Tree Food အင်တာဗျူး ထန်းလျက် (အပိုင်း-၃)

 Tree Food အင်တာဗျူး


            မြန်မာနိုင်ငံမှာ မြန်မာ့အစားအစာများကို သမားရိုးကျ စားသောက်နေကြရာမှ တစ်မူထူးခြားတဲ့ ပုံစံလေးနဲ့ နိုင်ငံတကာစံချိန်မီတန်းဝင်တဲ့ စားသောက်ကုန်တစ်ခုဖြစ်အောင် တီထွင်ဖန်တီးလာကြပြီ ဖြစ်ပါတယ်။ အဲဒီထဲကမှ ထန်းလျက်ကို  နိုင်ငံတကာ အဆင့်အတန်းမီအောင် လှပသေသပ်သော ထုပ်ပိုးမှုပုံစံများနဲ့ ထုတ်လုပ်ထားတဲ့ စွန့်ဦးတီထွင်သူ Tree Food ကို တည်ထောင်သူ မချိုလဲ့အောင်ကို ယခုလို အင်တာဗျူးခဲ့ပါတယ်။

ထန်းလျက်ကို  နိုင်ငံတကာ အဆင့်အတန်းမီအောင် လှပသေသပ်သော ထုပ်ပိုးမှုပုံစံများနဲ့ ထုတ်လုပ်ထားတဲ့ စွန့်ဦး တီထွင်သူ Tree Food

            Tree Food  စတင်ဖြစ်ပေါ်လာပုံကို တည်ထောင်သူ ဒေါက်တာ မချိုလဲ့အောင်က ယခုလိုပြောပြပါတယ်။ ‘Tree Food’ ကို စလုပ်ဖြစ်ပုံလေးကတော့ မြန်မာ့အစားအစာကို နိုင်ငံတကာကို ကြော်ငြာချင်တာက အဓိကပါ။ ထန်းလျက်ဆိုတာက မြန်မာ့အစားအစာဖြစ်ပြီး ဟင်းချက်တဲ့နေရာတွေမှာ သုံးတယ်။ ဆေးဖော်တဲ့ နေရာတွေမှာလည်း သုံးတယ်။ ဒီအတိုင်း သရေစာအနေနဲ့လည်း စားကြတယ်။ သမိုင်းကြောင်းနဲ့ကို ထန်းလျက်အကြောင်းကို ကဗျာတွေ၊ စာတွေနဲ့ ထန်းတက်သမားဘဝတို့လို ဖွဲ့ဆိုထားတဲ့ အစားအစာပေါ့နော်။ ထမင်းလက်ဆုံစားပြီးတဲ့အခါ ရေနွေးကြမ်းဝိုင်းမှာပါတဲ့ ထန်းလျက်စတဲ့ မြန်မာ့ယဉ်ကျေးမှုလေးကို နိုင်ငံတကာက သိစေချင်တာလေးလည်း ပါတာပေါ့။ မြန်မာနိုင်ငံက ထုတ်လုပ်ထားတဲ့ အစားအစာတွေကို နိုင်ငံခြားသားတွေကို လက်ဆောင်ပေးတဲ့အခါမှာ အသုံးပြုစေချင်တယ်။ ကျွန်မတို့တစ်တွေက လက်ဆောင်ပစ္စည်းပေးကြရင် ဒီအတိုင်းပဲ ပေးလိုက်ကြတယ်။ သူ့ရဲ့ နောက်ကြောင်း၊ ယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်းတွေကို မေ့နေကြတယ်။ အဲဒါကြောင့် လက်ဆောင်ပေးတဲ့အချိန်မှာ ထန်းတက် သမားတွေရဲ့  ဘဝက ဘယ်လိုရှိလဲ၊ ထန်းလျက်ဆိုတာ ဘယ်လိုလုပ်ရတာလဲ၊ အညာမှာဆို ဘယ်လို ထန်းရည်ယူရတာလဲဆိုတာလေးတွေ တတ်နိုင်သလောက် အသိပညာလေးတွေ မျှဝေပါတယ်။ အဲဒါကြောင့် ထန်းလျက်ကို တခြားနိုင်ငံတွေက သိလာအောင် နိုင်ငံတကာ အဆင့်အတန်းမီအောင် ထုတ်တယ်။

            လူနေမှုအဆင့်အတန်းတွေ ပြောင်းလဲလာတာနဲ့အမျှ စားသောက်တဲ့ ပုံစံတွေကလည်း ပြောင်းလဲလာတယ်။  ဒါပေမဲ့ ထန်းလျက်ကတော့ အခုအချိန်ထိ မပြောင်းလဲလာသေးဘူး။ ဘာကြောင့်မပြောင်းလဲနိုင်ရမှာလဲ။ ဒါကြောင့် ထန်းလျက်ကို အသစ်တီထွင်လိုက်တာပါ။ ထန်းလျက်ကလည်း တစ်ခဲလုံး စားကုန်နိုင်ဖို့ဆိုတာ အရမ်းများနေပြီ။ အချိုဓာတ်ကလည်း အရမ်းများနေတာဖြစ်လို့ ကျွန်မက ထန်းလျက်ကို တစ်ကိုက်စာပုံစံလေးတွေနဲ့ အချိုဓာတ် လေးကို လျှော့ထားပါတယ်။ ပုံမှန်ထန်းလျက် ပုံစံဖြစ်နေတာကြောင့် မတူညီတဲ့ အရသာလေးတွေ၊ မတူညီတဲ့ခံစားမှုလေးတွေရအောင် ချင်း၊ ဒိန်ချဉ်၊ ဆီးနဲ့ သံပရာဆိုပြီး အရသာ ၄ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ 


            ထမင်းဆိုင်မှာ စားနေရင်း ထန်းလျက်ကို တွေ့လိုက်တယ်ပေါ့။ မစားတာလည်း ကြာပြီ ဆိုတော့ ယူစားဖြစ်လိုက်တယ်။ တကယ်တမ်း ကျတော့ ထန်းလျက်ဆိုတဲ့အရာကို လူတွေက မေ့နေကြတာ အရမ်းကို ကြာနေပြီ။ အခုခေတ်ကလည်း ရွေးချယ်စရာတွေက များနေပြီ။ မြင်တွေ့နေရတာတွေက အရောင်တွေ တလက်လက်နဲ့ပေါ့။ အဲဒါတွေကိုပဲ လူတွေက ဆွဲဆောင်ခံနေရတယ်ပေါ့။ ထန်းလျက် ဆိုတဲ့အရာက သိမ်ကြီးဈေးလို ဈေးကြီးတွေမှာလည်း အပုံလိုက်တွေ ပုံပြီးရောင်း နေကြတယ်။ အဲဒါကြောင့် လူတွေရဲ့ စိတ်ထဲမှာ စိတ်ဝင်စားမှုတွေ မရှိကြတော့ဘူး။ တခြားသရေစာတွေ စားတာချင်းအတူတူ။ ထန်းလျက်ကလည်း သရေစာပဲလေ။ ပြီးတော့ ကျန်းမာရေးအတွက် တစ်စိတ်တစ်ဒေသကို ကောင်းမွန်စေတယ်။ အစာကြေစေတယ်။

            လူကြီးတွေဆိုလည်း ထမင်းစားပြီး ထန်းလျက်နည်းနည်းပါးပါး စားလိုက်ရင် နောက်ရက်မှာ ဝမ်းသွားတယ်။ ဝမ်းမှန်တယ်ပေါ့။ အဲဒါကြောင့် ထန်းလျက်ကို နေ့စဉ် စားသုံးသင့်ပါတယ်။ အတုံးကြီးကြီးတွေကိုတော့ ကုန်အောင်မစားနိုင်ကြဘူး။ နည်းနည်း စားပြီး လွှင့်ပစ်လိုက်ရတယ်ပေါ့။ သိမ်းထားပြန်ရင်လည်း အရည်ပျော်သွားတတ်တယ်။ အဲဒါကြောင့် ထန်းလျက်က အတုံးသေးသေးလေးတွေ ဖြစ်သင့်နေတာကြာပါပြီ။ အဲဒီကနေပြီးတော့ ထန်းလျက်ကို  စိတ်ဝင်စားသွားတာပါ။ အစပိုင်းကတော့ လိုက်ပြီး လေ့လာကြည့်မိတယ်။ အတုံးသေးသေးလေးတွေ မလုပ်ပေးနိုင်ဘူးလားလို့ မေးကြည့် လိုက်တဲ့အခါ ထန်းလျက်ချက်တဲ့သူတွေက အရမ်းခက်ခဲတာကြောင့် မလုပ်ပေးနိုင်ဘူး။ အဲဒီကတစ်ဆင့် စိတ်ဝင်စားသွားပြီးတော့ ထန်းလျက်ကို လုပ်ဖြစ်သွားတာပါ။

Tree Food ဈေးကွက်အတွင်း စတင်ရောက်ရှိလာခြင်း

            Tree Food ကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလလောက်မှာ ဈေးကွက်ထဲ စပြီးဖြန့်ခဲ့တာပါ။ ကုန်ပစ္စည်းအသစ်တစ်မျိုးကို ထုတ်လုပ်ရတာ ကုန်ကျစရိတ် အရမ်းများပါတယ်။ လူတွေရဲ့ နေထိုင်တဲ့ပုံစံကို ပြင်ရတာ အလွန်ခက်ခဲပါတယ်။ အခုနောက်ပိုင်းကျတော့ အိမ်တွေမှာလည်း စားကြတယ်။ လက်ဆောင်ပစ္စည်းအနေနဲ့လည်း ပေးကြတယ်လေ။ နိုင်ငံခြားကနေလည်း သူတို့ဝယ်စားကြတယ်။ အဲဒါကို ကြိုက်တယ်။ ပို့ပေးပါဦးဆိုပြီးတော့လည်း မှာကြပါတယ်။ Tree Food က အရသာမတူတာလေးတွေ ထုတ်လုပ်ထားတာဆိုတော့ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကြိုက်နှစ်သက်တဲ့ အရသာလေးတွေလည်း မတူညီကြဘူးပေါ့။ အွန်လိုင်းကနေလည်း ပို့ပေးပါဆိုပြီး အမှာစာလေးတွေလည်း ရပါတယ်။Tree Food ၏ အရသာ ၄ မျိုး

            ထန်းလျက်ကို အရသာလေးတွေ ထပ်ထည့်ရတဲ့ ရည်ရွယ်ချက်ကတော့ ထန်းလျက်ကို  အတုံးကြီးကနေ အတုံးသေးလေးဖြစ်သွားရုံနဲ့ လူတွေရဲ့အာရုံကို မဖမ်းစားနိုင်ဘူး။ ဒါကြောင့် ထန်းလျက်ထဲမှာ အခြားအရာတွေထည့်လိုက်တာပါ။ တကယ်တော့ အစားအသောက်တွေကို အစားအသောက်တစ်ခုထက် ပိုတဲ့တန်ဖိုးကို ပေးချင်တာပါ။ တခြားသော Fancy ဖြစ်တဲ့ ခံစားမှုကို ရစေချင်တာ။ အဲဒီလိုမျိုး တန်ဖိုးလေးကို ပေးချင်တာကြောင့် အရသာလေးတွေ ထည့်ဖြစ်သွားတာပါ။ Tree Food ကို သံပရာ၊ ချင်း၊ ဆီး၊ မဆလာဆိုပြီး အရသာ ၄ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ အရသာတွေကို ထုတ်လုပ်တဲ့နေရာမှာလည်း သေချာစဉ်းစားပြီးတော့ ထုတ်လုပ်ထားပါတယ်။ သံပရာနဲ့ဆိုရင် အနံ့အရသာလေးလည်း ပါတယ်ဆိုတော့ အဓိကက ကားမူးတဲ့သူတွေ စားနိုင်အောင်လို့ပါ။ အခုနောက်ပိုင်း စားသုံးသူတွေလည်း ကြိုက်ကြတယ်။ အမူးအမော် ပြေတယ်ပေါ့။ နောက်တစ်ခုက ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကျတော့ ကလေးတွေကြိုက်ကြတယ်။ နို့အနံ့သင်းသင်းလေးနဲ့ပါ။ ဆီး၊ မဆလာနဲ့ကျတော့ ငယ်ငယ်က ပုံရိပ်တွေကို ပြန်ပြီး သတိရစေချင်တာပါ။ ဆီးထုပ်တွေ၊ ဆီးယိုတွေကို ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ အတူစားခဲ့တယ်ဆိုတဲ့ ပုံရိပ်လေးကို ရစေချင်တာပါ။ ချင်းကျတော့ အမျိုးသမီးတွေ၊ လူကြီးတွေအတွက် ကောင်းတယ်။ မိုးရာသီ၊ ဆောင်းရာသီတွေမှာ အအေးမိတာ၊ နှာစေး၊ ချောင်းဆိုးတာတွေ အရမ်းများတယ်။ အဲဒါကြောင့် ချင်းပါတဲ့ ထန်းလျက်လေးကို တစ်နေ့နည်းနည်းစားပေးတာကြောင့် သက်သာစေတယ်။ မြန်မာဆေးညွှန်းတွေထဲမှာတောင် ချင်းနဲ့ထန်းလျက်ကို ပြုတ်သောက်ရင် အဖျားသက်သာတယ်ဆိုတာတွေပေါ့။ ထန်းလျက်က ဘာကြောင့် အမျိုးသမီးတွေအတွက် ကောင်းသလဲဆိုတော့ သံဓာတ် အများဆုံးပါတယ်။ သံဓာတ်ပါတာကိုမှ ချင်းနဲ့ထပ်ပေါင်း လိုက်တော့ သွေးအားကောင်းစေတယ်။ ခန္ဓာကိုယ်ကို နွေးထွေးစေတယ်။ အဲဒါမျိုးတွေကို ရည်ရွယ်ပြီးတော့ ထုတ်လုပ်ထားတာပါ။ အစားအသောက်တစ်ခု လုပ်ရတာ အရမ်းကို ခက်ခဲပါတယ်။ ထန်းလျက်ကို ကြိုက်မိသွားတာကြောင့်လည်း ဒီအလုပ်ကို လုပ်ဖြစ်နေတာပါ။ အဲဒီအလုပ်ကိုလုပ်ရင် ကောင်းမှာပဲဆိုတဲ့ ကောင်းတဲ့စိတ်လေးတစ်ခုတည်းနဲ့ လုပ်ခဲ့တာပဲရှိတယ်။ အခက်အခဲ တော်တော်များများကို ကျော်ဖြတ်လာခဲ့ရတယ်။ တစ်ခါတလေ အချိန်ကို ပေးဆပ်လိုက်ရသလို တစ်ခါတလေ ငွေကြေးပေးဆပ်လိုက်ရတယ်။ အခက်အခဲတွေကတော့ ဥပမာ- ပစ္စည်းတစ်ခုကို ထုတ်လုပ်တော့မယ်ဆိုရင် အစအဆုံးလိုက်ပြီး စဉ်းစားရတယ်။ အစ်မဆိုရင် တောင်သူတွေကိုလည်း ပညာပေးရတယ်။ သန့်ရှင်းမှုဆိုတာက ဘယ်လိုလဲဆိုတာတွေပေါ့။ ပြီးတော့ တောင်သူတွေရဲ့  စိတ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲလာအောင်၊ ကိုယ်နဲ့ စီးပွားရေးလုပ်တဲ့အခါ အဆင်ပြေလာအောင် စတာတွေပေါ့။

Tree Food ၏ တွေ့ ကြုံခဲ့ရသည့် အခက်အခဲများ

            ကုန်ပစ္စည်းပိုင်းမှာကျတော့ ပစ္စည်းထွက်လာရင် ဘာနဲ့ ထည့်မှာလဲ။ ဘယ်လိုမျိုးနဲ့ ထုတ်မှာလဲ။ ဘာဒီဇိုင်းနဲ့ထုတ်မှာလဲ။ လူတွေမြင်သာအောင် ဘယ်လိုလုပ်မှာလဲ။ ပုလင်းပြဿနာ စတဲ့အကြောင်းအရာတွေ အများကြီးကြုံခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း Made in Myanmar မှ Made in Myanmar ကိုပဲ လိုချင်တာ။ ပုလင်းတောင် ထိုင်းကထုတ်ထားတာဆိုရင် မလိုချင်ဘူး။ မသုံးချင်ဘူး။ ပလတ်စတစ်ဆိုလည်း မသုံးချင်ဘူး။ အဲဒီလိုဆိုတော့ မြန်မာဖြစ် ပုလင်းတွေကို လိုက်ရှာတယ်။ ကိုယ်လိုချင်တာတွေကို လိုက်ရှာတယ်။ အမျိုးမျိုးပါပဲ။ ဒါပေမဲ့ အဆင်မပြေဘူး။ အဲဒီတော့ နောက်ဆုံး ထိုင်းနိုင်ငံထုတ်ကို သုံးလိုက်ရပါတယ်။ ကိုယ်လုပ်ချင်တာကျတော့ All Made in Myanmar ပဲ ဖြစ်ချင်တာလေ။ ဈေးကွက်ထဲ ဝင်ဖို့ကျတော့လည်း Marketing ကို ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုရောင်းရမလဲဆိုတာ မသိတာတွေ၊ ဝန်ထမ်းတွေကို ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာ မသိတာတွေ၊ ထန်းလျက်ဆိုရင်လည်း တင်ပို့ပေးတဲ့သူကို ကောင်းကောင်း မရတာတွေ၊ အရည်အသွေးမကောင်းတာတွေ ရလိုက်တာကြောင့်၊ ကိုယ်ကလည်း မသုံးချင်တာကြောင့် လွှင့်ပစ်လိုက်ရတယ်။ အဲဒါကြောင့် ငွေကြေးဆုံးရှုံးမှုတွေလည်း ရှိတာပေါ့။ အခုထန်းလျက်တင်ပို့ပေးတဲ့သူတွေက အစ်မကောင်းနိုင်တာထက်ကို ပိုပြီးကောင်းပါတယ်။ အဲဒါကြောင့် အလုပ်လုပ်ရတာ အဆင်ပြေတယ်။ ပျော်လည်း ပျော်လာတယ်’လို့ မချိုလဲ့အောင်က ပြောပါတယ်။


စားသုံးသူများဘက်မှ Tree Food အပေါ် အမြင်

            စားသုံးသူများဘက်မှ Tree Food  အပေါ်အမြင်ကိုလည်း ‘စားသုံးသူတွေဘက်က ဝေဖန်တာတွေ နည်းပါတယ်။ ဈေးလေးနည်းနည်းများတယ်ပေါ့။ အစားအသောက်တစ်ခုက သန့်ရှင်းမှုတွေ အလွန် လိုအပ်တယ်။ သူ့ရဲ့ပါဝင်ပစ္စည်းတွေကလည်း အရေးကြီးတယ်။ အစ်မတို့က ကုန်ကြမ်းပစ္စည်းတွေက အစ သေချာလေးလုပ်ထားတယ်။ ကုန်ပစ္စည်းရဲ့ အရည်အသွေးကိုလည်း သေချာလေး ထိန်းထားတယ်။ ပြီးတော့ ထန်းလျက်ဆိုတာကလည်း တစ်နှစ်ပတ်လုံး ထွက်တာမဟုတ်ဘူး။ နှစ်တစ်ဝက်လောက်ပဲ ထွက်တာဆိုတော့ အဲဒါကိုသိုလှောင်စရိတ်တွေရှိတယ်။ သိုလှောင်ထားတာတွေကလည်း စနစ်တကျထားပါမှ နောက်နှစ်ပြန်သုံးတဲ့အခါ သူ့ရဲ့အရည်အသွေးတွေ၊ သန့်ရှင်းမှုတွေက အရင်အတိုင်းပဲ ကျန်ရစ်တာ။ အဲဒါတွေကြောင့် ကုန်ကျစရိတ်တွေရှိတယ်။ ကျွန်မကလည်း သေချာလေး လုပ်ထားပါတယ်။ တကယ့်ကို စေတနာရှိရှိလေး လုပ်ထားပါတယ်။ ကျွန်မတို့မှာ ပိုးသတ်ခန်းတွေကအစ ထားထားပါတယ်။ အစားအသောက်နဲ့ ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုလက်မှတ် (FDA Certificate) ကိုတော့ လျှောက်ထားဆဲပါပဲ။ Tree Food အတွက် ကုန်ကြမ်းပစ္စည်းတွေကိုတော့ အညာဘက်က ရွာတွေကနေ ယူထားပါတယ်’ လို့ မချိုလဲ့အောင်က ပြောပါတယ်။

           Tree Food နဲ့ပတ်သက်ပြီးတော့ ဒေါ်ကြူကြူခိုင်ကလည်း  ‘Tree Food ကနေ ထန်းလျက်ကို ပုံစံတစ်မျိုးဖြစ်အောင် လုပ်ထားတာ အိုင်ဒီယာ အရမ်းကောင်းပါတယ်။ ကိုယ်တွေကျတော့ နေ့တိုင်းမြင်နေ၊ တွေ့နေရတော့ ပိုက်ဆံ အများကြီးပေးပြီး ဝယ်ရကောင်းမှန်း မသိဘူးလေ။ တန်းဝင်တဲ့အစားအသောက် တစ်ခုလို့လည်း  မသတ်မှတ်တာပါ။ အဲဒီလို အကြံဉာဏ်တွေ မထွက်တာလည်း ပါပါတယ်။ Tree Food က မြန်မာ့အစားအစာကို နိုင်ငံတကာက သိအောင် လုပ်နိုင်တာကြောင့် ချီးကျူးမိပါတယ်’ လို့ ချီးမွမ်းစကား ပြောဆိုပါတယ်။

အစားအသောက်နှင့် ယဉ်ကျေးမှုအစားအသောက်နှင့် ယဉ်ကျေးမှု

          အစားအသောက်တစ်ခုက နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းတွေကို ထင်ဟပ်စေနိုင်တဲ့အတွက် နိုင်ငံတစ်နိုင်ငံကို ဖော်ပြတဲ့နေရာမှာ အရေးပါတဲ့နေရာကနေ ပါဝင်နေပါတယ်။ မချိုလဲ့အောင်ကတော့ အစားအသောက် တစ်ခုအပေါ်မှာ သူ့ရဲ့အမြင်ကို ‘အစားအသောက်က လူတိုင်းကို ပေါင်းကူးပေးတဲ့အရာပါ။ Everybody Love Food လေ။ လူတိုင်းက အစားအသောက်ဆိုရင် ကြိုက်နှစ်သက်ကြပါတယ်။ အစားအသောက်စားရမယ်ဆိုရင်လည်း ပျော်နေတတ်ကြပါတယ်။ မြန်မာနိုင်ငံ မှာဆိုရင်လည်း အစားအသောက်က ယဉ်ကျေးမှုတစ်မျိုးပဲလေ။ အစားအသောက် တစ်မျိုးအကြောင်း ပြောလိုက်တာနဲ့ မြန်မာနိုင်ငံက လူတွေက ဒီလိုမျိုးနေထိုင် စားသောက်ကြပါလားလို့ သိသွားကြပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုက ဒီလိုပါလားဆိုပြီးတော့လည်း ခန့်မှန်းလို့ရတယ်ပေါ့။ မြန်မာနိုင်ငံကလူတွေ အချင်းချင်းတောင် တစ်နေရာနဲ့ တစ်နေရာ နေထိုင်စားသောက်ပုံချင်းကလည်း မတူကြဘူးလေ။

            ထန်းလျက်အကြောင်းလေး သိသွားရင် အဲဒီဒေသက လူတွေက နေ့စဉ် ဒီလိုနေထိုင်စားသောက်နေရပါလား ဆိုတာလေးတွေ သိစရာတွေ၊ စိတ်ဝင်စားစရာတွေ အများကြီးရှိတယ်။ ထန်းလျက်ကို အညာဘက်မှာ ရေနွေးကြမ်းနဲ့ ဒီအတိုင်းစားပေမယ့် တောင်ပေါ်ဒေသမှာ ပုံစံတစ်မျိုးနဲ့ စားမှာပေါ့။ ပြီးတော့ နိုင်ငံတကာရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်တဲ့နေရာမှာ အစားအသောက်ဆိုတာကလည်း အရမ်းကိုအရေးပါပါတယ်။ တချို့နိုင်ငံက အစားအသောက်တွေဆိုရင် တော်တော်လေးကို နာမည်ကြီးနေပြီ။ ကိုရီးယားတို့မှာဆိုရင် နိုင်ငံကို ဖော်ဆောင်ရာမှာ အစားအသောက်နဲ့ သွားတယ်။ ရုပ်သံလိုင်းတွေကနေ တစ်ဆင့် သွားတယ်။ အဲဒီအစားအသောက်တစ်ခုကို လူတွေခုံမင်လာပြီ၊ စိတ်ဝင်စားလာပြီဆိုရင် သူတို့တစ်တွေမှာ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ အများကြီးရလာတယ်။ အစားအသောက်တွေ ပိုရောင်းရတာကြောင့် ဝင်ငွေတွေလည်း ပိုရလာမယ်။ အဲဒီအစားအသောက်ကြောင့် နှစ်နိုင်ငံချစ်ကြည်ရေးတွေ ပိုတိုးလာမယ် စတဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပဲ’လို့ သုံးသပ်ထားပါတယ်။


Hsu Myat Oo

Comments