ လက်နဲ့ပြန်ဆုပ်ထားတာ။ ဈေးကွက်ထဲမှာတော့ တွေ့မှာပါ။ ဆန်မှုန့်နဲ့ပြန်ဆုပ်ထားတဲ့တွေကို အဲဒီလိုမျိုးအလုံးလေးတွေ လုပ်လို့ရတယ်” လို့ ရှင်းပြထားပါတယ်။

နိုင်ငံခြားဈေးကွက်

          ထန်းလျက်ကို မုန့်အချိုအများဆုံး စားကြတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က အများဆုံးဝယ်ယူကြပါတယ်။

          ဦးကျော်သိန်းက ယခင်ခေတ်နဲ့ ယခုခေတ်ရဲ့ ထန်းသမားတွေရဲ့ ဘဝကိုနှိုင်းယှဉ် ပြီးတော့ “ကျွန်တော်တို့ခေတ်တုန်းက ထက်စာရင် အခုခေတ်ထန်းလျက်ချက် လုပ်ငန်းက ပိုကောင်းလာပါတယ်။ အခုခေတ်က ထန်းပိုင်ရှင်တွေက ထန်းတောတွေသာ ပိုင်တော့တာ။ ထန်းသမားလည်း သိပ်မရှိတော့ဘူး။ အရင်ခေတ်က ထန်းသမားတွေက ထန်းပိုင်ရှင်တွေကို ခယနေရတယ်လေ။ ထန်းပိုင်ရှင်ဆီကိုသွားပြီး အစစအရာရာ လုပ်ပေးရတယ်။ အခုခေတ်မှာတော့ ထန်းပိုင်ရှင်တွေက ထန်းသမားတွေကို ပြန်ခယနေရတယ်။ ထန်းသမားဆီကို ကြိုပြီး ဆန်တစ်အိတ်တို့ဘာတို့ ပို့ပေးနေရတယ်။ အခုဆို ကျွန်တော်တို့ရွာတစ်ဝက် လောက်က နိုင်ငံခြားရောက်နေကြပြီ။ အခုနောက်ပိုင်းတော့ ကုမ္ပဏီတွေက လာဝယ်နေ ကြတာကြောင့် ဈေးတော့ တော်တော်လေးကောင်းလာတယ်။ နိုင်ငံခြားကတော့ ကျွန်တော် တို့ခေတ်တုန်းကတော့ မရှိဘူး။ အခုတော့ကျွန်တော်လည်း မပြောတတ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။    

          ဒေါ်ကြူကြူခိုင်ကလည်း ၎င်းတို့ထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်စဉ်က ဈေးကွက် အခြေအနေရဲ့  အတွေ့အကြုံများကို “ထန်းလျက်ကို မုန့်အချိုတွေလုပ်ဖို့ တရုတ်နဲ့ အိန္ဒိယတို့က အများဆုံးဝယ်ကြတယ်။ အဲဒါကြောင့် တရုတ်တွေက ဈေးကစားကြရင် မြန်မာတွေ ဒုက္ခရောက်ကြရတာလေ။ သူတို့တစ်တွေက မြန်မာတွေရဲ့ အားနည်းချက် ကိုသိတယ်။ တန်ဆောင်မုန်းလလောက်ရောက်လို့မှ ထန်းလျက်တွေ ထုတ်မရောင်းဘူးဆိုရင် ကျိုးကုန်မှာလေ။ အဲဒါကြောင့် တန်ဆောင်မုန်းနားနီးရင် ထန်းလျက်ဈေးကို ကစားပစ်လိုက်တယ်။ ခနလေး ၁၅၀ဝ လောက်ပေးထားပြီး သင်္ဘောဆိပ်မှာတော့ သူတို့ပွဲရုံတွေ ဆောက်ထားတယ်။ အဲဒီပွဲရုံရောက်သွားပြီဆိုရင်တော့ ၁၀ဝ၀ လောက်ဖြစ်သွားတယ်။ ဘယ်လိုပဲ ဈေးဖြတ် ဈေးဖြတ် ပေးသလောက်နဲ့ကို ရောင်းခဲ့ရတာ။ တောကနေမြို့ကိုတက်ပြီး ကားကြီးတွေနဲ့သယ်ခဲ့ရတယ်။ သယ်ယူစရိတ်ကလည်း ရှိသေးတယ်။ သင်္ဘောဆိပ်ကို ရောက်တာနဲ့ တရုတ်တွေက သူတို့လုပ်ချင်တဲ့အတိုင်း လုပ်တာပဲ။ ဝယ်တဲ့သူတွေက ရေနုအဆင့်ကို ပိုဝယ်ရတာများတယ်။ ဈေးကြတော့ကွာတယ်။ ထန်းလျက်အခဲလိုက်ရောင်းတာနဲ့စာရင် ဈေးပိုရတယ်။ ထန်းလျက်ထွက်ရင် သူကပိုထွက်တယ်။ တိုင်ကီတစ်ခုမှာ ထန်းလျက် ၁၀ဝ ရတယ်ဆိုရင် ရေနုက ထန်းလျက် ၁၅၀ လောက်ရတယ်။ ရေနုက ထန်းလျက်လောက်လည်း မချိုဘူးဆိုတော့ နောက်ထပ်အရာတွေ ထပ်ထည့်ပြီး နိုင်ငံခြားသားတွေ စားမယ်ဆိုရင် အတော်လောက်ဖြစ်သွားတယ်။ သကာရည်ဘဝနဲ့ ထားတယ်ဆိုရင် ဈေးချိုတယ်။ သကာရည်ကျတော့ သကြားချက်တဲ့စက်ရုံတွေကနေ ဝယ်ကြတာများတယ်။ ကြံရည်နဲ့ရောပြီး ထန်းလျက်သကြား (Brown Sugar) ချက်ကြတယ်” လို့ ပြောပြပါတယ်။ 


Hsu Myat Oo

Comments